ဒေါ်လာ ၃၀၀ တန် မော်ဒယ်မြင့် POCO F1 ဖုန်းနဲ့ တမဟုတ်ချင်း နာမည်ကြီးလာတဲ့ Xiaomi အမှတ်တံဆိပ်ခွဲ POCO က ယနေ့မှာ ဒုတိယမြောက် စမတ်ဖုန်း POCO X2 ကို စတင် မိတ်ဆက်ပေးလိုက်ပါတယ်။ ပထမ POCO F1 အတိုင်း အမြင့်စား စွမ်းဆောင်ရည်တွေ ပါဝင်ပေမယ့် ချိုသာတဲ့ ဈေးနှုန်းနဲ့ပဲ ရောင်းချပေးသွားမှာပါ။ အိန္ဒိယဈေးကွက်မှာပဲ ကနဦး ဝယ်ယူရရှိနိုင်မယ်လို့ ကြေညာထားပါတယ်။
POCO X2 ဟာ ၂၀၁၉၊ ဒီဇင်ဘာတုန်းက တရုတ်နိုင်ငံမှာ မိတ်ဆက်ခဲ့တဲ့ Redmi K30 ဖုန်းကိုပဲ နာမည်နဲ့ အမှတ်တံဆိပ် ပြောင်းထုတ်ထားတာပါ။ POCO F1 လို ထိပ်တန်း Chipset မပါဝင်ပေမယ့် Gaming အတွက် ရည်ရွယ် ထုတ်လုပ်ထားတဲ့ Snpadragon 730G Chipset ကို အသုံးပြုပေးထားပါတယ်။ အမြင့်ဆုံး 8GB RAM နဲ့ 256GB Storage အထိ ရရှိမှာပါ။
ဖုန်း ရှေ့နောက် နှစ်ဖက်စလုံးကို အကြမ်းခံ Gorilla Glass 5 မှန်သား အုပ်ပေးထားပြီး၊ အလူမီနီယမ် ဖရိန်ကိုယ်ထည်နဲ့ ဖြစ်ပါတယ်။ ဒါ့အပြင် P2i နာနိုဆေးအလွှာလည်း သုတ်ပေးထားတာကြောင့် ရေစက်ဖိတ်စင်မှုဒဏ်ကို ခံနိုင်ရည်ရှိပါတယ်။
တန်ဖိုးသင့်ဖုန်း ဖြစ်သော်ငြား POCO X2 မှာ မော်ဒယ်မြင့်ဖုန်းတချို့မှာပဲ တွေ့ရသေးတဲ့ 120Hz မျက်နှာပြင်လည်း ပါဝင်လာတာ တွေ့ရပါတယ်။ Full HD+ ရုပ်ထွက်အရည်အသွေးရှိ ၆ ဒဿမ ၆၇ လက်မအရွယ် IPS LCD မျက်နှာပြင်ကို ရှည်လျားတဲ့ 20:9 အချိုးအစားနဲ့ ထုတ်လုပ်ထားပြီး၊ မျက်နှာပြင် ညာဘက်အပေါ်ထောင့်မှာ ဆေးတောင့်ပုံစံ အပေါက်လေး ဖောက်ထားပါတယ်။
အဆိုပါအပေါက်တွင်းမှာတော့ 20MP နဲ့ 2MP ရှေ့ကင်မရာ ၂ လုံး ထည့်သွင်းပေးထားပါတယ်။ စုစုပေါင်း ကျောကင်မရာ ၄ လုံးအထိ ပါဝင်ပြီး၊ 64MP အဓိကကင်မရာ၊ 8MP Ultrawide မြင်ကွင်းကျယ်ကင်မရာ၊ 2MP Macro ကင်မရာနဲ့ 2MP Depth ဆန်ဆာ တို့ ဖြစ်ပါတယ်။ ဓာတ်ပုံတွေကို RAW Format နဲ့ ထုတ်ပေးနိုင်သလို၊ အနှေးပြကွက် Slow-motion ဗီဒီယိုတွေကို 960FPS အထိ ရိုက်ကူးနိုင်မယ်လို့ သိရပါတယ်။ လက်ဗွေရာဆန်ဆာကို ဘေးဘက် ပါဝါခလုတ်မှာပဲ ပူးတွဲ ထည့်သွင်းထားပါတယ်။
POCO X2 မှာ 4,500mAh ဘက်ထရီကို အသုံးပြုထားပြီး၊ USB-C အပေါက်ကနေ 27W အားအမြန်သွင်းစနစ် အသုံးပြုနိုင်ပါတယ်။ 3.5mm နားကြပ်ပေါက်လည်း မပျက်မကွက် ပါဝင်လာမှာပါ။ ဂိမ်းဆော့ရာမှာ အမြင့်ဆုံးစွမ်းဆောင်ရည်ကို ကြာရှည်ထိန်းပေးထားဖို့အတွက် အရည်သုံးအအေးခံစနစ်လည်း ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။ Xiaomi ဖုန်းတွေ ထုံးစံအတိုင်း အဝေးထိန်းခလုတ်အသွင် အသုံးချနိုင်ဖို့ IR Blaster လည်း ပါဝင်မှာပါ။
POCO X2 ဖုန်းကို အိန္ဒိယနိုင်ငံမှာ Flipkart.com ကနေတဆင့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ စတင် ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ 6GB RAM နဲ့ 64GB Storage ပါတဲ့ POCO X2 အနိမ့်ဆုံးမော်ဒယ်ကို ရူပီး ၁၅,၉၉၉ (၂၂၅ ဒေါ်လာ) ကျသင့်မှာဖြစ်ပြီး၊ 128GB အထိ လိုချင်ရင် နောက်ထပ် ၁၅ ဒေါ်လာ ထပ်ပေးရမှာပါ။ အမြင့်ဆုံး 8GB RAM နဲ့ 256GB မော်ဒယ် ဆိုရင်တော့ အနည်းဆုံး ၂၈၀ ဒေါ်လာလောက် ကျသင့်ပါလိမ့်မယ်။ အပြာ၊ ခရမ်းနဲ့ အနီ စတဲ့ အရောင် ၃ ရောင် ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။
Ref: Android Police, GSM Arena
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ် စမတ်ဖုန်း တင်ပို့မှု ၃၀ ရာခိုင်နှုန်း ကျဆင်းမည်
ကမ္ဘာ့ပထမဆုံး 5G တက်ဘလက်ကို Samsung မိတ်ဆက်
Apple မိတ်ဖက် Pegatron ရဲ့ ထုတ်လုပ်ရေးလုပ်ငန်းများ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်သို့ ပြောင်းရွှေ့