အမေရိကန် အာကာသအေဂျင်စီ (NASA) ကနေ အင်္ဂါဂြိုဟ် (Mars) ခရီးစဉ်အဖြစ် လာမယ့် ၂၀၂၀ ခုနှစ်၊ ဇူလိုင် ၃၀ ရက်မှာ ရဟတ်ယာဉ်ငယ်တစီး လွှတ်တင်ဖို့ စီစဉ်ထားပါတယ်။ ဒါဟာ ကမ္ဘာပေါ်ကနေ အင်္ဂါဂြိုဟ်ပေါ်ကို ပထမဆုံးအကြိမ် ပျံသန်းမယ့်ခရီးစဉ်လည်း ဖြစ်ပါတယ်။
အင်္ဂါဂြိုဟ်ပေါ်မှာ လှည့်လည်ပျံသန်းမယ့် စွန့်ဦးစက်ရုပ် ရဟတ်ယာဉ်ငယ် Ingenuity ဟာ စူးစမ်းရှာဖွေမှုတွေ ပြုလုပ်မယ့် Perseverance လို့ အမည်ပေးထားတဲ့ Rover ယာဉ်ငယ်နဲ့အတူ အင်္ဂါဂြိုဟ်ခရီးစဉ်ကို စတင်တော့မှာ ဖြစ်ပါတယ်။
အဆိုပါ ရဟတ်ယာဉ်ငယ်ကို နည်းပညာအသစ်အဆန်းတွေနဲ့ ဖန်တီးတည်ဆောက်ထားပြီး ဂြိုဟ်ပေါ်မှာ လှည့်ပတ်သွားလာ ပျံသန်းနိုင်မယ့် လုပ်ဆောင်ချက်တွေကို တပ်ဆင်ပေးထားပါတယ်။
Perseverance Rover ယာဉ်ငယ်ဟာ NASA ကနေ တည်ဆောက်ခဲ့တဲ့ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးယာဉ်တွေထဲမှာ အကြီးဆုံးဖြစ်သလို အံ့သြဖွယ်ရာ နည်းပညာတွေနဲ့ ဖွဲ့စည်း တည်ဆောက်ထားတာပါ။ အင်္ဂါဂြိုဟ် လေ့လာရေးခရီးစဉ်ကနေ အနာဂတ် ပျံသန်းရေးနည်းပညာနဲ့ စွမ်းဆောင်ရည် အသစ်တွေကို ပြသနိုင်တော့မှာ ဖြစ်ပါတယ်။
အင်္ဂါဂြိုဟ် လေ့လာရေးယာဉ်ငယ်ကို ဇူလိုင် ၃၀ ကနေ သြဂုတ်လ ၁၅ ရက်နေ့မှာ Atlas V Rocket နဲ့ လွှတ်တင်မှာ ဖြစ်ပြီး အင်္ဂါဂြိုဟ်ပေါ် မြစ်ဝကျွန်းပေါ်ဒေသ ဖြစ်ခဲ့ဖူးတဲ့ Jezero crater ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ဆင်းသက်မယ်လို့ မျှော်မှန်းထားပါတယ်။
ရဟတ်ယာဉ်ငယ်ပေါ်မှာ သိပ္ပံစက်ကိရိယာတွေ သယ်ဆောင်သွားခြင်း မရှိပေမယ့် တည်ဆောက်ထားတဲ့ နေစွမ်းအင်သုံး Solar cells တွေနဲ့ ဘက်ထရီတွေရဲ့ ခံနိုင်ရည်ကို စမ်းသပ်သွားမှာ ဖြစ်ပါတယ်။ အဓိကသော့ချက်အဖြစ် အင်္ဂါဂြိုဟ်ပေါ်က အပူချိန် အနုတ် ၁၃၀ ဒီဂရီဖာရင်ဟိုက်ကနေ ကိုယ်တိုင် အပူပေးနိုင်မယ့် လုပ်ဆောင်ချက်ကို ထည့်သွင်းထားပါတယ်။
Ingenuity ဟာ ကမ္ဘာကနေ တခြားဂြိုဟ်ပေါ် ပျံသန်းမယ့် ပထမဆုံး ရဟတ်ယာဉ်လည်း ဖြစ်ပါတယ်။ လေထုသိပ်သည်းဆ ကမ္ဘာထက် ၉၉ ရာခိုင်နှုန်း နည်းပြီး ဆွဲငင်အား ၃ ပုံ ၁ ပုံပဲ ရှိတဲ့ အင်္ဂါဂြိုဟ် ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် ဖန်တီးတည်ဆောက်ထားပါတယ်။
အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးခရီးစဉ်ဟာ အနာဂတ် လေ့လာရေးတွေအတွက် အရေးကြီးတဲ့ အခန်း ကဏ္ဍတခု ဖြစ်လာမှာပါ။ အင်္ဂါဂြိုဟ်ပေါ်က သက်ရှိဇီဝ လက္ခဏာတွေကို ကောင်းကင် ဓာတ်ပုံတွေနဲ့ ရိုက်ကူးပေးပို့မှာ ဖြစ်ပေမယ့် သိပ္ပံပညာရှင်တွေကတော့ Ingenuity ရဲ့ ပျံသန်းရေး စက်ပိုင်းဆိုင်ရာကို အလေးထား စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။
အဆိုပါ လေ့လာစူးစမ်းရေး ခရီးစဉ်ကတဆင့် အင်ဂျင်နီယာနဲ့ သိပ္ပံပညာရှင်တွေဟာ အနာဂတ်မှာ အင်္ဂါဂြိုဟ်ပေါ် ပျံသန်းလေ့လာရေး ခရီးစဉ်တွေအတွက် အချက်အလက်တွေနဲ့ ရလဒ်ကောင်းတွေ ရလာဖို့မျှော်မှန်းထားပါတယ်။
နာဆာရဟတ်ယာဉ် စီမံကိန်းမှာ ဦးဆောင်ပါဝင်နေတဲ့ မြန်မာပြည်ဖွား သိပ္ပံပညာရှင် Ingenuity Project Manager မမီမီအောင်က “အင်္ဂါဂြိုဟ်ပေါ် စူးစမ်းလေ့လာမယ့် ရဟတ်ယာဉ်ငယ်ဟာ အနာဂတ်မှာ တခြားဂြိုဟ် ကမ္ဘာတွေကို လေ့လာနိုင်မယ့် နောက်ထပ် နည်းလမ်းအမြင်တခုကို ချပြလိုက်နိုင်တဲ့ ကျမတို့အဖွဲ့အတွက် ဆုလာဘ်တခု ဖြစ်လာပါလိမ့်မယ်” လို့ ဆိုပါတယ်။
Ref: Hotcars
You may also like these stories:
ဥပဒေသစ်ကြောင့် ဟောင်ကောင်မှာ Tiktok နဲ့ Zoom သုံးစွဲမှု ရုပ်သိမ်း
ကားသော့နေရာမှာ အစားထိုးလာတော့မယ့် iPhone နည်းပညာသစ်
TikTok နဲ့ WeChat အပါအဝင် တရုတ်မိုဘိုင်း App များကို အိန္ဒိယပိတ်ပင်