တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ အစပြုခဲ့တဲ့ COVID-19 ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့ကပ်ရောဂါအဖြစ် WHO က တရားဝင် သတ်မှတ်လိုက်ပြီးနောက်မှာ လူထုအကြား ရောဂါပိုး ကူးစက်မခံရရေး ကြိုတင်ကာကွယ်မှုတွေ တိုးမြှင့် လုပ်ဆောင်လာကြပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဟာ ရောဂါပိုးရှိသူ ကိုင်တွယ် ထိတွေ့ထားတဲ့ ပစ္စည်းတွေအပြင် လေထုထဲကနေပါ လျင်မြန်စွာ ကူးစက်နိုင်တာကြောင့် ယခုအချိန်မှာ တကိုယ်ရည် သန့်ရှင်းရေးကို ပိုမို အလေးထားလုပ်ဆောင်သင့်ပါတယ်။
အထူးသဖြင့် နေ့စဉ် လက်ထဲ ကိုင်ဆောင်အသုံးပြုနေတဲ့ စမတ်ဖုန်းတွေကို ဂရုတစိုက် ဆေးကြောသန့်စင်ပေးသင့်ကြောင်း ကျွမ်းကျင်သူတွေက အကြံပေးထားကြပါတယ်။ ဒီအချိန်မှာ နည်းပညာထိပ်သီး Samsung က ဖုန်းတွေကို အခမဲ့ ပိုးသတ် သန့်စင်ပေးမယ့် ဝန်ဆောင်မှုတခုကို နိုင်ငံအများအပြားမှာ စတင် ပေးအပ်လိုက်ပါတယ်။
“Galaxy Sanitizing Service” အမည်ရ ယခု ဝန်ဆောင်မှုမှာ စက်ပစ္စည်း ထိခိုက်ပျက်စီးစေနိုင်တဲ့ ဓာတုပစ္စည်းတွေအစား ခရမ်းလွန်ရောင်ခြည် (UV) အလင်းတန်းနဲ့ ဖုန်းတွေကို ပိုးသတ် သန့်စင်ပေးသွားမှာ ဖြစ်ပါတယ်။ စမတ်ဖုန်းတွေသာမက စမတ်နာရီ၊ ကြိုးမဲ့နားကြပ်၊ တက်ဘလက် စတဲ့ တကိုယ်ရည်သုံး စက်ပစ္စည်းမျိုးစုံ သန့်စင်ဆေးကြောနိုင်ပါတယ်။
Samsung ထုတ် Galaxy ဖုန်းတွေတင် မဟုတ်ဘဲ၊ မည်သူမဆို ဖုန်းအမှတ်တံဆိပ်မရွေး အခမဲ့ လာရောက် သန့်စင်နိုင်ကြောင်း ကြေညာထားပါတယ်။
ခရမ်းလွန်ရောင်ခြည်နဲ့ သန့်စင်ဆေးကြောမှုက ဖုန်းဆိုရင် စက္ကန့် ၃၀၊ တက်ဘလက်နဲ့ စမတ်နာရီတွေဆိုရင် ၃ မိနစ်ဝန်းကျင်ပဲ ကြာမြင့်မှာပါ။ သို့ပေမယ့် Galaxy Santizing Service ဝန်ဆောင်မှုဟာ ဖုန်းမှာရှိတဲ့ ဘက်တီးရီးယား ပိုးမွှား၊ ဗိုင်းရပ်စ်တိုင်းကို အရှင်းသတ်ပေးနိုင်ကြောင်း Samsung ဘက်က သေချာပေါက် အာမခံထားခြင်းတော့ မရှိပါဘူး။
ဘက်တီးရီးယားပိုးမွှားတွေ စုဝေးခိုအောင်းရာ လက်ကိုင်ဖုန်းတွေကို ဆေးကြော သန့်စင်ချင်သူတွေအနေနဲ့ ယနေ့ကစပြီး နီးစပ်ရာ Samsung အရောင်းဆိုင်နဲ့ ဝန်ဆောင်မှု စင်တာတွေကို သွားရောက်ကာ ဝန်ဆောင်မှု ရယူနိုင်ပြီ ဖြစ်ပါတယ်။
အာဂျင်တီးနား၊ ချီလီ၊ ခရိုအေးရှား၊ ဒိန်းမတ်၊ ဖင်လန်၊ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှား၊ နယူးဇီလန်၊ နော်ဝေ၊ ပါကစ္စတန်၊ ပီရူး၊ ပိုလန်၊ ရုရှား၊ စပိန်၊ ဆွီဒင်၊ အမေရိကန်၊ ယူကရိန်း၊ ဗီယက်နမ် နိုင်ငံတွေမှာ စတင် ရရှိနေပါပြီ။
သိပ်မကြာခင်အချိန်အတွင်း သြစတြေးလျ၊ သြစတြီးယား၊ ကနေဒါ၊ ချက်၊ ပြင်သစ်၊ ဂရိ၊ ဟောင်ကောင်၊ ဟန်ဂေရီ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အစ္စရေး၊ အီတလီ၊ ဂျော်ဒန်၊ ကာဇ္ဇစတန်၊ လက်ဗီးယား၊ မက္ကစီကို၊ နယ်သာလန်၊ ပါနားမား၊ ဖိလစ်ပိုင်၊ ရိုမေးနီးယား၊ စင်ကာပူ၊ ထိုင်ဝမ်၊ ထိုင်း၊ UAE နဲ့ ဗြိတိန် နိုင်ငံတွေမှာ ထပ်မံ ရရှိသွားမယ်လို့ သိရပါတယ်။
Ref: DigitalTrends, Gizmochina
You may also like these stories:
လန်ဒန်မြို့မှာ ကမ္ဘာ့အငယ်ဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ဖြစ်လာတဲ့ ကလေးငယ်
Covid-19 ကြောင့် အမျိုးသားများ မျိုးအောင်ခြင်းကို ထိခိုက်စေနိုင်သည့် သတင်း ဟူဘေးအစိုးရပြန် ဖြုတ်ချရ
ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြုံနေရချိန်မှာ ဘယ်လို နေထိုင်ရမလဲ