တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်ပြည်နယ်မှာ လူသားဝန်ထမ်း ခန့်အပ်ထားခြင်း မရှိတဲ့ စက်ရုပ် စားသောက်ဆိုင် တဆိုင်ကို ယခုတပတ် စတင် ဖွင့်လှစ်လိုက်ပါတယ်။ တခြား အမည်ခံ “စက်ရုပ်စားသောက်ဆိုင်” တွေလို မဟုတ်ဘဲ အချက်အပြုတ်နဲ့ စားပွဲထိုးတာဝန်တွေကအစ စက်ရုပ်တွေနဲ့ပဲ အပြည့်အဝ လည်ပတ်သွားမှာပါ။ တရုတ်နိုင်ငံရဲ့ ပထမဆုံး အလိုအလျောက်စနစ် အပြည့်သုံး စက်ရုပ်စားသောက်ဆိုင်လည်း ဖြစ်ပါတယ်။
တရုတ်ထိပ်သီး အိမ်ခြံမြေလုပ်ငန်း Country Garden က ဖွင့်လှစ်လိုက်တဲ့ “Foodom” စားသောက်ဆိုင်ကို ဝင်တာနဲ့ အရင်ဆုံး စားပွဲထိုးစက်ရုပ်တွေရဲ့ နှုတ်ခွန်းဆက်သမှုကို ကြားရမှာပါ။ စားပွဲထိုးစက်ရုပ်တွေဟာ AI (ဉာဏ်ရည်တုနည်းပညာ) ကို အသုံးပြုပြီး စားပွဲနေရာပြပေးတာကနေ အထူးဟင်းလျာတွေကို အကြံပေးတာအထိ လုပ်ဆောင်နိုင်ပါတယ်။
အလားတူ ဆိုင်တွင်း အချက်အပြုတ်၊ အစားအသောက်ပို့ဆောင်မှုနဲ့ ပါဆယ်ထုပ် ကိစ္စအဝဝကိုလည်း စက်ရုပ်တွေကပဲ တာဝန်ယူ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ကွန်ပျူတာပရိုဂရမ်တခုနဲ့ ထိပ်သီးစားဖိုးမှူး ၁၀ ဦးထံကနေ မီးအချိန်အဆ၊ ဟင်းခတ်ပစ္စည်း အသုံးပြုမှုစတဲ့ အသေးစိတ် အချက်အပြုတ်ပညာတွေလည်း သင်ကြားပေးထားတယ်လို့ သိရပါတယ်။
Foodom စက်ရုပ်စားသောက်ဆိုင်ကို စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၉ သန်း အကုန်အကျခံ ဖွင့်လှစ်ထားပြီး၊ မီးဖိုခန်းထဲမှာတင် ပြင်ဆင်ချက်ပြုတ်ဖို့အတွက် စက်ရုပ်ပေါင်း ၃၂ ရုပ် တပ်ဆင်ထားပါတယ်။ စက်ရုပ်လက်ရာ ဟင်းလျာတွေကို မြည်းစမ်းကြည့်ပြီးနောက်မှာ နာမည်ကြီးတရုတ်စားဖိုမှူး လင်ချွမ်ကိုယ်တိုင်က ကောင်းမွန်ကြောင်း မှတ်ချက်ပေးခဲ့တယ်လို့ သိရပါတယ်။
Country Garden ကုမ္ပဏီအနေနဲ့ ၂ နှစ်အတွင်းမှာ ယခုလို စက်ရုပ်စားသောက်ဆိုင်ပေါင်း ၁,၀၀၀ ခန့်အထိ တရုတ်နိုင်ငံတွင်း ထပ်မံဖွင့်လှစ်သွားဖို့ စီစဉ်ထားကြောင်းလည်း သိရှိရပါတယ်။
Ref: Gizmochina
You may also like these stories:
ကမ္ဘာ့အမြန်ဆုံး မောင်းသူမဲ့ ကျည်ဆံရထားကို စတင်ပြေးဆွဲလိုက်ပြီဖြစ်တဲ့ တရုတ်နိုင်ငံ
Huawei ရဲ့ ပထမဆုံး ရောင်းသူမဲ့စတိုး စတင် ဖွင့်လှစ်
လေဖြတ်ဝေဒနာ ခံစားရသူတွေ ထိန်းချုပ်တဲ့ စက်ရုပ် စားပွဲထိုးတွေနဲ့ တိုကျိုက ကော်ဖီဆိုင်