ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် တရုတ်နိုင်ငံမှာ ဖေဖော်ဝါရီလအတွင်း ဖုန်းရောင်းအား ထက်ဝက်ကျော် ကျဆင်းသွားကြောင်း ဘေဂျင်းအစိုးရက တရားဝင် သတင်းထုတ်ပြန်လိုက်ပါတယ်။
ဝူဟန်မြို့ကနေ အစပြု ဖြစ်ပွားလာတဲ့ ကိုရိုနာဗိုင်းရပ်ကြောင့် တရုတ်နိုင်ငံမှာ ခရီးသွားလာမှုတွေကို ဇန်နဝါရီလနှောင်းပိုင်းက စတင် ကန့်သတ် တားမြစ်ခဲ့ပြီး၊ ပြည်သူလူထုကိုလည်း လူစည်ကားရာ အရပ်တွေ မသွားရောက်ဖို့ သတိပေးထားပါတယ်။
လက်ဆောင် ပေးအပ်မှု အများဆုံးကာလ ဖြစ်တဲ့ တရုတ်နှစ်သစ်ကူး အားလပ်ရက် ကျော်လွန်ပြီးနောက် ဖေဖော်ဝါရီလကုန် အထိ သတိပေးတားမြစ်ချက် အများအပြား ရှိနေဆဲ ဖြစ်တာကြောင့် ကမ္ဘာ့အကြီးဆုံး ဖုန်းဈေးကွက်ရှိရာ တရုတ်နိုင်ငံမှာ ဖုန်းရောင်းအား ၅၀ ရာခိုင်နှုန်းကျော် ထိုးကျသွားခဲ့တာ ဖြစ်ပါတယ်။
တရုတ်အစိုးရရဲ့ ထုတ်ပြန်ချက်ဟာ နာမည်ကြီး ဈေးကွက် သုတေသန ကုမ္ပဏီတွေရဲ့ ကြိုတင်ခန့်မှန်းချက်နဲ့လည်း ကိုက်ညီမှုရှိနေတာ တွေ့ရပါတယ်။ ဈေးကွက် သုတေသနကုမ္ပဏီ IDC နဲ့ Canalys တို့က ကိုရိုနာဗိုင်းရပ်ကြောင့် တရုတ်နိုင်ငံမှာ ပထမ သုံးလပတ်အတွင်း ဖုန်းရောင်းအား ၄၀ ရာခိုင်နှုန်းအထိ ထိုးကျနိုင်ကြောင်း ခန့်မှန်းထားကြပါတယ်။
တရုတ် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ လေ့လာရေးဌာန (CAICT) ရဲ့ ထုတ်ပြန်ချက်အရ အမေရိကန်အခြေစိုက် Apple အနေနဲ့လည်း တရုတ်နိုင်ငံမှာ ဖေဖော်ဝါရီလအတွင်း iPhones အလုံးရေ ၅ သိန်းခန့်သာ ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။
Apple နည်းတူ တရုတ်ထိပ်သီး Huawei နဲ့ Xiaomi ကုမ္ပဏီတို့လည်း ရောင်းအား သိသိသာသာ ထိုးကျခဲ့ကြောင်း CAICT က ဖော်ပြထားပါတယ်။ ၂၀၁၉ ဖေဖော်ဝါရီမှာ ကုမ္ပဏီနှစ်ခုပေါင်း ဖုန်းအလုံးရေ ၁၂ ဒဿမ ၇ သန်း ရောင်းချနိုင်ခဲ့ပေမယ့် ယခုနှစ်မှာတော့ ၅ ဒဿမ ၈၅ သန်းသာ ရောင်းချနိုင်ခဲ့တာပါ။
ဖုန်းအမှတ်တံဆိပ်အားလုံးပေါင်း ဖုန်းအလုံးရေ ၆ ဒဿမ ၃၄ သန်း ရောင်းချနိုင်ခဲ့ပြီး၊ ယမန်နှစ် ဖေဖော်ဝါရီလ ရောင်းအား ၁၄ သန်းနဲ့ ယှဉ်ရင် ၅၄ ဒဿမ ၇ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့တာလည်း ဖြစ်ပါတယ်။ ၂၀၁၂ နောက်ပိုင်း ဖုန်းရောင်းအား အနည်းဆုံးလအဖြစ် မှတ်တမ်းဝင်သွားကြောင်း CAICT က ထုတ်ပြန်ထားပါတယ်။
Ref: SCMP, Gizmochina
You may also like these stories:
ကင်မရာ ၆ လုံးပါ OPPO Reno3 Pro စမတ်ဖုန်းသစ်ကို အိန္ဒိယတွင် မိတ်ဆက်
ကင်မရာ ၆ လုံးပါ realme X50 Pro 5G ဖုန်းအသစ်ကို အိန္ဒိယတွင် မိတ်ဆက်
Sony က ပထမဆုံး 5G ဖုန်းကို မိတ်ဆက်