မနှစ်က CES 2019 ပွဲမှာ Lenovo က စာအုပ်တအုပ်လို ခေါက်နိုင် ပိတ်နိုင်တဲ့ OLED Laptop တလုံးကို “ကမ္ဘာ့ပထမဆုံး ခေါက်ချိုး PC” အဖြစ် ဂုဏ်ယူစွာ ထုတ်ဖော် ပြသခဲ့ပါတယ်။
အဲဒီအချိန်က စမ်းသပ်ဆဲ ရှေ့ပြေးမော်ဒယ်အဆင့်မှာပဲ ရှိခဲ့ပေမယ့် ယခုနှစ် CES ပွဲမှာတော့ အဆိုပါ ဒီဇိုင်းကို ဈေးကွက်ဝင်ထုတ်လုပ်သွားတော့မှာဖြစ်ကြောင်း Lenovo က ကြေညာလိုက်ပါတယ်။ ThinkPad X1 Fold အမည်နဲ့ ယခုနှစ်အတွင်း ရောင်းချသွားမှာပါ။
ThinkPad X1 Fold ဟာ မနှစ်က မြင်တွေ့ခဲ့တဲ့ ရှေ့ပြေးမော်ဒယ်နဲ့ အတွင်း အစိတ်အပိုင်းတွေမှာ ကွာခြားမှု သိပ်မရှိပါဘူး။ ယခု အပြီးသတ်မော်ဒယ်မှာ မျက်နှာပြင်ဘောင်အတွင်း Windows Hello စနစ် အသုံးပြုနိုင်တဲ့ ကင်မရာတလုံး ပေါင်းထည့်ပေးထားတာ တွေ့ရပါတယ်။
မူလမော်ဒယ်အတိုင်း ကိုယ်ထည်အပြင်ကို သားရေ အုပ်ပေးထားပါတယ်။ အလားတူ မျက်နှာပြင်ကလည်း ၁၃ ဒဿမ ၃ လက်မ 4:3 OLED မျက်နှာပြင်ပါပဲ။ 9.7-inch iPad အတိုင်း 2048 x 1536 pixels ပါဝင်ပါတယ်။
ThinkPad X1 Fold မှာ အသုံးပြုထားတဲ့ ခေါက်ချိုးမျက်နှာပြင်ကို LG Display က ထုတ်လုပ်ပေးထားတာပါ။ Lenovo ရဲ့ အဆိုအရ ကုမ္ပဏီနှစ်ခု ၄ နှစ်ကျော်ကြာ ပူးပေါင်းထုတ်လုပ်ထားတဲ့ မျက်နှာပြင် ဖြစ်တယ်လို့ သိရပါတယ်။ ကုမ္ပဏီအနေနဲ့ ယခု ခေါက်ချိုး Laptop ရဲ့ အကြမ်းခံနိုင်စွမ်းကို အပြည့်အဝ ယုံကြည်မှု ရှိကြောင်းလည်း ပြောကြားထားပါတယ်။
ThinkPad X1 Fold ကို Windows 10 Pro နဲ့ အသုံးပြုရမှာပါ။ ခေါက်ချိုးမျက်နှာပြင်မှာ Windows OS အဆင်ပြေစွာ အသုံးပြုနိုင်ဖို့အတွက်လည်း Lenovo ကိုယ်တိုင် ပြင်ဆင်ပေးထားတယ်လို့ ဆိုပါတယ်။ ခေါက်ချိုးမျက်နှာပြင်တွေအတွက် အထူးရေးဆွဲထားတဲ့ Windows 10X ဗားရှင်းကို Microsoft က တရားဝင် မထုတ်ပေးရသေးတာကြောင့် ဖြစ်ပါတယ်။ Windows 10X ရတာနဲ့ ယခု Laptop အတွက် ဗားရှင်းတခု ထပ်ထုတ်ပေးမှာဖြစ်ကြောင်း ကတိပေးထားပါတယ်။
ThinkPad X1 Fold Laptop ကို စာအုပ်တအုပ်လို အလယ်ကနေ ဒေါင်လိုက် ချိုးချနိုင်ပြီး၊ Portrait Mode အနေနဲ့ သုံးမယ်ဆိုရင် အောက်မျက်နှာပြင်က စခရင် ကီးဘုတ်ဖြစ်သွားမှာပါ။ သာမန် Laptop တလုံးအတိုင်း ချောချောမွေ့မွေ့ စာရိုက်နိုင်တယ်လို့ Lenovo က ဆိုပါတယ်။ ပုံဆွဲဖို့ Stylus လည်း အသုံးပြုနိုင်ပါသေးတယ်။
ဒါတင်မက Laptop ဝယ်ရင် Bluetooth ချိတ်သုံးရမယ့် ကီးဘုတ်တခုလည်း တပါတည်း ပါလာမယ်လို့ သိရပါတယ်။ Trackpad ပါပြီးသား ကီးဘုတ်ကို အောက်ဘက် မျက်နှာပြင်မှာ သံလိုက်နဲ့ ကပ်သုံးရမှာပါ။ Laptop ခေါက်သိမ်းထားချိန် မျက်နှာပြင် နှစ်ခုကြား ကွာဟနေတဲ့ နေရာလွတ်ကိုလည်း ကီးဘုတ်က ဖြည့်ပေးထားနိုင်ပါတယ်။
Lenovo အနေနဲ့ ThinkPad X1 Fold မှာ အသုံးပြုထားတဲ့ အချက်အလက်တွေကို အတိအကျ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပါဘူး။ “ဟိုက်ဘရစ်နည်းပညာ” သုံး အထူးထုတ် Intel Chipset သုံးထားပြီး၊ ဘက်ထရီသက်တမ်း ၁၁ နာရီအထိ ခံမယ်လို့ပဲ အရိပ်အမြွက် ပြောခဲ့ပါတယ်။ အလေးချိန် ၂ ဒဿမ၂ ပေါင်သာ ရှိတာကြောင့် Apple MacBook Air ထက် ပိုမိုပေါ့ပါးပါတယ်။
ဦးဦးဖျားဖျား “ကမ္ဘာ့ပထမဆုံး ခေါက်ချိုးကွန်ပျူတာ” ဖြစ်တာကြောင့် ThinkPad X1 Fold ရဲ့ ဈေးကတော့ မနည်းပါဘူး။ အနိမ့်ဆုံး ၂,၄၉၉ ဒေါ်လာဈေးနဲ့ ၂၀၂၀ အလယ်လောက်မှာ စတင် ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ ဒီ Laptop ဟာ ခေါက်ချိုး PC တွေအပေါ် ကမ္ဘာ့ဈေးကွက်ရဲ့ တုံ့ပြန်မှုကို စမ်းသပ်မယ့် ရှေ့ပြေးမော်ဒယ်ဆိုလည်း မမှားပါဘူး။
Ref: The Verge, Wired
You may also like these stories:
တန်ဖိုးနည်းဖုန်းစျေးကွက်ကို ယှဉ်ပြိုင်ထိုးဖောက်မယ့် Lenovo K10 Plus ကို မိတ်ဆက်
အဆင့်မြှင့်တင်မှုများစွာ ပါဝင်လာတဲ့ Xiaomi Mi A3 ဖုန်းကို မိတ်ဆက်
Snapdragon 730 နဲ့ Lenovo Z6 စမတ်ဖုန်းကို တရုတ်နိုင်ငံမှာ မိတ်ဆက်