ဂျပန်မှာ လူလိုက်ပါ မောင်းနှင်နိုင်တဲ့ ကားပျံ စမ်းသပ်မှု အောင်မြင်
ဂျပန်ကုမ္ပဏီတခုက ကားပျံ စမ်းသပ်မောင်းနှင်မှုမှာ အောင်မြင်တယ်လို့ ကြေညာလိုက်ပါတယ်။ သြဂုတ် ၂၅ ရက်က Sky Drive Inc. ရဲ့ စမ်းသပ်မောင်းနှင်မှုဟာ အောင်မြင်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားလိုက်တာပါ။
အဆိုပါ စမ်းသပ် မောင်းနှင်မှုကို ဂျပန်နိုင်ငံရဲ့အကြီးဆုံး ကားထုတ်လုပ်ရေးတခုဖြစ်တဲ့ တိုယိုတာကားကုမ္ပဏီပိုင် စမ်းသပ်ရေးကွင်းမှာ မောင်းနှင်ပြခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ဂျပန်နိုင်ငံသမိုင်းမှာ ပထမဆုံးအကြိမ် ကားပျံ စမ်းသပ် မောင်းနှင်မှုလည်း ဖြစ်ခဲ့ပါတယ်။
“SD-03” လို့ နာမည်ပေးထားတဲ့ လူလိုက်ပါ မောင်းနှင်နိုင်တဲ့ ကားပျံကို ကွင်းထဲမှာ ၄ မိနစ်ကြာ မောင်းပြခဲ့တာပါ။ “Sky Drive ကနေ ၂ နှစ်အတွင်း ဂျပန်ရဲ့ ပထမဆုံး လူလိုက်ပါ မောင်းနှင်နိုင်တဲ့ ကားပျံ စမ်းသပ် မောင်းနှင်မှုဟာ အရမ်းကို စိတ်လှုပ်ရှားမိပါတယ်။ စီးပွားဖြစ် ထုတ်လုပ်နိုင်ဖို့အတွက်လည်း ရည်မှန်းထားတယ်” လို့ CEO Tomohiro Fukuzawa က ပြောပါတယ်။
“လူအဖွဲ့စည်းမှာ ကားပျံတွေကို သက်သောင့်သက်သာရှိပြီး မိုးပေါ်ပျံနိုင်တယ်ဆိုတာ လက်ခံ ယုံကြည်လာ စေချင်တယ်။ လူတွေကို လက်ရှိထက် ပိုကောင်းပြီး လုံခြုံစိတ်ချရတဲ့ ခရီးသွားပုံစံသစ် တမျိုးကို ရစေချင်တာပါ” CEO က ဆိုပါတယ်။
SD-03 ဟာ ကမ္ဘာ့အသေးဆုံး လျှပ်စစ်ကားဖြစ်ပြီး ကား၂ စီး ရပ်ရုံနေရာနဲ့တင် အဆင်း၊ အတက် ပျံသန်းနိုင်တယ်လို့ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မော်တာ ၈ လုံး တပ်ဆင်ထားပြီး အရေးပေါ်လုံခြုံရေး အစီအမံတွေ ထည့်သွင်းထားပါတယ်။
ကုမ္ပဏီဘက်ကလည်း SD-03 ကားပျံကို ပစ္စည်းသစ်တခုအနေနဲ့ ချပြခြင်း မဟုတ်ဘဲ တကယ့်လက်တွေ့ ဘဝထဲမှာပါ အသုံးဝင်ဖို့ မျှော်မှန်းထားပါတယ်။ နောက်ထပ် စမ်းသပ် မောင်နှင်မှုတွေ ပြုလုပ်ပြီး ကြုံတွေ့လာမယ့် အခြေအနေ အမျိုးမျိုးကို ပြင်ဆင်ကာ စံသတ်မှတ်ချက်တွေနဲ့အညီ လုပ်ဆောင်သွားဖို့ ရှိပါတယ်။
တိုယိုတာ စမ်းသပ် မောင်းနှင်ကွင်းမှာ သရုပ်ပြမောင်းနှင်မှု အောင်မြင်ခဲ့တာကြောင့် ဒီနှစ် အကုန်ပိုင်းမှာ တခြားနေရာတွေမှာပါ စမ်းသပ် မောင်းနှင်သွားဖို့ ရှိပါတယ်။ အဆိုပါ နည်းပညာအသစ်ကို ဆက်လက်အကောင်အထည်ဖော်ပြီး ၂၀၂၃ မှာ ဈေးကွက်တင် ရောင်းချသွားဖို့ ကြိုးစားနေပါတယ်။ ဈေးနှုန်းကိုတော့ လက်ရှိအချိန်ထိ မသတ်မှတ်ရသေးပါဘူး။
“ဒီဇိုင်းပိုင်းကိုလည်း ခေတ်မီပြီး အနာဂတ်မှာ ဖောက်သည်တွေ ဝယ်ချင်လာအောင် ဆွဲဆောင်နိုင်မယ့် ပုံမျိုးကို Sky Drive ကနေ နည်းပညာသစ်တွေနဲ့ ပေါင်းစပ် ဖန်တီးပေးထားပါတယ်။ ပို့ဆောင်ရေး ပုံစံသစ် ကားပျံကို ဖန်တီးဖို့ “progressive” keyword ကို မှီငြိမ်းထားတာပါ” လို့ ဒီဇိုင်းဒါရိုက်တာ Takumi Yamamot က ပြောပြသွားပါတယ်။
Ref: edition.cnn
You may also like these stories:
သမ္မတ ထရမ့်ကို TikTok ကုမ္ပဏီဘက်က တရားစွဲမည်
WeChat ပိတ်လိုက်တာကြောင့် တရုတ် iPhone ဈေးကွက် ရောင်းအား ကျဆင်းနိုင်