ကမ္ဘာ့အကြီးဆုံး မိုဘိုင်းနည်းပညာပြပွဲ Mobile World Congress (MWC) 2020 ကို စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့မှာ လာမယ့် ဖေဖော်ဝါရီလ ၂၄ ရက်ကနေ ၂၇ ရက်နေ့အတွင်း ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက် တိုးမြင့်လာချိန်မှာ ကျင်းပမှာ ဖြစ်တာကြောင့် ပွဲတက်ရောက်မယ့် ကုမ္ပဏီတွေအကြား စိုးရိမ်မှုတွေ မြင့်တက်လျက် ရှိပါတယ်။
ပွဲစီစဉ်သူ GSMA ဘက်က ဒီပွဲကို မပျက်မကွက် ကျင်းပသွားမှာ ဖြစ်ကြောင်း အတည်ပြုထားပေမယ့် ကုမ္ပဏီအချို့ကတော့ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ယခုနှစ် MWC ပွဲကနေ နုတ်ထွက်နေတယ်လို့ သိရပါတယ်။
ယမန်နေ့ကလည်း ထိပ်သီးနည်းပညာကုမ္ပဏီ ၂ ခု ဖြစ်တဲ့ ZTE နဲ့ LG တို့က လာမယ့် MWC ပွဲကနေ နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း အသီးသီး အတည်ပြု ပြောကြားလိုက်ပါတယ်။ LG က ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပွဲမတက်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။ ZTE ကတော့ ကိုရိုနာဗိုင်းရပ်စ်အပြင် ထောက်ပံ့ပို့ဆောင်ရေး အခက်အခဲအချို့ကြောင့် ယခုနှစ် MWC ပွဲကို လုံးဝ တက်ရောက်တော့မှာ မဟုတ်ကြောင်း ကြေညာခဲ့ပါတယ်။

“အများပြည်သူနဲ့ ကျနော်တို့ ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို ရှေးရှုပြီး၊ စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့မှာ ယခုလကုန် ကျင်းပမယ့် MWC 2020 ပွဲမှာ ပါဝင်ပြသခြင်းမပြုဖို့ LG က ဆုံးဖြတ်လိုက်ပါတယ်။ ကျန်းမာရေးပညာရှင်အများစု အကြံပေးထားတဲ့အတိုင်း နိုင်ငံရပ်ခြား ခရီးသွားလာမှုကြောင့် ထောင်ပေါင်းများစွာသော LG ဝန်ထမ်းတွေ ဘေးအန္တရာယ်မဖြစ်စေဖို့ ဆုံးဖြတ်ခဲ့တာပါ။ MWC ပွဲ မတက်ဖြစ်တဲ့အတွက် LG ရဲ့ မိုဘိုင်းထုတ်ကုန်အသစ်တွေကို မိတ်ဆက်ပေးဖို့ သီးခြားပွဲတွေ မကြာမီအချိန်အတွင်း ကျင်းပသွားဖို့ ရှိပါတယ်” လို့ LG ရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တဦးက ပြောပါတယ်။
ZTE ကတော့ ခရီးသွားလာရေးနဲ့ ဗီဇာ ကြန့်ကြာမှု ပြဿနာတွေကြောင့် MWC စာနယ်ဇင်းရှင်းလင်းပွဲကို ဖျက်သိမ်းလိုက်ကြောင်း ကြေညာခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေလည်း ယခုဆုံးဖြတ်ချက်မှာ အကြောင်းရင်းတခုအနေနဲ့ ပါဝင်တယ်လို့ ဆိုပါတယ်။
ထိပ်သီးတရုတ်ဖုန်းကုမ္ပဏီတခုဖြစ်တဲ့ Xiaomi ကတော့ လက်ရှိအခြေအနေကို ဂရုတစိုက် လေ့လာလျက်ရှိပြီး၊ လိုအပ်တာတွေ ပြင်ဆင်ကာ MWC ပွဲကို တက်ရောက်ဦးမှာဖြစ်တယ်လို့ ပြောထားပါတယ်။
တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွား ပျံ့နှံ့လာခဲ့တဲ့ ၂၀၁၉ နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမှာ လက်ရှိအချိန်ထိ လူပေါင်း ၄၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီ ဖြစ်ကာ၊ လူပေါင်း ၂၀,၀၀၀ ကျော် ဖျားနာလျက် ရှိပါတယ်။
တရုတ်အစိုးရအနေနဲ့လည်း ပြည်မကြီးကို ခရီး အဝင်၊ အထွက် ကန့်သတ် တားမြစ်မှု၊ ပြည်တွင်း စီးပွားရေးလုပ်ငန်းတွေကို အကန့်အသတ်နဲ့ လည်ပတ်စေမှုစတဲ့ စသဖြင့် ရောဂါပိုး ပြန့်ပွားမှု ထိန်းချုပ်ရေး အစွမ်းကုန် ကြိုးပမ်းလျက်ရှိပါတယ်။
Ref: Gizmochina, Tech Crunch
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ဆေး ထုတ်လုပ်နိုင်သူကို ယွမ် ၁ သန်းချီးမြှင့်မယ့် ဂျက်ကီချန်း
ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူပေါင်း ၄၉၀ အထိ ရှိလာ
ဂျပန်ဆိပ်ကမ်းက အပျော်စီးသင်္ဘောပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၀ ဦး ခန့်ရှိနေ