ကမ္ဘာကျော် ကားကုမ္ပဏီတခုဖြစ်သလို အမေရိကန်မှာ အကြီးဆုံး ကားကုမ္ပဏီတခုဖြစ်တဲ့ Ford ကားကုမ္ပဏီဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေအတွက် လိုအပ်တဲ့ ဆေးပညာသုံး စက်ကိရိယာတွေ အပါအဝင် အသက်ရှူစက်တွေကို ထုတ်လုပ်သွားမယ်လို့ ကြေညာလိုက်ပါတယ်။
အမေရိကန်အခြေစိုက် ဆေးဝါးစက်ကိရိယာတွေ ထုတ်လုပ်တဲ့ 3M နဲ့ GE Healthcare တို့နဲ့ ပူးပေါင်းကာ ထုတ်လုပ်သွားမှာ ဖြစ်ပြီး ရောဂါတိုက်ဖျက်ရာမှာ လိုအပ်တဲ့ ဆေးဝါးစက်ကိရိယာ အသုံးအဆောင်တွေကို မကြာခင် ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။
COVID-19 ကူးစက်ခံရသူတွေ လိုအပ်တဲ့ အသက်ရှူစက် အပါအဝင် ကျန်းမာရေး စောင့်ရှောက်သူတွေ အတွက် လိုအပ်နေတဲ့ လက်အိတ်၊ Mask စတာတွေကိုလည်း ထုတ်လုပ်သွားမှာပါ။
အခုလို အချိန်ကာလမှာ ဆေးဝါးအသုံးအဆောင်တွေနဲ့ ဆေးပညာသုံး စက်ကိရိယာတွေ လိုအပ်နေပြီး ရောဂါဖြစ်ပွားနေသူတွေကို စောင့်ရှောက်ပေးနေတဲ့ ကျန်းမာရေး စောင့်ရှောက်သူ ဝန်ထမ်းတွေအတွက်ပါ အသက်ရှူစက်နဲ့ လေသန့်စင်စက်တွေကို ထုတ်လုပ်ပေးသွားမှာ ဖြစ်ပါတယ်။
ရောဂါ ကူးစက်ခံရသူတွေနဲ့ အနီးကပ်ဆုံး ထိတွေ့နေရတဲ့ ကျန်းမာရေး ဝန်ထမ်းတွေအတွက် လေသန့်စင်ပေးနိုင်တဲ့ တခါသုံး Mask တွေကို 3D printer တွေနဲ့ ထုတ်လုပ်နေပြီဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းတွေအပြင် လူအများနဲ့ ထိတွေ့ဆက်ဆံနေရတဲ့ စူပါမားကတ်နဲ့ စတိုးဆိုင်က ဝန်ထမ်းတွေအတွက်လည်း ပလတ်စတစ် မျက်နှာအကာကို United Auto Workers Union နဲ့ ပူးပေါင်းပြီး ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။
Ford ကားကုမ္ပဏီ အနေနဲ့ ပြီးခဲ့တဲ့ ရက်သတ္တပတ်လောက်ကစလို့ ကားထုတ်လုပ်မှုတွေကို ရပ်နားထားပြီး လတ်တလော အခြေအနေတွေနဲ့ ပတ်သက်လို့ Ford ကုမ္ပဏီရဲ့CEO ဖြစ်သူ Jim Hackett က အခုလိုပဲ ပြောပါတယ်။
“3M တို့ GE နဲ့ ပူးပေါင်းပြီး ဒီဇိုင်နာတွေ၊ အင်ဂျင်နီယာတွေရဲ့အကူအညီနဲ့ လိုအပ်တဲ့ ဆေးဝါးသုံးစက်ကိရိယာတွေကို ထုတ်လုပ်သွားမှာပါ။ လက်ရှိအချိန်မှာ အလိုအပ်ဆုံးဖြစ်နေတဲ့ အကာအကွယ် နှာခေါင်းစည်းတွေ၊ မျက်နှာအကာတွေကိုလည်း ထပ်မံ ထုတ်လုပ်သွားဖို့ ရှိပါတယ်”လို့ သူက ဆိုပါတယ်။
Ref. wwwtechrunch.com
You may also like these stories:
“ဒီကာလမှာ ဝယ်ခြမ်း စားသောက်ဖို့ အခက်အခဲရှိတယ်”လို့ သရုပ်ဆောင် ကိုကိုဦး ပြော
အိမ်ရာမဲ့တဦးကို အစားအစာ ဝေပေးတာကြောင့် ချီးကျူးခံနေရတဲ့ မလေးရှားက Foodpanda
ကိုရိုနာကြောင့် ရိုက်ကူးရေး မရှိလို့ ကလေးစရိတ် လျှော့ချပေးဖို့ Jeremy Renner တောင်းဆို