တောင်ကိုရီးယားနိုင်ငံ ဆမ်ဆောင်း ကုမ္ပဏီကြီးရဲ့ တတိယနှစ်ဝက် အမြတ်ငွေဟာ ၆၀ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့တယ်လို့ ခန့်မှန်းထားကြပါတယ်။ အထူးသဖြင့် အမေရိကန်နိုင်ငံက တရုတ်အပေါ် ကန့်သတ်မှုတွေကြောင့် ဆမ်းဆောင်းရဲ့ ဖုန်းနဲ့ ဆက်စပ်ပစ္စည်းတွေကနေ အမြတ်စွန်းတွေ ပိုရလာတာပါ။
ပြိုင်ဘက်ဖြစ်တဲ့ တရုတ်ကုမ္ပဏီ Huawei ဟာ အမေရိကန်ရဲ့ ကန့်သတ် ပိတ်ဆို့ခံထားရတာကြောင့် ဆမ်ဆောင်းရဲ့အမြတ်ငွေ မြင့်တက်လာတာပါ။ တောင်ကိုရီးယား နည်းပညာကုမ္ပဏီကြီးဟာ ဇူလိုင်ကနေ စက်တင်ဘာ ၃ လ အတွက် အမြတ်ငွေ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၆ ဘီလီယံ (ကိုရီးယားဝမ် ၁၂ ဒသမ ၃ ထရီလီယံ) လောက် ရခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ မနှစ်က ဒီလိုအချိန်ထက်စာရင် ကိုရီးယားဝမ် ၇ ဒသမ ၈ ထရီလီယံ မြင့်တက်လာခဲ့တာပါ။
၂ နှစ်တာ ကာလအတွင်းမှာ ဆမ်ဆောင်းအတွက် အမြတ်ငွေ အများဆုံးဝင်ခဲ့တဲ့ ကာလလည်း ဖြစ်တယ်လို့ ခန့်မှန်းကြပါတယ်။ ဆမ်ဆောင်း စီးပွားရေးလုပ်ငန်းစုကြီးဟာ ကိုရီးယားနိုင်ငံရဲ့ စီးပွားရေးအခန်းကဏ္ဍမှာလည်း အရေးပါတဲ့ လုပ်ငန်းတခု ဖြစ်ပါတယ်။
လေ့လာသုံးသပ်သူတဦးဖြစ်တဲ့ James Kang ကတော့ ဆမ်ဆောင်းဟာ သြဂုတ်လမှာ ဈေးကွက်ထဲ ရောင်းချခဲ့တဲ့ Galaxy Note 20 နဲ့ Galaxy Z Fold 2 မော်ဒယ်တွေကြောင့် နှစ်လယ်ပိုင်းမှာ အမြတ်စွန်းငွေ အများအပြား ရခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဝါရှင်တန်အစိုးရဟာ စက်တင်ဘာ ၁၅ ရက်က စတင်သက်ဝင်မယ့် Huawei ကုမ္ပဏီရဲ့ စမတ်ဖုန်းနဲ့ နောက်ဆုံးပေါ် နည်းပညာ 5G ဆက်စပ်ပစ္စည်းတွေကို ကန့်သတ် ပိတ်ပင်လိုက်တာ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်အပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိခဲ့တယ်လို့ လေ့လာသုံးသပ်သူ Kim Min Soo က ဆိုပါတယ်။
“ဈေးကွက်အပေါ် အများကြီး သက်ရောက်ခဲ့တာပါ။ ဆမ်ဆောင်းကိုပဲ ကြည့်လေ။ Huawei နဲ့ အဓိက ဈေးကွက် အပြိုင်လုနေရတဲ့ ဥရောပဈေးကွက်ကနေ အမြတ်အစွန်းတွေ ရလိုက်ပါတယ်” လို့ Kim Min Soo က သုံးသပ်သွားပါတယ်။
ဆမ်ဆောင်းဟာ Memory chips တွေကို ထုတ်လုပ်နေတဲ့ ကမ္ဘာ့အကြီးဆုံး ထုတ်လုပ်ရေးဖြစ်ပြီး DRAM (Dynamic Random Access Memory) ဈေးကွက်မှာ ၄၃ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ဦးဆောင်နေသူပါ။ လေ့လာသူတွေကတော့ ၃ လဆက်တိုက် ကျဆင်းနေရာကနေ ၂၀၂၀ ခုနှစ်ကုန်ပိုင်းမှာ ၁၃ ကနေ ၁၈ ရာခိုင်နှုန်းလောက် DRAM ဈေးကွက် ကျဆင်းသွားနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။
ဆမ်ဆောင်း ကုမ္ပဏီဘက်က သူတို့ရဲ့ အမြတ်ငွေ ကိန်းဂဏန်း အတိအကျကို အောက်တိုဘာလကုန်ပိုင်းမှာ ထုတ်ပြန်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
Ref: Bangkok Post
You may also like these stories:
Samsung ရဲ့ အိမ်တိုင်ရာရောက် ဖုန်းအစမ်းသုံး ဝန်ဆောင်မှု စတင်
စမတ်ဖုန်းတိုင်းကို ခရမ်းလွန်ရောင်ခြည်ဖြင့် Samsung မှ အခမဲ့ ပိုးသတ်ပေးမည်
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် Samsung Galaxy Z Flip စက်ရုံအား ပိတ်သိမ်း