မိုက်ခရိုဆော့ဖ်သည် ထိုင်ဝမ်တွင် ၎င်း၏ပထမဆုံး cloud-computing အချက်အလက်ဌာန ထူတောင်ခြင်းဖြင့် ၎င်း၏ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုကို ပြုလုပ်တော့မည်ဖြစ်ပြီး ထိုအချက်အလက်ဌာနသည် တရုတ်-အမေရိကန် နည်းပညာစစ်ပွဲ ပြင်းထန်မှုကြောင့် ပေါ်ပေါက်လာသည့် မရေရာမှုများအကြားတွင် အာရှ၏ အဓိကအချက်အခြာဖြစ်လာမည်လည်း ဖြစ်သည်။
၎င်းတို့သည် အချက်အလက်နှင့် ဆိုက်ဘာလုံခြုံရေးအတွက်နှစ်စဉ် အမေရိကန်ဒေါ်လာ ၁.၅ ဘီလျှံရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး အီလက်ထရွန်းနစ် ကုန်စည်ပံ့ပိုးမှု ကွင်းဆက်လုံခြုံရေး မြှင့်တင်ရန် ထိုင်ဝမ်နှင့် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း မိုက်ခရိုဆော့ဖ်ကပြောသည်။
” လွန်ခဲ့တဲ့ ၃၁ နှစ်အတွင်း ထိုင်ဝမ်မှာ ကျနော်တို့ရဲ့ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုကို လုပ်လိုက်တဲ့အတွက် ဒီနေ့ဟာ မိုက်ခရိုဆော့ဖ်အတွက် အရမ်းကိုအရေးပါတဲ့နေ့ဖြစ်ပါတယ် ” ဟု မိုက်ခရိုဆော့ဖ် ထိုင်ဝမ် အထွေထွေ မန်နေဂျာ ကန်ဆန်းက သတင်းစာရှင်းလင်းပွဲတခုတွင် ပြောသည်။ “ထိုင်ဝမ်ဟာ ကြွယ်ဝတဲ့ ပါရမီရှင်တွေနဲ့ ပြီးပြည့်စုံတဲ့ နည်းပညာ ပံ့ပိုးမှု ကွင်းဆက်ကို ပိုင်ဆိုင်တာကြောင့် မိုက်ခရိုဆော့ဖ်အတွက် ယုံကြည်အားထားရတဲ့ မိတ်ဆွေဖြစ်ပါတယ်။ ကျနော်တို့ဟာ ဒီမှာ တပိုင်းလျှပ်ကူး၊ ဆက်သွယ်ရေး၊ မီဒီယာဆိုင်ရာနဲ့ အခြားလုပ်ငန်းတွေမှာလည်း လုပ်ငန်းအလိုက် ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အလမ်းတွေကိုလည်း တွေ့ရပါတယ်” ဟုလည်း သူပြောသည်။
ဂူဂဲလ်က ၎င်းတို့၏ တတိယမြောက် အချက်အလက်ဌာနကို ထိုင်ဝမ်တွင် တည်ဆောက်မည်ဖြစ်ကြောင်း ပြောပြီး တလအကြာတွင် မိုက်ခရိုဆော့ဖ်က ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်။
၎င်းတို့၏ Azure cloud-computing လုပ်ငန်းသည် ထိုင်ဝမ်တွင် တိုက်ရိုက်နှင့် သွယ်ဝိုက်အလုပ်အကိုင်ပေါင်း ၃၀၀၀၀ ဖန်တီးပေးပြီး ၂၀၂၄ ခုနှစ်အရောက်တွင် ထိုင်ဝမ်ဒေါ်လာ ၃၀၀ ဘီလျှံ ( အမေရိကန်ဒေါ်လာ ၁၀.၅ ဘီလျှံ ) စီးပွားရေးတန်ဖိုးကို ဖန်တီးပေးရန် စီစဉ်ထားကြောင်း မိုက်ခရိုဆော့ဖ်ကပြောသည်။
