တရုတ် စမတ်ဖုန်းကုမ္ပဏီ Xiaomi က ယနေ့မှာ Mi 10 နဲ့ Mi 10 Pro အမည်ရ မော်ဒယ်မြင့် ဖုန်းသစ်နှစ်လုံးကို အွန်လိုင်းကနေတဆင့် တရားဝင် မိတ်ဆက်ပေးလိုက်ပါတယ်။ လှပတဲ့ဒီဇိုင်း၊ မြင့်မားတဲ့စွမ်းဆောင်ရည်တွေ ပါရှိပြီး၊ အရင် Mi စီးရီးဖုန်းတွေနဲ့မတူ တန်ဖိုးကြီး ဖုန်းဈေးကွက်ကို ဦးတည်ထားပါတယ်။
Xiaomi Mi 10 နဲ့ Mi 10 Pro ဟာ မျက်နှာပြင် အပေါက်ဖောက် ဒီဇိုင်းသုံး ပထမဆုံး Mi အမှတ်တံဆိပ်ဖုန်းတွေ ဖြစ်ပါတယ်။ အထူးထုတ် AMOLED မျက်နှာပြင်က ဘေးဘက်ကို သိသိသာသာ ကွေးညွတ်နေပြီး၊ မျက်နှာပြင်ရဲ့ ဘယ်ဘက်အပေါ်ထောင့်မှာ သေးငယ်တဲ့ ကင်မရာအပေါက်လေးတခုကို တွေ့မြင်ရမှာပါ။
ယခု ဖုန်းမော်ဒယ်သစ်တွေမှာ အောက်ခြေဘောင်ကို ၃ ဒဿမ ၃၂ မီလီမီတာ အရွယ်အစားပဲ ရှိအောင် လျော့ချထားတာကြောင့် ရှေ့မျက်နှာပြင်က ဖုန်းကိုယ်ထည်အပြည့် နေရာယူထားမှာ ဖြစ်ပါတယ်။ ကြီးမားတဲ့ ၆ ဒဿမ ၆၇ လက်မအရွယ် Curved AMOLED မျက်နှာပြင်က Refresh Rate 90Hz အထိ ဖော်ပြနိုင်သလို အလင်းတောက်ပမှု အမြင့်ဆုံး 1200nit အထိ ဖော်ပြနိုင်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။
Xiaomi Mi 10 နဲ့ Mi 10 Pro ဟာ ကျောကင်မရာ ၄ လုံးတွဲ ပါဝင်တာချင်း တူညီသော်ငြား အသုံးပြုထားတဲ့ ကင်မရာတွေမှာတော့ ကွာခြားမှုရှိပါတယ်။
Mi 10 Pro မှာ 8P Lens နဲ့ 108MP အဓိကကင်မရာ၊ 12MP Portrait Lens တလုံး၊ 10x အထိ Hybrid Zoom ဆွဲနိုင်တဲ့ Telephoto ကင်မရာတလုံး နဲ့ 20MP မြင်ကွင်းကျယ်ကင်မရာတလုံး တို့ကို တွဲဖက်အသုံးပြုထားပြီး၊ ရိုးရိုး Mi 10 မှာတော့ 7P Lens နဲ့ 108MP အဓိကကင်မရာတလုံး၊ 2MP Depth Sensor တလုံး၊ 2MP Macro Lens တလုံး နဲ့ 13MP မြင်ကွင်းကျယ် ကင်မရာတလုံးတို့ကို အသုံးပြုထားပါတယ်။
မော်ဒယ်နှစ်မျိုးစလုံးမှာ Snapdragon 865 Chipset အသစ်ကို အသုံးပြုထားပြီး၊ အနိမ့်ဆုံး 8GB RAM နဲ့ 128GB Storage တို့ ပါဝင်မှာ ဖြစ်ပါတယ်။ နောက်ဆုံးပေါ် LPDDR5 RAM နဲ့ UFS 3.0 Storage တွေ ဖြစ်တာကြောင့် မြန်ဆန်တဲ့ စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်မယ်လို့ ကုမ္ပဏီက ပြောကြားပါတယ်။
30W ကြိုးမဲ့၊ ကြိုးတပ် အားအမြန်သွင်းစနစ်တွေ ပါဝင်တဲ့အပြင် တခြားဖုန်းတလုံးကိုလည်း ကြိုးမဲ့စနစ်နဲ့ ပြန်လည် အားသွင်းပေးနိုင်မှာ ဖြစ်ပါတယ်။ 5G (SA/NSA) အသုံးပြုနိုင်ပြီး၊ Wi-Fi 6၊ Bluetooth 5.0၊ USB Type-C စတဲ့ နောက်ဆုံးပေါ် ချိတ်ဆက်မှုစနစ်တွေလည်း အစုံအလင် ပါဝင်တယ်လို့ သိရပါတယ်။
8GB RAM နဲ့ 128GB Stoarge ပါဝင်တဲ့ Xiaomi Mi 10 အနိမ့်ဆုံးမော်ဒယ်ကို ၃,၉၉၉ ယွမ် (၅၇၅ ဒေါ်လာခန့်)၊ 8GB+128GB ပါဝင်တဲ့ Mi 10 Pro အနိမ့်ဆုံးမော်ဒယ်ကိုတော့ ၄,၉၉၉ ယွမ် (၇၁၅ ဒေါ်လာခန့်) ဈေးနဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
စိတ်ဝင်စားသူတွေအနေနဲ့ ယွမ် ၁၀၀ ပေးသွင်းကာ ကြိုတင်မှာယူထားနိုင်ပါတယ်။ Mi 10 ကို ဖေဖော်ဝါရီ ၁၄ နဲ့ Mi 10 Pro ကို ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ စတင်ရောင်းချပေးသွားမယ်လို့ သိရပါတယ်။
Ref: XDA Developers, Gizmochina