ယခုနှစ်အတွင်း ကမ္ဘာတဝန်း 5G ကွန်ရက်သစ် စတင် ပေါ်ထွက်လာတာနဲ့အတူ 5G အသုံးပြုနိုင်တဲ့ စမတ်ဖုန်းတွေလည်း စတင် ခေတ်စားလာပြီ ဖြစ်ပါတယ်။
အခုဆို ဖုန်းကုမ္ပဏီတိုင်းလိုလို 5G ဖုန်းတွေ အလျင်အမြန် ထုတ်လုပ်နိုင်ဖို့ ကြိုးစားလျက် ရှိပါတယ်။ လက်ရှိဈေးကွက်ထဲမှာလည်း 5G ဖုန်းအချို့ ဝယ်ယူရရှိနိုင်ပြီ ဆိုပေမယ့် မော်ဒယ် အားလုံးလိုလို ဈေးအမြင့်တန်းမှာပဲ ရှိနေပါသေးတယ်။ ဒါပေမယ့် မကြာခင် အချိန်အတွင်းမှာတော့ လူတိုင်း 5G ဖုန်းကိုင်နိုင်ဖို့ ရှိကြောင်း Huawei ရဲ့ အမှုဆောင်အရာရှိ တဦးက ပြောကြားလိုက်ပါတယ်။
စမတ်ဖုန်း ထုတ်လုပ်သူတွေ အနေနဲ့ 5G ဖုန်းတွေရဲ့ ထုတ်လုပ်မှု စရိတ်ကို လျှော့ချဖို့ ကြိုးပမ်းလျက်ရှိပြီး၊ အခုဆို Qualcomm နဲ့ MediaTek တို့ရဲ့ Chipsets အသစ်တွေကြောင့် တန်ဖိုးသင့် 5G ဖုန်းအချို့လည်း ဈေးကွက် ဝင်လာပြီ ဖြစ်ပါတယ်။
ဒါပေမယ့် Huawei ရဲ့ 5G ထုတ်ကုန်ဌာနမှူးဖြစ်သူ Yang Chaobin က မကြာခင်မှာ ဒီ့ထက် ပိုဈေးသက်သာပြီး၊ လူတိုင်း လက်လှမ်းမီမယ့် 5G ဖုန်းတွေကို တွေ့မြင်ရဖို့ ရှိကြောင်း ခန့်မှန်းပြောကြားလိုက်ပါတယ်။ ဒီနှစ်ကုန် ဒါမှမဟုတ် နောက်နှစ်ဆန်းလောက်မှာတင် ဒေါ်လာ ၁၅၀ ဝန်းကျင်နဲ့ တန်ဖိုးနည်း 5G ဖုန်းတွေ အလျှံပယ် ထွက်လာမယ်လို့ Yang က ခန့်မှန်းထားပါတယ်။
အခုဆို တရုတ်နိုင်ငံမှာ 5G နည်းပညာ တွင်ကျယ်နေပြီ ဖြစ်တာကြောင့် 5G ဖုန်းတွေ တန်ဖိုးကြီးမြင့်ဆဲ ဖြစ်သော်ငြား ရောင်းအားကောင်းလျက် ရှိပါတယ်။ တရုတ်ဈေးကွက်လေ့လာရေး အေဂျင်စီတခုရဲ့ အဆိုအရ ၂၀၁၉ ဒီဇင်ဘာလ တလတည်းမှာတင် ပြည်တွင်း ဈေးကွက်အတွင်း 5G စမတ်ဖုန်းပေါင်း ၅ သန်းခန့် ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ယခုနှစ်အတွင်း ဒေါ်လာ ၂၉၀ အောက် စမတ်ဖုန်းတွေရဲ့ ၂၀ ရာခိုင်နှုန်းလောက်ဟာ 5G အသုံးပြုနိုင်တဲ့ ဖုန်းတွေ ဖြစ်လာမယ်လို့လည်း အေဂျင်စီက ခန့်မှန်းထားပါတယ်။
၂၀၂၀ ခုနှစ်မှာတော့ တရုတ်နိုင်ငံရဲ့ 5G စမတ်ဖုန်း ရောင်းအားက အလုံးရေ သန်း ၁၅၀ ကျော်သွားနိုင်ကာ ကမ္ဘာ့ဖုန်းဈေးကွက်အနေနဲ့ ရောင်းအား ဝ ဒဿမ ၇ ရာခိုင်နှုန်း တိုးတက်မှု ရှိနိုင်တယ်လို့ ဈေးကွက်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Huawei နဲ့ ၎င်းရဲ့ အမှတ်တံဆိပ်ခွဲ Honor အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာတင် Mate 30 5G, Mate 20X 5G, Nova 6 5G, Honor V30 စသဖြင့် 5G ဖုန်းမော်ဒယ် အများအပြား ထုတ်လုပ်နိုင်ခဲ့ပြီး၊ ကမ္ဘာတဝန်း 5G စမတ်ဖုန်းပေါင်း အလုံးရေ ၆ ဒဿမ ၉ သန်းခန့် တင်ပို့ ရောင်းချထားပြီးဖြစ်ကြောင်း မကြာခင်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိအချိန်မှာ ဖုန်းကုမ္ပဏီ တော်တော်များများ ကိုယ်ပိုင် 5G ဖုန်းတွေ ထုတ်လုပ်ထားနိုင်ပြီ ဖြစ်ပေမယ့် အများစုက တရုတ်ဈေးကွက်ကိုပဲ ဦးတည် ရောင်းချလျက်ရှိတာ တွေ့ရပါတယ်။ တရုတ်၊ တောင်ကိုရီးယားနဲ့ အမေရိကတို့မှာပဲ အများသုံး 5G အင်တာနက် ဝန်ဆောင်မှု ရရှိသေးတာကြောင့် ဖြစ်နိုင်ပါတယ်။ ကမ္ဘာတဝန်း 5G ကွန်ရက် ပိုမိုထွန်းကားလာတာနဲ့အမျှ 5G ဖုန်းဈေးကွက်လည်း ပိုမိုကျယ်ပြန့်လာဖို့ ရှိပါတယ်။
Ref: Gizmochina
You may also like these stories:
လက်ဗွေရာဆန်ဆာ ပါဝင်တဲ့ Portable SSD ကို Samsung ထုတ်လုပ်
Realme ရဲ့ ပထမဆုံး 5G ဖုန်း “X50 5G” ထွက်ရှိ
ဈေးပိုမို သက်သာတဲ့ Samsung Galaxy S10 Lite နဲ့ Note 10 Lite စမတ်ဖုန်းများ ထွက်ရှိ