လက်ရှိ ကမ္ဘာတဝှမ်းမှာ ဖြစ်ပွားနေတဲ့ COVID-19 ကိုရိုနာဗိုင်းရပ်စ် ရောဂါကပ်ဘေးနဲ့ ပတ်သက်ပြီး လူထုအား တိကျ ခိုင်လုံတဲ့ သတင်း အချက်အလက်နှင့် အကြံပေးချက်များ ပေးအပ်နိုင်ရန်အတွက် အင်တာနက် နည်းပညာကုမ္ပဏီ Google က ကိုရိုနာဗိုင်းရပ်စ် အသိပညာပေး ဝက်ဘ်ဆိုဒ်တခုကို ပြီးခဲ့တဲ့ စနေနေ့မှာ လွှင့်တင်ပေးလိုက်ပါတယ်။
COVID-19 နဲ့ သက်ဆိုင်တဲ့ ဒေသတွင်း သတင်းအချက်အလက်များ၊ ရောဂါဘေးမှ ကင်းဝေးစေရန် ဆောင်ရန်၊ ရှောင်ရန်များ၊ လတ်တလော ရှာဖွေမှုအများဆုံး အကြောင်းအရာများကို စုစည်းဖော်ပြပေးထားပြီး၊ ထပ်မံ လေ့လာချင်သူများအတွက် နောက်ဆက်တွဲ သတင်းရင်းမြစ်များလည်း ပံ့ပိုးပေးထားကြောင်း Google က ဘလော့ဂ်ပို့စ်မှာ ရေးသားဖော်ပြထားပါတယ်။
Google ရဲ့ ကိုရိုနာဗိုင်းရပ်စ် အသိပညာပေး ဝက်ဘ်ဆိုဒ်ကို ဝင်ရောက်ကြည့်ရှုလိုများအနေနဲ့ မိမိဖုန်း၊ ကွန်ပျူတာ Browser မှာ google.com/covid19 လို့ ရိုက်ထည့်ကာ လေ့လာ ဖတ်ရှုနိုင်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု လက္ခဏာများ၊ ဆောင်ရန်၊ ရှောင်ရန်များ၊ ရောဂါပိုး ကူးစက်ခံရခြင်း ရှိ၊မရှိ ကိုယ်တိုင် စစ်ဆေးနိုင်သည့် နည်းလမ်းများ၊ နိုင်ငံအလိုက် ရောဂါပိုး တွေ့ရှိမှုပြ ကမ္ဘာ့မြေပုံ၊ လက်ရှိအခြေအနေမှာ အထောက်အကူဖြစ်စေမယ့် ဗီဒီယိုများ စသဖြင့် စုံလင်စွာ ထည့်သွင်းဖော်ပြထားပါတယ်။
ဒါပေမဲ့လည်း “COVID-19 ရောဂါကို ကုသနိုင်သည့် (သို့မဟုတ်) ကာကွယ်နိုင်သည့် ဆေးဝါးအတိအကျ မရှိသေးကြောင်း” ကိုလည်း Google က ဝက်ဘ်ဆိုဒ်မှာ ရှင်းလင်း ဖော်ပြထားပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၊ အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ (CDC) စတဲ့ ယုံကြည်စိတ်ချရတဲ့ အဖွဲ့အစည်းတွေကနေ သတင်း အချက်အလက် ရယူထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာ အင်္ဂလိပ်ဘာသာစကား တခုတည်းနဲ့သာ ဖတ်ရှုနိုင်ဦးမှာဖြစ်ပြီး၊ မကြာခင်မှာ စပိန်ဘာသာစကားနဲ့လည်း ဖတ်ရှုနိုင်မယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ စတင် ဖြစ်ပွားခဲ့တဲ့ COVID-19 ကိုရိုနာဗိုင်းရပ်ကြောင့် ယခုအခါ ကမ္ဘာအနှံ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ နိုင်ငံပေါင်း ၁၇၃ နိုင်ငံရှိနေပြီး၊ ကူးစက်ခံရသူပေါင်း ၃ သိန်းခွဲကျော်၊ သေဆုံးသူ ဦးရေ ၁ သောင်းခွဲကျော် ရှိနေပြီ ဖြစ်ပါတယ်။
Ref: CNN, The Verge
You may also like these stories:
လက်ဆေးခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်တဲ့ ကျန်းမာရေးပြဿနာများ
အခိုးခံထားရတဲ့ စကားဝှက်တွေကို စစ်ဆေးပေးမယ့် Chrome Extension တခုကို Google ထုတ်ပေး
Google အပြင် Intel နဲ့ Qualcomm တို့လည်း Huawei ကို ပိတ်ပင်