ဂျပန်အခြေစိုက် ထိပ်သီးနည်းပညာကုမ္ပဏီ Sony က ယနေ့မှာ Xperia 1 II နဲ့ Xperia 10 II အမည်ရ ဖုန်းသစ်နှစ်လုံးကို အွန်လိုင်းကနေတဆင့် တရားဝင် မိတ်ဆက်ပေးလိုက်ပါတယ်။ အဆိုပါ ဖုန်းသစ်နှစ်လုံးကို ကမ္ဘာ့မိုဘိုင်းဖုန်းပြပွဲ MWC 2020 မှာ ပြသဖို့ ကနဦး စီစဉ်ထားခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ် ကူးစက်ပျံ့နှံ့နေမှုကြောင့် ပွဲဖျက်သိမ်းလိုက်ရတာကြောင့် အွန်လိုင်းကနေပဲ မိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။
Xperia 1 II က ကုမ္ပဏီရဲ့ ပထမဆုံး 5G ဖုန်းဖြစ်ကာ၊ Xperia 10 II ကတော့ OLED မျက်နှာပြင် ပါ ပထမဆုံး မော်ဒယ်လတ် Sony ဖုန်းဖြစ်ပါတယ်။ Sony ဖုန်းတွေ ထုံးစံအတိုင်း ရှည်လျားတဲ့စခရင်၊ ကောင်းမွန်တဲ့ ကင်မရာစနစ်တွေ ကိုယ်စီ ပါဝင်လာပါတယ်။
Sony ရဲ့ ထိပ်တန်း Flagship မော်ဒယ် Xperia 1 II မှာ ရှေ့နောက် မျက်နှာပြင်နှစ်ဖက်စလုံးကို အကြမ်းခံ Gorilla Glass 6 ဖန်သားနဲ့ အုပ်ပေးထားပါတယ်။ ZESS အမှတ်တံဆိပ် 12-megapixel ကင်မရာသုံးလုံးနဲ့ 3D ToF ဆန်ဆာတို့ကို ကျောဘက်မျက်နှာပြင်မှာ အတန်းလိုက် တွေ့မြင်ရမှာပါ။ ယခင်နှစ်မော်ဒယ်အတိုင်း ကင်မရာ MP အပြောင်းအလဲ မရှိပေမယ့် ဆန်ဆာအရွယ်အစား ပိုကြီးလာကာ၊ မှန်ဘီလူးတွေလည်း ပိုမြန်လာတယ်လို့ ဆိုပါတယ်။
လူသာမက တိရိစ္ဆာန်တွေကိုပါ အလိုအလျောက် မျက်လုံးဆုံချက်ဖြတ်ပေးနိုင်တဲ့ Eye AF စနစ်လည်း ပါဝင်လာပါတယ်။ Selfie ရိုက်ကူးဖို့အတွက် 8MP ရှေ့ကင်မရာတလုံးကို ရှေ့ဘက်မှာပဲ မျက်နှာပြင်ဒီဇိုင်းမပျက် ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။ အရင်မော်ဒယ် Xperai 1 မှာ မပါခဲ့တဲ့ 3.5mm နားကြပ်ပေါက်လည်း ပြန်လည် ပါဝင်လာကာ လက်ဗွေရာဆန်ဆာကိုတော့ ညာဘက် ပါဝါခလုတ်မှာပဲ ပူးတွဲထည့်သွင်းထားပါတယ်။
Sony က ယခုနှစ် Flagship ဖုန်းမှာလည်း အသုံးပြုသူတွေနဲ့ မစိမ်းတော့တဲ့ 21:9 မျက်နှာပြင်အချိုးအစားကို ဆက်လက် အသုံးပြုထားပါတယ်။ ၆ ဒဿမ ၅ လက်မအရွယ် HDR OLED မျက်နှာပြင်က အမြင့်ဆုံး 4K ရုပ်ထွက် အရည်အသွေးအထိ ဖော်ပြနိုင်မှာပါ။ အခြား ထိပ်တန်းဖုန်းတွေလို Refresh Rate အမြင့်စား စခရင်ကို မသုံးထားပေမယ့် 90Hz မျက်နှာပြင်အတိုင်း တူညီတဲ့ ခံစားမှုမျိုး ပေးစွမ်းနိုင်တဲ့ Motin Blur Reduction နည်းပညာကို ထည့်သွင်းပေးထားတယ်လို့ ဆိုပါတယ်။
နောက်ဆုံးထုတ် Snapdragon 865 Chipset ကို အသုံးပြုထားပြီး 8GB RAM ၊ 256GB UFS Storage ၊ Android 10 စနစ် တို့နဲ့ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ Sub 6Ghz ကွန်ရက်တွေမှာ အသုံးပြုနိုင်တဲ့ 5G Modem လည်း ပါဝင်လာတာကြောင့် 5G ကွန်ရက် ချိတ်ဆက် အသုံးပြုနိုင်မှာပါ။ ကြိုးမဲ့အားသွင်းစနစ် အသုံးပြုနိုင်တဲ့ 4,000mAh ဘက်ထရီ၊ IP65/68 ရေစိုခံနိုင်စွမ်းတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။
Sony ရဲ့ ပထမဆုံး 5G ဖုန်းဖြစ်တဲ့ Xperia 1 II ကို အနက်နဲ့ ခရမ်း ၂ ရောင် ထုတ်လုပ်သွားမှာဖြစ်ပြီး၊ ဥရောပနိုင်ငံတွေမှာ ၂၀၂၀ ဒုတိယ သုံးလပတ်အတွင်း စတင်ရောင်းချသွားဖို့ စီစဉ်ထားပါတယ်။ အမေရိကမှာတော့ ယခုဖုန်းကို 4G မော်ဒယ် အနေနဲ့ပဲ ရမယ်လို့ သိရပါတယ်။ ဈေးနှုန်းကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။
Ref: GSM Arena, Gizmochina
You may also like these stories:
ကိုရိုနာဗိုင်းရပ် ကူးစက်ခံရမှုကြောင့် Samsung Galaxy Z Flip စက်ရုံအား ပိတ်သိမ်း
Samsung ရဲ့ အိမ်တိုင်ရာရောက် ဖုန်းအစမ်းသုံး ဝန်ဆောင်မှု စတင်