ကိုရိုနာဗိုင်းရပ် ကူးစက်ပျံ့နှံ့မှုကြောင့် ကုမ္ပဏီရုံးခန်းနဲ့ အရောင်းဆိုင်တွေကို ပိတ်ထားရပြီး၊ နိုင်ငံအများအပြားမှာ ခရီးသွားလာမှုတွေ ကန့်သတ်ထားတာကြောင့် ကမ္ဘာ့နည်းပညာစျေးကွက်အတွင်း ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်လျက်ရှိပါတယ်။
အထူးသဖြင့် ယခုနှစ်၊ ပထမသုံးလပတ်မှာ ဖုန်းကုမ္ပဏီတိုင်း ရောင်းအား ဆိုးရွားစွာ ကျဆင်းနိုင်ကြောင်း ကျွမ်းကျင်သူတွေက သုံးသပ်ခန့်မှန်းထားကြပါတယ်။ ယနေ့လည်း တောင်ကိုရီးယားနိုင်ငံ၊ ဂူမီမြို့က Samsung ဖုန်းစက်ရုံတခုမှာ ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူ ဝန်ထမ်းတ ဦး တွေ့ရှိခဲ့တာကြောင့် စက်ရုံကို ယာယီပိတ်သိမ်းလိုက်ရကြောင်း တာဝန်ရှိသူတ ဦး က SamMobile သတင်းဌာနကို အတည်ပြုပြောကြားခဲ့ပါတယ်။
Samsung ဂူမီစက်ရုံဟာ ဆိုးလ်မြို့ကနေ မိုင် ၁၂၀ ကျော် အကွာအဝေးမှာ တည်ရှိပြီး၊ တန်ဖိုးကြီးဖုန်းမော်ဒယ်တွေကို အဓိကထုတ်လုပ်ပေးရာ စက်ရုံဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ Samsung ဖုန်းမော်ဒယ်အများအပြားကို ဗီယက်နမ်နိုင်ငံမှာ ထုတ်လုပ်လျက်ရှိပေမယ့် အချို့သော ပရီမီယမ်မော်ဒယ်တွေကိုတော့ မိခင် တောင်ကိုရီးယားနိုင်ငံမှာပဲ ထုတ်လုပ်နေဆဲ ဖြစ်ပါတယ်။
ဂူမီစက်ရုံဟာ Galaxy Fold နဲ့ မကြာသေးခင်ကမှ မိတ်ဆက်ထားတဲ့ Galaxy Z Flip ခေါက်ဖုန်းတွေ ထုတ်လုပ်ရာ စက်ရုံဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့စနေနေ့မှာ ဖုန်းထုတ်လုပ်ရေးကို ကြီးကြပ်ရတဲ့ ဝိုင်ယာလက်ဌာနက ဝန်ထမ်းတဦးမှာ ကိုရိုနာဗိုင်းရပ်ပိုး စစ်ဆေးတွေ့ရှိခဲ့တာကြောင့် စက်ရုံကို ယာယီပိတ်သိမ်းလိုက်ကြောင်း Samsung က ကြေညာထားပါတယ်။
တောင်ကိုရီးယားအခြေစိုက် မီဒီယာတခုရဲ့ အဆိုအရ Samsung ဟာ ကူးစက်ခံရသူဝန်ထမ်းနဲ့ ထိတွေ့ဆက်ခံခဲ့တဲ့ စက်ရုံဝန်ထမ်းတွေကို သီးခြားခွဲထားပြီး၊ အဆိုပါဝန်ထမ်းများ အလုပ်လုပ်ရာ အထပ်ကိုလည်း ဝင်ရောက်ခွင့် ပိတ်ထားတယ်လို့ သိရပါတယ်။ လာမယ့် တနင်္လာနေ့မှာ စက်ရုံကို ပြန်လည်ဖွင့်လှစ်သွားနိုင်ဖို့ မျှော်မှန်းထားပါတယ်။
“ကျနော်တို့ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံမှုက ပဓာန ဖြစ်ပါတယ်။ ရောဂါပိုး ထပ်မံကူးစက်မှု မရှိစေရန်နဲ့ ပိုးသတ်ရှင်းလင်းဖို့ အတွက် လိုအပ်တာအားလုံးကို မဆိုင်းမတွ ဆောင်ရွက်သွားဖို့ စီစဉ်ထားပါတယ်” လို့ ကုမ္ပဏီက ပြောပါတယ်။
တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားပျံ့နှံ့ခဲ့တဲ့ SARS-CoV-2 ခေါ် နိုဗယ်ကိုရိုနာဗိုင်းရပ်ကြောင့် ယခုအခါ သေဆုံးသူ ၂,၀၀၀ ကျော်နဲ့ ရောဂါပိုးကူးစက်ခံရသူပေါင်း ၇၅,၀၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။ အမေရိကန်၊ ဥရောပ၊ အာရှ၊ အရှေ့အလယ်ပိုင်း၊ အာဖရိက နဲ့ သြစတြေးလျ တို့မှာလည်း ကိုရိုနာဗိုင်းရပ် ကူးစက်မှုတွေ ဖြစ်ပွားလျက်ရှိကြောင်း အတည်ပြုထားပါတယ်။
Ref: Cnet, Sammobile
You may also like these stories:
Samsung ရဲ့ အိမ်တိုင်ရာရောက် ဖုန်းအစမ်းသုံး ဝန်ဆောင်မှု စတင်
သေဆုံးသွားတဲ့ သမီးဖြစ်သူကို နည်းပညာ အကူအညီနဲ့ တွေ့ဆုံခဲ့တဲ့ မိခင်
Mytel နှင့်ဆက်နွယ်သော အကောင့် ၂၀ ကျော် Facebook က ဖြုတ်ချ