ကိုရိုနာဗိုင်းရပ်ကြောင့် ကမ္ဘာတလွှား လူထောင်ပေါင်းများစွာ သီးခြားခွဲခံထားရပြီး၊ စီးပွားရေးလုပ်ငန်းများစွာ အထိနာလျက်ရှိပါတယ်။
အထူးသဖြင့် ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူအများဆုံးရှိရာ အာရှတိုက်တွင်းက ကုမ္ပဏီလုပ်ငန်းတွေအနေနဲ့ ရောင်းအား သိသိသာသာ ကျဆင်းမှု ကြုံတွေ့နိုင်ကြောင်း ခန့်မှန်းထားကြပါတယ်။ ဒီအချိန်မှာ Samsung က ကိုရိုနာဗိုင်းရပ်ကြောင့် ရောင်းအားကျဆင်းမှုကို အတတ်နိုင်ဆုံး လျော့ချဖို့အတွက် အိမ်အရောက် ဖုန်းအစမ်းသုံးဝန်ဆောင်မှုတခုကို စတင်ပေးအပ်လိုက်ပါတယ်။
ဖုန်းဝယ်ယူမယ့်သူအနေနဲ့ Samsung ရဲ့ ယခုဝန်ဆောင်မှုကို အသုံးပြုပြီး နောက်ဆုံးထုတ် Galaxy S20 ဖုန်းကို ဆိုင်ထိသွားစရာမလိုဘဲ အိမ်မှာတင် စမ်းသပ်အသုံးပြုနိုင်မှာပါ။
၂၄ နာရီတိတိ မိမိအိမ်မှာ စိတ်တိုင်းကျ စမ်းသပ်သုံးကြည့်ပြီးမှ ဝယ်၊ မဝယ် ဆုံးဖြတ်ပေးရမှာ ဖြစ်ပါတယ်။ သတ်မှတ်ချိန်ပြည့်သွားရင်တော့ ဝန်ထမ်းတဦးက ဖုန်းကို ပြန်လာသိမ်းယူမှာဖြစ်တယ်လို့ ကုမ္ပဏီအတွင်းလူတဦးက Reuters ကို ပြောပါတယ်။
“ကိုရိုနာဗိုင်းရပ်ပြဿနာတွေကြောင့် ဆိုင်ထိ လာပြီး ဖုန်းသေချာစမ်းသုံးခွင့် မရနိုင်တာကြောင့် ယခုဝန်ဆောင်မှုအသစ်ကို မိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။
Samsung ရဲ့ အိမ်တိုင်ရာရောက် ဖုန်းအစမ်းသုံးဝန်ဆောင်မှုကို လောလောဆယ် ကုမ္ပဏီအခြေစိုက်ရာ တောင်ကိုရီးယားနိုင်ငံတွင်းက ဒေသအချို့မှာပဲ ရရှိဦးမှာဖြစ်တယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားလာခဲ့တဲ့ ကိုရိုနာဗိုင်းရပ်ကြောင့် ကမ္ဘာ့အကြီးဆုံးဖုန်းဈေးကွက်ရှိရာ တရုတ်နိုင်ငံမှာ ပထမသုံးလပတ်အတွင်း စမတ်ဖုန်းရောင်းအား တဝက်တိတိ ကျဆင်းနိုင်ကြောင်း ဈေးကွက်ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။
Ref: Reuters, Engadget
You may also like these stories:
သေဆုံးသွားတဲ့ သမီးဖြစ်သူကို နည်းပညာ အကူအညီနဲ့ တွေ့ဆုံခဲ့တဲ့ မိခင်
ဒုတိယမြောက် ခေါက်ချိုးဖုန်း Galaxy Z Flip ကို Samsung မိတ်ဆက်
Xiaomi Mi 10 နဲ့ Mi 10 Pro စမတ်ဖုန်းအသစ်များ ထွက်ရှိ