Amazon ပိုင် အိမ်တွင်းလုံခြုံရေးပစ္စည်းလုပ်ငန်း Ring ကနေ ပျံသန်းနိုင်တဲ့ ကင်မရာငယ်ကို မိတ်ဆက်လိုက်ပါတယ်။ စိတ်ဝင်စားစရာ အိမ်တွင်းထောက်လှမ်းရေး ပန်ကာ ဆိုပေမယ့် ကိုယ်ရေးအချက်အလက်တွေကို ချိုးဖောက်ခံရတာမျိုးလည်း ဖြစ်နေနိုင်ပါတယ်။
ပန်ကာတပ် အိမ်တွင်းလုံခြုံရေး ဒရုန်းကို “Ring Always Home Cam” လို့ နာမည်ပေးထားပြီး အမေရိကန် ဒေါ်လာ ၂၅၀ ကျသင့်ပါတယ်။ အဆိုပါ ကုန်ပစ္စည်းအသစ်ကို Amazon ရဲ့ အွန်လိုင်း ပွဲတပွဲမှာ မိတ်ဆက် ချပြခဲ့တာ ဖြစ်ပါတယ်။
ဒရုန်းဟာ ပေါ့ပါးပြီး သေးငယ်တဲ့အပြင် အရည်အသွေးမြင့် ကင်မရာ တပ်ဆင်ထားသလို၊ ကြိုတင်သတ်မှတ်ပေးထားတဲ့ လမ်းကြောင်းအတိုင်း အိမ်ရဲ့အနီးအနားဝန်းကျင်မှာ အလိုအလျောက် ပျံသန်းပြီး ပုံရိပ်တွေကို ဗီဒီယို မှတ်တမ်းတင် ပေးပို့နေမှာ ဖြစ်ပါတယ်။
သုံးစွဲသူဟာ စမတ်ဖုန်း App ကတဆင့် လမ်းကြောင်း သတ်မှတ်ပေးထားနိုင်သလို၊ ဒရုန်းကိုယ်တိုင် ပျံသန်းရင်း လှုပ်ရှားမှုပုံရိပ်တွေကို အလိုအလျောက် ဖမ်းယူပေးမှာ ဖြစ်ပါတယ်။ နောက်နှစ်မှာ ဈေးကွက်ထဲ ရောင်းချပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ ထောက်လှမ်းရေး ဒရုန်းတွေကို အိမ်တွင်းအတွက်ပဲ အသုံးပြုဖို့ ရည်ရွယ်ထားတာဖြစ်ပြီး၊ ဒရုန်းကို Ring Alarm စနစ်နဲ့ ချိတ်ဆက်ထားတာပါ။ ကင်မရာကို ဒရုန်းရဲ့ အလယ်တိုင်မှာ တပ်ဆင်ထားပြီး ပျံသန်းနေစဉ်မှာသာ ပုံရိပ်တွေကို ရိုက်ကူးထားနိုင်မှာဖြစ်တယ်လို့ Ring ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ Leila Rouhi က ပစ္စည်းမိတ်ဆက်ပွဲမှာ ရှင်းပြခဲ့ပါတယ်။
“လူတိုင်းကတော့ ကိုယ့်အိမ်မှာ ဘာဖြစ်နေတယ်ဆိုတာ တချိန်လုံး သိချင်နေမယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမဲ့ တအိမ်လုံးကိုခြုံပြီး လိုက်ကြည့်နေနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ” လို့ Rouhi က ဒရုန်း ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းကို ပြောပြသွားပါတယ်။
Ring ရဲ့ Always Home Cam ဒရုန်းကို နောက်နှစ်ထဲမှာ ဈေးကွက်ထဲဖြန့်မယ်လို့ ဆိုနေပေမယ့် မိတ်ဆက်ပွဲမှာတောင် ဒရုန်းကို လက်တွေ့စမ်းသပ် ပျံပြတာမျိုး မလုပ်ပြခဲ့ဘဲ ကြိုတင် ရိုက်ကူးထားတဲ့ ဗီဒီယိုနဲ့ လုပ်ဆောင်ပုံတွေကို မြင်တွေ့ခဲ့ကြတာပါ။
Ring ဟာ အမေရိကန်နိုင်ငံ တဝှမ်းက ရဲဌာန ရာကျော်နဲ့ ပူးပေါင်း လုပ်ဆောင်နေတဲ့ လုပ်ငန်းဖြစ်တာကြောင့် အသုံးပြုသူက ဗီဒီယို ရိုက်ကူးနိုင်တယ်လို့ အလွယ်ပြောဆိုနေပေမယ့် ကိုယ်ပိုင်လွတ်လပ်ခွင့်ဥပဒေတွေကြား ထည့်သွင်းစဉ်းစားရမှာမျိုးတွေ ရှိပါတယ်။
နောက်ထပ် အားနည်းချက်ကတော့ ဒရုန်း ပျံသန်းနေစဉ်မှာ ဆူညံသံတွေ ရှိနေတဲ့အချက်ပါ။ အသုံးပြုနေစဉ်မှာအသံကြောင့် အရမ်းသိသာလွန်းပြီး အသံငြိမ်သွားအောင်လည်း ထိန်းချုပ်လို့ မရသေးပါဘူး။
Ref: edition.cnn
You may also like these stories:
Airbus ကုမ္ပဏီကနေ ဟိုက်ဒရိုဂျင်စွမ်းအင်သုံး လေယာဉ် တည်ဆောက်မည်
LG ကုမ္ပဏီကနေ PuriCare ဘက်ထရီသုံး လေသန့်စင် Mask တီထွင်
Mask မတပ်ထားရင် အသိပေးမယ့် လူပုံစံတူ စက်ရုပ်လေး Pepper