ထိုင်ဝမ်အခြေစိုက် အီလက်ထရောနစ်ပစ္စည်း ကန်ထရိုက်တာ Pegatron က အင်ဒိုနီးရှားနဲ့ ဗီယက်နမ်မှာ ယခုနှစ်ကုန်အတွင်း စက်ရုံအသစ်တွေ တည်ဆောက်ဖွင့်လှစ်သွားဖို့ စီစဉ်လျက် ရှိပါတယ်။
Apple ရဲ့ အဓိက မိတ်ဖက် ကုမ္ပဏီတခုဖြစ်တဲ့ Pegatron အနေနဲ့ တရုတ်နိုင်ငံမှာ ကုန်ကျစရိတ် ကြီးမြင့်လာတာကြောင့် ထုတ်လုပ်ရေးလုပ်ငန်းတွေကို အရှေ့တောင်အာရှဘက် ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ အခုဆို Pegatron နည်းတူ Apple အတွက် iPhones တွေ ထုတ်လုပ်တပ်ဆင်ပေးနေတဲ့ Wistron Corp နဲ့ Hon Hai Precision Industry (Foxconn) တို့လည်း ဗီယက်နမ်မှာ ထုတ်လုပ်ရေး ချဲ့ထွင်ဖြန့်ကျက်ဖို့ ကြိုးစားနေကြပါတယ်။
Pegatron ဟာ ကုမ္ပဏီများစွာအတွက် အီလက်ထရောနစ် ပစ္စည်းမျိုးစုံကို တာဝန်ယူ ထုတ်လုပ်ပေးလျက် ရှိတဲ့ ကုမ္ပဏီတခု ဖြစ်ပြီး၊ Foxconn ပြီးနောက် ကမ္ဘာ့ဒုတိယအကြီးဆုံး အီလက်ထရောနစ် ကန်ထရိုက်တာလည်း ဖြစ်ပါတယ်။ Apple အတွက် iPhones တမျိုးတည်း တပ်ဆင် ထုတ်လုပ်ပေးလျက် ရှိပါတယ်။
Pegatron အနေနဲ့ အခု တရုတ်နိုင်ငံမှာ အလုပ်သမားစရိတ် မြင့်တက်လာတာကြောင့် ကုန်ထုတ်စရိတ်ပါ မြင့်တက်လာတဲ့အပြင် အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲကလည်း ပြေငြိမ်းမှု မရသေးတာကြောင့် ထုတ်လုပ်ရေးလုပ်ငန်းတွေကို တရုတ်ကနေ ပြောင်းရွှေ့သွားဖို့ ဆုံးဖြတ်လိုက်တာလို့ သိရပါတယ်။ ထုတ်လုပ်ရေးဖြန့်ကျက်ဖို့ ရည်ရွယ်ချက်လည်း ပါဝင်ပါတယ်။
“တရုတ်နိုင်ငံဆိုတာ လွန်ခဲ့တဲ့ ၅ နှစ်ကျော်လောက်ကတည်းက ထုတ်လုပ်ရေးအတွက် အသင့်တော်ဆုံးနေရာ မဟုတ်တော့ပါဘူး။ အမေရိကန်သမ္မတ Donald Trump ရဲ့ ထိုးနှက်ချက်အပြီးမှာတော့ အားလုံး ဖြန့်ကျက်ထုတ်လုပ်ဖို့ ဝရုန်းသုန်းကား လုပ်ဆောင်နေကြပါတယ်”လို့ Pegatron ဥက္ကဋ္ဌ Tung Tzu-shien က အင်တာဗျူးတခုမှာ ပြောကြားခဲ့ပါတယ်။
Tang က အင်ဒိုနီးရှားနဲ့ ဗီယက်နမ်မှာ ဆောက်လုပ်မယ့် Pegatron စက်ရုံအသစ်တွေဟာ အင်တာနက်ချိတ်ဆက်ပစ္စည်း ထုတ်လုပ်မယ့် စက်ရုံတွေ ဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ အင်ဒိုနီးရှားစက်ရုံက စင်ကာပူကနေ ၂၀ ကီလိုမီတာအကွာ ဘတန်ကျွန်းမှာ တည်ရှိမှာဖြစ်ပြီး၊ ဗီယက်နမ် စက်ရုံကိုတော့ နိုင်ငံတောင်ပိုင်းမှာ တည်ဆောက်သွားမှာပါ။ ဗီယက်နမ်စက်ရုံမှာ Samsung အတွက် Stylus တွေ ထုတ်လုပ်ပေးသွားမယ်လို့ သိရပါတယ်။
Pegatron အနေနဲ့ ထိုင်ဝမ်သမ္မတ Tsai Ing-wen ရဲ့ ပြည်တွင်း ကုန်ထုတ်လုပ်မှု မြှင့်တင်ရေး မူဝါဒနဲ့အညီ ထိုင်ဝမ်မှာလည်း ထုတ်လုပ်ရေး ချဲ့ထွင်ဖို့ ရှိကြောင်းလည်း Tang က ပြောကြားခဲ့ပါတယ်။ အခုဆို စမတ်ဖုန်းကုမ္ပဏီ တော်တော်များများက အိန္ဒိယမှာ ပြောင်းထုတ်ဖို့ မျက်စိကျနေပေမယ့် Pegatron ကတော့ အိန္ဒိယကို ပြောင်းရွှေ့ဆို့ အဆင်သင့်မဖြစ်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။
အိန္ဒိယဟာ အဓိက ရွေးချယ်သင့်စရာ ဒေသတခု ဖြစ်ပေမယ့် ဖောက်သည် ကုမ္ပဏီတွေထံက သဘောတူခွင့်ပြုချက် မရသေးတာကြောင့်လို့ ဆိုပါတယ်။
Ref: Gizmochina, Bloomberg
You may also like these stories:
HTC က Meizu နဲ့ Gionee ကို မူပိုင်ခွင့်ချိုးဖောက်မှုဖြင့် တရားစွဲဆို
Realme Buds Air ကြိုးမဲ့နားကြပ်နဲ့ Realme 5i စမတ်ဖုန်းတို့ကို မြန်မာနိုင်ငံမှာ မိတ်ဆက်
ကမ္ဘာ့ကွန်ပျူတာဈေးကွက် ၈ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပြန်လည်ဦးမော့