ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကာလအတွင်း တောင်ကိုရီးယားနိုင်ငံရဲ့ ဘာဂါဆိုင်တဆိုင်မှာ ဝန်ထမ်းတွေနဲ့ စားသုံးသူတွေကြား ထိတွေ့မှုနည်းအောင် AI စက်ရုပ်တွေကို အစားထိုး အသုံးပြုလာပါတယ်။ မြို့တော် ဆိုးလ်မှာရှိတဲ့ ဘာဂါဆိုင်ရဲ့ ထူးခြားချက်ကတော့ တခြားဆိုင်တွေနဲ့မတူ ဝန်ဆောင်မှုပေးမယ့် ဝန်ထမ်းတွေဟာ စက်ရုပ်တွေ ဖြစ်နေတာပါ။
No Brand ဘာဂါဆိုင်ကြီးမှာ အော်ဒါမှာတာကအစ ပါဆယ်ယူတာအဆုံး ဝန်ထမ်းတွေနဲ့ မျက်နှာချင်းဆိုင် ထိတွေ့မှုနည်းအောင် AI စက်ရုပ်တွေကို အစားထိုး အသုံးပြုနေပါတယ်။ အော်ဒါကိုလည်း သတ်မှတ်ထားတဲ့ Touchscreen ကတဆင့် စိတ်ကြိုက် ရွေးချယ် မှာယူနိုင်ပြီး၊ အစားအသောက်တွေကို စက်ရုပ်တွေက စားသုံးသူထံ သယ်ဆောင်လာပေးမှာပါ။
စားသုံးသူတွေက အစားအသောက် စောင့်နေတုန်းမှာ Capsule (ဆေးတောင့်) ပုံစံ စက်ရုပ်တွေကို စူးစမ်းချင်စိတ်နဲ့ ကြည့်ကြသလို၊ အမှတ်တရ ဓာတ်ပုံလည်း ရိုက်သွားတတ်ကြပါတယ်။ ဆေးတောင့်ပုံစံ AI စက်ရုပ်ကို မြင်လိုက်ရင် နာမည်ကျော် “Despicable Me” ဇာတ်ကားထဲက ဇာတ်လိုက်ကျော် Minions ဇာတ်ကောင်ကိုတောင် ပြန်အမှတ်ရစေတယ်လို့ ဆိုပါတယ်။
အဝါနဲ့ အနက်ရောင်စပ် AI စက်ရုပ်တွေကြောင့် No Brand ဘာဂါဆိုင်ကြီးက စားသောက်ဆိုင်နဲ့ မတူဘဲ အပြင်ကကြည့်မယ်ဆိုရင် အရုပ်ဆိုင်လို့တောင် အထင်မှားစေနိုင်ပါတယ်။ “ဒီလို စက်ရုပ်မျိုး ပထမဆုံးအကြိမ် မျက်မြင်တွေ့ဖူးတာပါ။ အံ့သြစရာကောင်းသလို၊ ပျော်ဖို့လည်းကောင်းတယ်” လို့ အသက် ၃၁ နှစ်အရွယ် ကုမ္ပဏီဝန်ထမ်း ရှင်ဟွန်ဆူးက ဆိုပါတယ်။
ဆိုင်မန်နေဂျာဖြစ်သူ ဘေအွန်ရောင်းက “စားသုံးသူတွေက Touchscreen ကတဆင့် မှာလိုက်တဲ့ အစားအသောက်တွေက မီးဖိုးချောင်ကို အလိုအလျောက် ရောက်သွားမှာဖြစ်ပြီး၊ အော်တိုစနစ်သုံး ဟင်းချက်စက်ကနေ ပြင်ဆင် ချက်ပြုတ်ပေးမှာ ဖြစ်ပါတယ်”
“ဝန်ထမ်းတွေက လိုအပ်တဲ့ ဟင်းချက်ပစ္စည်းတွေကို ပြင်ဆင်ပေးထားရပြီး ထုပ်ပိုးကာ ဝန်ဆောင်မှုပေးမယ့် စက်ရုံတွေပေါ် တင်ပေးလိုက်ရုံပါပဲ” လို့ လုပ်ဆောင်ပုံ အဆင့်ဆင့်ကို ရှင်းပြပါတယ်။ “စားသုံးသူတွေက လူအချင်းချင်းလုံးဝ ထိတွေ့စရာ မလိုအပ်ဘဲ အစားအသောက်တွေကို မှာယူနိုင်တယ်” လို့ ဘေအွန်ရောင်းက ဆိုပါတယ်။
အဆိုပါ စက်ရုပ်အစားထိုးစနစ်ဟာ လက်ရှိမှာ ချမှတ်ထားတဲ့ COVID-19 စည်းမျဉ်းတွေကြား ဆိုင်ရောင်းအား တက်လာအောင် ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ ကော်ဖီဆိုင်အားလုံးကို Takeout စနစ်သာ ခွင့်ပြုထားပြီး စားသောက်ဆိုင်တွေကိုတော့ ည ၉ နာရီ နောက်ပိုင်းကစလို့ ပါဆယ်စနစ်ပဲ ရောင်းချရမယ်လို့ သတ်မှတ်ပေးထားပါတယ်။
Ref: abc News