ထိုင်ဝမ်အခြေစိုက် HTC က တရုတ်ကုမ္ပဏီနှစ်ခုဖြစ်တဲ့ Meizu နဲ့ Gionee တို့ကို မူပိုင်ခွင့်ချိုးဖောက်မှုနဲ့ တရုတ်ပြည်မှာ တရားစွဲဆိုလိုက်ပါတယ်။ ပြိုင်ဘက်ကုမ္ပဏီနှစ်ခုဟာ HTC ရဲ့ အင်တာနာတိုင် ဖွဲ့စည်းတည်ဆောက်ပုံစနစ် တမူထူးခြားတဲ့ သတ္တုကိုယ်ထည်ပြည့် ဖုန်းဒီဇိုင်းတခုကို အခွင့်မရှိ ယူသုံးခဲ့ကြောင်း စွပ်စွဲတိုင်ကြားခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ အင်တာနာဒီဇိုင်းဟာ သတ္တုကိုယ်ထည် အုပ်ထားတာကြောင့် ကြုံတွေ့ရတတ်တဲ့ ဆက်သွယ်ရေးလိုင်းဖမ်းယူမှု အားနည်းချက်ကို ဖြေရှင်းပေးဖို့နဲ့ အပြင်သတ္တုကိုယ်ထည်မှာ တသားတည်း ပေါင်းစပ်နိုင်တဲ့ အင်တာနာစနစ်မျိုး ဖော်ဆောင်ဖို့အတွက် ရည်ရွယ်ဖန်တီးထားတဲ့ ဒီဇိုင်းဖြစ်တယ်လို့ သိရပါတယ်။
HTC အနေနဲ့ အဆိုပါ အင်တာနာ ဒီဇိုင်းကို ၂၀၁၃ ခုနှစ်ထုတ် One M7 စမတ်ဖုန်းမှာ စတင် အသုံးပြုခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ Gionee က ၎င်းတို့ရဲ့ M6 စမတ်ဖုန်းမှာ အလားတူ အင်တာနာပုံစံကို အခွင့်မရှိ ရယူအသုံးပြုခဲ့သလို Meizu ကလည်း M5 Note စမတ်ဖုန်းမှာ ရယူအသုံးပြုခဲ့တယ်လို့ HTC က စွပ်စွဲထားပါတယ်။ Gionee M6 နဲ့ Meizu M5 Note တို့ဟာ HTC One M7 နည်းတူ သတ္တုကိုယ်ထည်ပြည့် စမတ်ဖုန်းတွေ ဖြစ်ပါတယ်။

ယခုအမှုကို ဘေဂျင်းမူပိုင်ခွင့်တရားရုံးမှာ စစ်ဆေးကြားနာခဲ့ပြီးနောက် တရားရုံးက Meizu နဲ့ Gionee တို့ကို မူပိုင်ခွင့် ချိုးဖောက်မှု ထင်ရှားကြောင်း ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ကုမ္ပဏီ ၂ ခုအနေနဲ့ မူပိုင်ခွင့်ချိုးဖောက်မှုကို ချက်ချင်း ရပ်ဆိုင်းပြီး၊ HTC ကုမ္ပဏီထံ စီးပွားရေးအရ ဆုံးရှုံးနစ်နာမှုနဲ့ ကုန်ကျစရိတ်တွေအတွက် ထိုက်သင့်တဲ့လျော်ကြေး ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့ပါတယ်။
HTC က စီးပွားရေးဆုံးရှုံးနစ်နာမှုအဖြစ် Meizu ကုမ္ပဏီထံက လျော်ကြေး ယွမ် သန်း ၃၀ (ယူရို ၄ သန်းခန့်) နဲ့ Gionee ထံက လျော်ကြေး ယွမ် ၂၄ သန်း (ယူရို ၃ သန်းခန့်) တောင်းခံခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်ကုမ္ပဏီနှစ်ခုက HTC တောင်းခံတဲ့ လျော်ကြေးငွေ ပမာဏဟာ များလွန်းတာကြောင့် ဘေဂျင်းတရားရုံးမှာ အယူခံဝင်ခဲ့ပါတယ်။
ဘေဂျင်းတရားရုံးဘက်ကလည်း HTC ပေးအပ်တဲ့ အချက်အလက်အချို့ဟာ လိုတာထက် ပိုမိုချဲ့ထွင်ထားကြောင်း ဆုံးဖြတ်ချက်ချကာ၊ ဥပဒေအရ အမြင့်ဆုံးလျော်ကြေးအဖြစ် Meizu က ယွမ် ၃ သန်းနဲ့ Gionee က ယွမ် ၂ ဒဿမ ၆ သန်း ပေးဆောင်စေရန် အမိန့်ချမှတ်လိုက်ပါတယ်။
HTC အနေနဲ့ ရှေ့နေစရိတ် အပါအဝင် ကုမ္ပဏီနှစ်ခုထံက စုစုပေါင်း လျော်ကြေး ယွမ် ၆ ဒဿမ ၅ သန်းခန့် ရရှိသွားမှာ ဖြစ်ပါတယ်။
Ref: Gizmochina, Gizchina