အမေရိကန်နိုင်ငံ၊ Mojave Desert မှာရှိတဲ့ လေတပ် စစ်လေယာဉ်တွေနဲ့အတူ ခြေလေးချောင်းထောက် စက်ရုပ်ခွေးတွေ လေယာဉ်ကွင်းထဲမှာ လှုပ်ရှားနေတာကို မြင်တွေ့ရမှာပါ။ ဒါဟာ အနာဂတ်မှာ ဖြစ်ပေါ်လာမယ့် စစ်ဆင်ရေးပုံစံလည်း ဖြစ်ပါတယ်။
ယခင်အပတ်က ပြုလုပ်ခဲ့တဲ့ စစ်ရေးလုပ်ရှားမှုဟာ အမေရိကန်စစ်တပ်ရဲ့ အကြီးဆုံး နည်းပညာအမြင့်ဆုံး စမ်းသပ်မှုတွေကို လုပ်ဆောင်ခဲ့တာဖြစ်ပြီး ရုပ်ရှင်ထဲကအတိုင်း အပြင်မှာ လက်တွေ့မြင်တွေ့ခဲ့ကြတာပါ။ စက်တင်ဘာ ၃ ရက်နေ့၊ Air Force သတင်းဌာနက ထုတ်ပြန်ချက်အရ အမေရိကန်လေတပ်သုံး Air Force C-130 လေ ယာဉ်ကြီးနဲ့အတူ စက်ရုပ်ခွေးတွေက အန္တရာယ် ရှိ၊ မရှိ ကြိုတင်စစ်ဆေးတာမျိုးတွေ လေ့ကျင့်ကြပါတယ်။
အမေရိကန်စစ်တပ်က Advanced Battle Management System (ABMS) လေ့ကျင့်မှုမှာ AI နည်းပညာလို အဆင့်မြင့်နည်းပညာတွေနဲ့ ဂြိုဟ်တုတွေထိပါ ချိတ်ဆက်ထားပြီး အမေရိကန်နိုင်ငံကို ပစ်မှတ်ထားတဲ့ ဘယ်တိုက်ခိုက်မှုကို မဆို ကာကွယ်နိုင်အောင် ပြင်ဆင်ထားတာ ဖြစ်ပါတယ်။
သြဂုတ် ၃၁ ရက်နေ့ကနေ စက်တင်ဘာ ၃ ရက်နေ့ထိ ABMS လေ့ကျင့်ရေးမှာ ကမ်းရိုတန်းစောင့်တပ်တွေ အပါအဝင် တပ်ခွဲတိုင်း ပါဝင်ကြပြီး နိုင်ငံတဝှမ်း နေရာ ၃၀ မှာ ပူးပေါင်းလေ့ကျင့်ခဲ့ကြတာ ဖြစ်ပါတယ်။ နီဗာဒါမှာရှိတဲ့ Nellis လေတပ်စခန်းမှာတော့ ခြေလေးချောင်းထောက် စက်ရုပ်ခွေးတွေနဲ့ပါ အတူ ပူးပေါင်းလေ့ကျင့်ခဲ့ကြပါတယ်။
နီဗာဒါမှာရှိတဲ့ Nellis လေတပ်စခန်းမှာ Ghost Robotics Vision 60 ရှေ့ပြေးပုံစံ စက်ရုပ်တွေနဲ့အတူ လေ့ကျင့်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ စက်ရုပ်ခွေးတွေကို ထုတ်လုပ်ပေးတဲ့ ဖီလာဒဲလ်ဖီးယား အခြေစိုက် Ghost Robotics က Vision 60 UGVs လို့ နာမည်ပေးထားပါတယ်။
“တခြား ခြေချောင်းထောက် စက်ရုပ်တွေထက် ကျနော်တို့ ကုမ္ပဏီက ခွေးစက်ရုပ်တွေကို စက်ပိုင်းဆိုင်ရာ အရိုးရှင်းဆုံးဖြစ်အောင် အတတ်နိုင်ဆုံး ပုံဖော်ထားပြီး ယခင်သုံးနေကျ ဘီးတပ် သယ်ဆောင်ရေးယာဉ်တွေ အတိုင်းပဲ လုပ်ပေးထားတာပါ။ ရိုးရှင်းပေမယ့် အကြမ်းခံပြီး သက်တမ်းကြာရှည်အောင် တည်ဆောက်ထားပါတယ်” လို့ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“နည်းပညာခေတ်ကြီးမှာ ကျနော်တို့ တိုက်ပွဲဝင်စစ်သည်တွေဟာ အဆင့်မြင့် နည်းပညာ အကူအညီတွေနဲ့ စစ်ပွဲတိုင်းမှာ စွမ်းဆောင်ရည် ပိုကောင်းအောင် လုပ်ဆောင်လာနိုင်ပါပြီ” လို့ ဗိုလ်ချုပ်ကြီး John Raymond က ဆိုပါတယ်။
Ref: edition.cnn
You may also like these stories:
အမေရိကန်မှာ ကလေး ၅ သိန်းကျော် COVID-19 ကူးစက်ခံထားရ
စက်တင်ဘာ ၁၂ ကစပြီး အိမ်ဖြူတော်သို့ သွားရောက် လည်ပတ်ခွင့်ပြု
Air Force One ကို အသံထက်မြန်တဲ့ လေယာဉ်နဲ့ ပြောင်းလဲဖို့ စီစဉ်