ဂူဂဲလ်က ၎င်းတို့၏ တတိယမြောက် အချက်အလက်ဌာနကို ထိုင်ဝမ်တွင် တည်ဆောက်မည်ဖြစ်ကြောင်း ပြောပြီး တလအကြာတွင် မိုက်ခရိုဆော့ဖ်က ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်။
ထိုင်ဝမ်သည် ဒီမိုကရေစီနည်းကျအုပ်ချုပ်နေသော်လည်း တရုတ်နိုင်ငံက ထိုဒေသကို ၎င်းတို့၏ ပိုင်နက်အဖြစ်သတ်မှတ်ကာ သိမ်းယူမည်ဟု ဆိုသည်။ ထိုင်ဝမ်ကျွန်း၏ တည်နေရာသည် အာရှတွင် အချက်အလက်ဖလှယ်ရေးအတွင် သေနင်္ဂဗျူဟာ ကျသည့် အချက်အခြာနေရာဖြစ်ကြောင်း ဂူဂဲလ်ကပြောသည်။
“ကုန်စည်ပံ့ပိုးမှု ကွင်းဆက်တွေကို ပြန်လည်နေရာချထားနေချိန်မှာ မိုက်ခရိုဆော့ဖ်ရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ အမေရိကန်နဲ့ ထိုင်ဝမ်အကြား ပိုမိုနက်ရှိုင်းတဲ့ ပူပေါင်းဆောင်ရွက်မှု သင်္ကေတဖြစ်ပါတယ်။ ထိုင်ဝမ်ဟာ အဆင့်မြင့် ကွန်ပျူတာပစ္စည်း ထုတ်လုပ်ရာမှာ အစားထိုးမရတဲ့ အားသာချက်ရှိပြီး ကျမတို့ဟာ အမေရိကန်နဲ့ အခြားတိုးတက်တဲ့ နိုင်ငံတွေအတွက် အားထားလုံခြုံတဲ့ မိတ်ဆွေဖြစ်ပါတယ်။ မိုက်ခရိုဆော့ဖ်ရဲ့ ရင်းနှီးမြှုပ်နှံမှုက နိုင်ငံတကာ အသိုင်းအဝန်းနဲ့ အမေရိကန်နဲ့ ကျမတို့ရဲ့ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ အဓိကအချက်ဖြစ်ပါတယ်” ဟု ထိုင်ဝမ် သမ္မတ ဆိုင်းအင်းဝန်က သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။
တရုတ်နှင့်အမေရိကန်အကြား နည်းပညာ ပဋိပက္ခကြီးမားနေချိန်တွင် ထိုင်ဝမ်သည် အမေရိကန်နှင့် နွေးထွေးသော ဆက်ဆံရေးကို ထူထောင်ထားရန် ရည်ရွယ်သည်။ အမေရိကန်နိုင်ငံတွင်ရွေးကောက်ပွဲကျင်းပရန် တပတ်ခန့်သာလိုတော့သည်။
ထရမ့်အစိုးရသည် တရုတ်န်ိုင်ငံ၏ နည်းပညာတိုးတက်မှုကို ပိတ်ဆို့ရန် အပြင်းအထန်ကြိုးစားနေပြီး တရုတ်နိုင်ငံအပေါ်မှီခိုမှု လျှော့ချရန် ကမ္ဘာ့ကုန်စည်ပံ့ပိုးသူများကို တောင်းဆိုနေသည်။ အမေရိကန်အစိုးရသည် တရုတ်နိုင်ငံမှ အကြီးမားဆုံး နည်းပညာလုပ်ငန်းဖြစ်သော ဟွာဝေး သို့ ကုန်စည်ပေးသွင်းမှုနှင့် တရုတ် cloud computing လုပ်ငန်းများဖြစ်သော အလီဘာဘာအုပ်စု ကဲ့သို့သောလုပ်ငန်းများကို အသုံးပြုခြင်းတို့ကို ထိန်းချုပ်မှု စတင်လုပ်ဆောင်နေသည်။ တရုတ် cloud computing လုပ်ငန်းများသည် လုံခြုံရေး အန္တရာယ်ရှိသည်ဟု အမေရိကန်က ၎င်းတို့၏ သန့်စင်သော ကွန်ရက် Clean Network အရ သတ်မှတ်ထားသည်။
