နိုင်ငံတကာဈေးကွက်မှာ လူကြိုက်များတဲ့ OPPO F စီးရီး ဖုန်းမော်ဒယ်အသစ် “OPPO F15” ကို အိန္ဒိယနိုင်ငံမှာ ဇန်နဝါရီ ၁၆ ရက်နေ့က မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။
လူငယ်တွေကို အဓိက ပစ်မှတ်ထား ထုတ်လုပ်ထားတဲ့ မော်ဒယ်မြင့် ဖုန်းတလုံးဖြစ်ပြီး၊ ရှည်လျားကြီးမားတဲ့ AMOLED မျက်နှာပြင်၊ ကျောကင်မရာ ၄ လုံးစသဖြင့် ငယ်ရွယ်သူတွေအကြိုက် စွမ်းဆောင်ရည်များစွာ ပါဝင်ပါတယ်။ တန်ဖိုး ၂၈၂ ဒေါ်လာနဲ့ ဇန်နဝါရီလ ၂၄ ရက်မှာ အိန္ဒိယနိုင်ငံတွင်း စတင်ရောင်းချပေးသွားမှာပါ။
OPPO F15 ဟာ အပြင်ပန်း အသွင်အပြင်ကော အတွင်းပိုင်း အချက်အလက်တွေပါ OPPO A91 နဲ့ တူညီပါတယ်။ ပြီးခဲ့တဲ့လက တရုတ်နိုင်ငံမှာ မိတ်ဆက်ခဲ့တဲ့ OPPO A91 ကိုပဲ နိုင်ငံတကာ ဈေးကွက်အတွက် OPPO F15 အမည်နဲ့ ပြောင်းလဲ ထုတ်လုပ်ထားတာပါ။ ကြီးမားတဲ့ ၆ ဒဿမ ၄ လက်မအရွယ် Full HD+ AMOLED မျက်နှာပြင်ကို 20/9 အချိုးအစားနဲ့ ထည့်သွင်းထားတာကြောင့် ဖုန်းကိုယ်ထည်က သာမန်ထက် အနည်းငယ် ရှည်လျားပါတယ်။
ဖုန်းမျက်နှာပြင်ကို အကြမ်းခံ Gorilla Glass 5 မှန်သား အုပ်ပေးထားပြီး၊ မျက်နှာပြင်အပေါ်က ရေစက်ပုံစံ Notch အတွင်းမှာ 16MP ကင်မရာတလုံး ထည့်သွင်းပေးထားပါတယ်။ ဖုန်းရဲ့ ကျောဘက်မှာတော့ ကင်မရာ ၄ လုံးတွဲကို ဒေါင်လိုက်အနေအထားနဲ့ တွေ့မြင်ရမှာပါ။
48MP အဓိကကင်မရာ၊ ၃ စင်တီမီတာအထိ အနီးကပ်ရိုက်ကူးနိုင်တဲ့ 8MP မြင်ကွင်းကျယ်ကင်မရာ၊ 2MP အဖြူအမည်းဆန်ဆာနဲ့ 2MP Depth ဆန်ဆာတို့ ဖြစ်ပါတယ်။ OPPO Reno ဖုန်းတွေမှာ ပါတဲ့ ဗီဒီယိုတုန်ခါမှု လျော့ချ EIS Anti-shake နည်းပညာကိုလည်း F15 မှာ အသုံးပြုနိုင်မှာပါ။
OPPO F15 မှာ MediaTek ရဲ့ Helio P70 SoC အသစ်၊ အမြင့်ဆုံး 8GB RAM နဲ့ 128GB Storage တို့ ပါဝင်လာမှာပါ။ microSD ကတ်အပေါက်လည်း ပါဝင်တာကြောင့် လိုအပ်ရင် ဒေတာသိမ်းဆည်းနိုင်မှု ပမာဏကို ထပ်မံတိုးချဲ့နိုင်ဦးမှာ ဖြစ်ပါတယ်။ မျက်နှာပြင်ကြီးမားတဲ့အတွက် 4,000mAh ဘက်ထရီကြီးကြီး သုံးပေးထားပြီး၊ 20W VOOC 3.0 အားအမြန်သွင်းစနစ်လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ကုမ္ပဏီအဆိုအရ ဘက်ထရီအား ၅၀ ရာခိုင်နှုန်းကို နာရီဝက်အတွင်း သွင်းပေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အရောင်အနေနဲ့ Lightening Black နဲ့ Unicorn White ဆိုပြီး အရောင် ၂ မျိုး ရွေးချယ်နိုင်မှာပါ။ Amazon India ၊ Flipkart အွန်လိုင်းစတိုးတွေနဲ့ အပြင် ဖုန်းအရောင်းဆိုင်တွေမှာ ဇန်နဝါရီ ၂၄ ရက်နေ့ စတင် ရောင်းချသွားမယ်လို့ သိရပါတယ်။
Ref: GSM Arena, Gizmochina
You may also like these stories:
တရုတ်နိုင်ငံရဲ့ ပထမဆုံး စက်ရုပ် စားသောက်ဆိုင် စတင်ဖွင့်လှစ်
Mate X ရောင်းအား တလလျှင် အလုံးရေ ၁ သိန်း ရှိကြောင်း Huawei ပြောကြား
လက်ဗွေရာဆန်ဆာ ပါဝင်တဲ့ Portable SSD ကို Samsung ထုတ်လုပ်