OPPO က စုစုပေါင်း ကင်မရာ ၆ လုံး ပါဝင်တဲ့ Reno3 Pro စမတ်ဖုန်းကို အိန္ဒိယနိုင်ငံမှာ မတ်လ ၂ ရက်နေ့က တရားဝင် မိတ်ဆက်ပေးလိုက်ပါတယ်။ ဒီဖုန်းကို ယမန်နှစ်၊ ဒီဇင်ဘာလက တရုတ်နိုင်ငံမှာ ဦးစွာ မိတ်ဆက်ပေးခဲ့ပြီးဖြစ်ပေမယ့် ယခု နိုင်ငံတကာ ဈေးကွက်အတွက် ပြန်လည် ထုတ်လုပ်လိုက်တာပါ။ မော်ဒယ်တူသော်ငြား ကွာခြားချက်များစွာ ရှိပါတယ်။
တရုတ်သီးသန့် Reno3 Pro နဲ့ ယခု ကမ္ဘာ့ဈေးကွက်ဝင် Reno3 Pro တို့အကြား အကြီးမားဆုံး ကွာခြားချက်ကတော့ Chipset ပါ။ တရုတ် Reno3 Pro မှာ 5G အသုံးပြုနိုင်တဲ့ Snapdragon 765G Chipset ကို အသုံးပြုခဲ့ပေမယ့် ယခုမော်ဒယ်အသစ်မှာတော့ MediaTek ရဲ့ နောက်ဆုံးထုတ် Helio P95 Chipset ကို ပြောင်းလဲ အသုံးပြုထားပါတယ်။ 5G အသုံးပြုနိုင်မှာ မဟုတ်ဘဲ 4G ၂ ကတ်ပဲ အသုံးပြုနိုင်ပါတယ်။
ဒါ့အပြင် ယခု Reno3 Pro ဟာ ကမ္ဘာ့ပထမဆုံး 44-megapixel ရှေ့ကင်မရာ ၂ ပေါက်တွဲပါ စမတ်ဖုန်းလည်း ဖြစ်ပါတယ်။ ရှေ့မျက်နှာပြင်က ဘဲဥပုံအပေါက်တွင်းမှာ 44-megapixel နဲ့ 2-megapixel ကင်မရာဆန်ဆာ ၂ လုံး ထည့်သွင်းပေးထားပါတယ်။
ရှေ့ကင်မရာ စနစ်ကနေ နောက်ခံဝါးတဲ့ Bokeh Effect ၊ ညဘက်အလင်းနည်းချိန်မှာ ပုံထွက်ကောင်းစေမယ့် Ultra Night Selfie Mode တို့ အသုံးပြုနိုင်မှာပါ။ ဒါတင်မက ရှေ့ကင်မရာကနေ နောက်ခံဝါးဗီဒီယိုတွေကို တုန်ခါမှုချ EIS စနစ်နဲ့ ရိုက်ကူးနိုင်ဦးမှာ ဖြစ်ပါတယ်။
အလားတူ ကျောဘက်မှာလည်း 13MP Telephoto ဆန်ဆာ၊ 64MP Ultra Clear အဓိကကင်မရာ၊ 2MP အဖြူအမည်းဆန်ဆာ နဲ့ ၁၂၀ ဒီဂရီ 8MP မြင်ကွင်းကျယ် ဆန်ဆာ၊ ပေါင်း ကင်မရာ ၄ လုံးတိတိ ထည့်သွင်းပေးထားပါတယ်။
ယခု ကျောကင်မရာ ၄ လုံးတွဲစနစ်ကနေ 5x Hybrid Zoom ၊ 20x Digital Zoom နဲ့ ကြည်လင်မှုပြတ်သားတဲ့ 108MP ဓာတ်ပုံတွေ ရိုက်ကူးနိုင်မှာပါ။ ရှေ့ကင်မရာနည်းတူ ညရိုက်စနစ်၊ နောက်ခံဝါးဗီဒီယိုစနစ်၊ EIS စနစ် စသဖြင့် ကင်မရာစနစ် များစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
OPPO Reno 3 Proမှာ 20:9 အချိုးအစားသုံး FullHD+ ရုပ်ထွက်အရည်အသွေးရှိ ၆ ဒဿမ ၄ လက်မအရွယ် S-AMOLED မျက်နှာပြင်ကို အသုံးပြုထားပါတယ်။ မျက်နှာပြင်အောက်မှာ ဝ ဒဿမ ၃ စက္ကန့်အတွင်း ဖုန်းဖွင့်ပေးနိုင်တဲ့ လက်ဗွေရာဆန်ဆာကို ထည့်သွင်းထားပါတယ်။ အလေးချိန် ၁၇၅ ဂရမ်နဲ့ အထူ ၈ ဒဿမ ၁ မီလီမီတာသာ ရှိပြီး၊ ထုတ်ထားသမျှ Reno စီးရီးထဲမှာ အပါးဆုံးဖုန်း ဖြစ်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။
ကမ္ဘာ့ဈေးကွက်ဝင် Reno3 Pro မှာ 12nm MediaTek Helio P95 Chipset ကို မြန်နှုန်းမြင့် LPDDR4x RAM ၊ UFS 2.1 Storage တို့နဲ့ တွဲဖက် အသုံးပြုထားပါတယ်။ Storage 128GB နဲ့ 256GB မော်ဒယ် ၂ မျိုး ထုတ်လုပ်သွားဖို့ ရှိပါတယ်။ microSD ကတ်လည်း ထပ်စိုက်နိုင်ဦးမှာပါ။
4,025 mAh ဘက်ထရီနဲ့ ဖြစ်ပြီး၊ 30W VOOC 4.0 အားအမြန်သွင်းစနစ်လည်း ပါဝင်ပါတယ်။ ဖုန်းအား ၅၀ ရာခိုင်နှုန်းကို မိနစ် ၂၀ အတွင်း မြန်ဆန်စွာ သွင်းပေးနိုင်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။ ဖုန်းတွင်းအပူချိန်ကို ၁၃ ရာခိုင်နှုန်းအထိ လျော့ချပေးနိုင်တဲ့ ဘက်စုံ အအေးပေးစနစ် တခုလည်း ထည့်သွင်းထားတယ်လို့ သိရပါတယ်။
OPPO Reno3 Pro ကို အိန္ဒိယနိုင်ငံမှာ မတ်လ ၆ ရက်နေ့ စတင် ရောင်းချသွားမှာ ဖြစ်ပြီး၊ Auroral Blue, Midnight Black နဲ့ Sky White အရောင် ၃ မျိုး ရွေးချယ်နိုင်ပါတယ်။ ဈေးနှုန်းအနေနဲ့ 8GB RAM နဲ့ 128GB Storage ပါ Reno3 Pro ကို ရူပီး ၃၂,၉၉၉ (ဒေါ်လာ ၄၅၀ ခန့်) သတ်မှတ်ထားပါတယ်။ RAM 8GB နဲ့ 256GB မော်ဒယ်ကိုတော့ မကြာခင် ထပ်မံ ထုတ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။
Ref: GSM Arena, The Verge
You may also like these stories:
AMOLED မျက်နှာပြင်နဲ့ ကျောကင်မရာ ၄ လုံး ပါ OPPO F15 စမတ်ဖုန်းကို အိန္ဒိယမှာ မိတ်ဆက်
Realme ရဲ့ ပထမဆုံး 5G ဖုန်း “X50 5G” ထွက်ရှိ
5G အသုံးပြုနိုင်တဲ့ OPPO Reno 3 နဲ့ Reno 3 Pro စမတ်ဖုန်းများ မိတ်ဆက်