တန်ဖိုးနည်းစမတ်ဖုန်းတွေနဲ့ အချိန်တိုအတွင်း နာမည်ရလာတဲ့ realme က ယနေ့မှာ 5G ဖုန်းအသစ် “X50 Pro” ကို အိန္ဒိယနိုင်ငံမှာ စတင် မိတ်ဆက်ပေးလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလက တရုတ်မှာ မိတ်ဆက်ခဲ့တဲ့ realme ရဲ့ ပထမဆုံး 5G ဖုန်း X50 ကို ကမ္ဘာ့ဈေးကွက်အတွက် အဆင့်မြှင့်တင် ထုတ်လုပ်ထားတာပါ။ 90Hz Refresh Rate ဖော်ပြနိုင်တဲ့ မျက်နှာပြင်အသစ်၊ စွမ်းဆောင်ရည်မြင့် Snapdragon 865 Chipset အသစ်၊ 65W အားအမြန်သွင်းစနစ်တို့ ပါဝင်လာပြီး တန်ဖိုး ၅၃၀ ဒေါ်လာခန့်နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။
မူလ realme X50 ဖုန်းမှာ IPS LCD မျက်နှာပြင်ကို အသုံးပြုခဲ့ပေမယ့် ယခု realme X50 Pro မှာတော့ ၆.၄၄ လက်မအရွယ် FullHD+ Super AMOLED မျက်နှာပြင်ကို ပြောင်းလဲအသုံးပြုထားပါတယ်။
မျက်နှာပြင်ဒီဇိုင်း ပြောင်းလဲခြင်းမရှိပေမယ့် AMOLED အမျိုးအစား ဖြစ်သွားတာကြောင့် မျက်နှာပြင်အောက်လက်ဗွေရာဆန်ဆာ ဖြစ်သွားမှာပါ။ ဝ.၂၇ စက္ကန့်အတွင်း မြန်ဆန်စွာ လက်ဗွေဖွင့်နိုင်ကြောင်း ကုမ္ပဏီက ဆိုပါတယ်။ Gorilla Glass 5 အကြမ်းခံမှန်သားကို ဖုန်းရှေ့နောက် နှစ်ဖက်စလုံးမှာ အုပ်ပေးထားပါတယ်။
ယခု X50 Pro မော်ဒယ်မှာ Chipset ကိုလည်း Snapdragon 765G Chipset အစား ပိုမိုစွမ်းဆောင်ရည်မြင့်တဲ့ Snapdragon 865 Chipset အသစ်ကို ပြောင်းလဲ အသုံးပြုပေးထားပါတယ်။
အနိမ့်ဆုံး 6GB RAM ကနေ 8GB ၊ 12GB RAM အထိ နှစ်သက်ရာ ရွေးချယ်နိုင်မှာပါ။ အလားတူ Storage ကိုလည်း မြန်နှုန်းမြင့် UFS 3.0 128GB နဲ့ 256GB ဆိုပြီး ၂ မျိုး ရွေးချယ်နိုင်ဦးမှာပါ။ သို့ပေမယ့် microSD ကတ်တော့ ထပ်စိုက်နိုင်မှာ မဟုတ်ပါဘူး။
realme X50 Pro မှာ စုစုပေါင်း ကင်မရာ ၆ လုံးတိတိ ပါဝင်ပါတယ်။ ရှေ့မျက်နှာပြင်က ဆေးတောင့်ပုံစံ ကင်မရာအပေါက်တွင်းမှာ Sony IMX616 32MP ကင်မရာတလုံးနဲ့ ၁၀၅ ဒီဂရီ မြင်ကွင်းကျယ် ရိုက်ကူးနိုင်တဲ့ 8MP Ultrawide ကင်မရာတလုံးတို့ကို တွေ့မြင်ရမှာပါ။
ကျောဘက်မှာတော့ 4K ဗီဒီယိုတွေကို 30fps နဲ့ ရိုက်ကူးနိုင်တဲ့ 64MP အဓိကကင်မရာ၊ 20x Hybrid Zoom ဆွဲနိုင်တဲ့ 12MP Telephoto ကင်မရာ၊ ၁၁၉ ဒီဂရီ မြင်ကွင်းကျယ် 8MP ကင်မရာနဲ့ 2MP Portrait ကင်မရာ ၄ လုံးတွဲကို ဒေါင်လိုက် ယှဉ်လျက် ထည့်သွင်းထားပါတယ်။
Android 10 စနစ်နဲ့ ဖြစ်ပြီး၊ နောက်ဆုံးပေါ် realme UI နဲ့ ထွက်ရှိလာမယ်လို့ သိရပါတယ်။ 3.5mm နားကြပ်ပေါက် မှတပါး SIM ၂ ကတ်၊ နောက်ဆုံးပေါ် Wi-Fi 6 နည်းပညာ၊ Bluetooth 5.0 ၊ NFC ၊ USB-C စတဲ့ ချိတ်ဆက်မှု အစုံအလင် ပါဝင်ပါတယ်။
65W SuperDart Flash Charge နည်းပညာလည်း ပါဝင်တာကြောင့် ဖုန်းတွင်းက 4,200mAh ဘက်ထရီကို ၃၅ မိနစ်အတွင်း လျင်မြန်စွာ အားအပြည့်သွင်းနိုင်မှာပါ။ မိနစ် ၂၀ အားသွင်းရုံနဲ့ ဘက်ထရီ ၆၀ ရာခိုင်နှုန်း ပြည့်တယ်လို့ ကုမ္ပဏီက ဆိုထားပါတယ်။
realme X50 Pro ကို အိန္ဒိယနိုင်ငံမှာ Flipkart နဲ့ Realme India Website တွေကနေ စတင် ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။ အနီနဲ့ အစိမ်း အရောင် ၂ မျိုး ရွေးချယ်နိုင်မှာပါ။ 6GB RAM နဲ့ 128GB Storage ပါ အနိမ့်ဆုံးမော်ဒယ်ကို ရူပီး ၃၇,၉၉၉ (၅၂၈ ဒေါ်လာခန့်) ကျသင့်မှာပါ။
အမြင့်ဆုံး 12GB RAM နဲ့ 256GB Storage မော်ဒယ်ဆိုရင်တော့ ရူပီး ၄၄,၉၉၉ (၆၂၅ ဒေါ်လာခန့်) ပေးချေရမှာ ဖြစ်ပါတယ်။ ဥရောပဈေးကွက်မှာ ရောင်းချတဲ့အခါ ယခုထက် ဈေးပိုများမယ်လို့ သိရပါတယ်။
Ref: GSM Arena, Gizmochina
You may also like these stories:
ကမ္ဘာ့ပထမဆုံး 5G တက်ဘလက်ကို Samsung မိတ်ဆက်
Apple မိတ်ဖက် Pegatron ရဲ့ ထုတ်လုပ်ရေးလုပ်ငန်းများ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်သို့ ပြောင်းရွှေ့
Realme Buds Air ကြိုးမဲ့နားကြပ်နဲ့ Realme 5i စမတ်ဖုန်းတို့ကို မြန်မာနိုင်ငံမှာ မိတ်ဆက်