တရုတ်နိုင်ငံက ဟောင်ကောင်အတွက် အမျိုးသားလုံခြုံရေးဥပဒေကို ပြဋ္ဌာန်းလိုက်ပြီး လအနည်းငယ်အကြာတွင် မိုက်ခရိုဆော့ဖ်က ၎င်းတို့၏ အချက်အလက်ဌာနသစ်ကို ထိုင်ဝမ်တွင် တည်ထောင်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ထိုင်ဝမ်အစိုးရသည် ထိုင်ဝမ်၏ ကမ္ဘာ့နည်းပညာအုပ်စုများအတွက် ထိုင်ဝမ်၏ သေနင်္ဂဗျူဟာ အနေအထားကို မြှင့်တင်ရန်နှင့် တရုတ်စကားပြောသော လောကတွင် အားထားစရာ အကောင်းဆုံး မိတ်ဆွေအဖြစ် ၎င်းတို့ကို မြှင့်တင်ရန်အတွက် မိုက်ခရိုဆော့ဖ်နှင့် ဂူဂဲလ်အပြင် ဖေ့ဘွတ်၏ အချက်အလက်ဌာနကို ထိုင်ဝမ်ကျွန်းတွင် တည်ဆောက်ရန်လည်း ဆွဲဆောင်နေသည်။
တရုတ်နိုင်ငံက ဟောင်ကောင်အတွက် အမျိုးသားလုံခြုံရေးဥပဒေကို ပြဋ္ဌာန်းလိုက်ပြီး လအနည်းငယ်အကြာတွင် မိုက်ခရိုဆော့ဖ်က ၎င်းတို့၏ အချက်အလက်ဌာနသစ်ကို ထိုင်ဝမ်တွင် တည်ထောင်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ထိုဥပဒေကို ပြဋ္ဌာန်လိုက်ခြင်းကြောင့် အချက်အလက်အသုံးပြုမှုများပြားသည့် စီးပွားရေးလုပ်ငန်းများအတွက် ဟောင်ကောင်၏ ဆွဲဆောင်မှုသည် လျှော့ကျသွားခဲ့သည်။
မိုက်ခရိုဆော့ဖ်သည် ကမ္ဘာတဝှမ်းတွင် Azure အချက်အလက်ဌာန ၆၀ ကျော်ရှိပြီး တရုတ်နိုင်ငံတွင်လေးခုနှင့် ဟောင်ကောင်တွင် တခုရှိသည်။ အခြားသောအာရှနိုင်ငံများအကြား တောင်ကိုရီးယားနှင့် ဂျပန်တွင် နှစ်ခုစီနှင့် သြစတြေးလျှတွင် ၄ ခုနှင့် စင်္ကာပူတွင် တခုရှိသည်။
“ဟောင်ကောင်က အချက်အလက်ဌာနကို ထိုင်ဝမ်ကို ရွှေ့ပြောင်းဖို့ အစီအစဉ်မရှိပါဘူး။ ကျနော်တို့ရဲ့ အချက်အလက်ဌာနကို ထိုင်ဝမ်မှာတိုးချဲ့ဖို့သာ မျှော်မှန်းထားပါတယ်” ဟု မိုက်ခရိုဆော့ဖ်မှ ဆန်း က တနင်္လာနေ့တွင်ပြောသည်။
ထိုင်ဝမ်ရှိ အမေရိကန်၏ အမည်မခံသော သံရုံးဖြစ်သည့် အမေရိကန် အင်စတီကျုမှ ဒုတိယညွှန်ကြားရေးမှူး ရေမွန် ဂရင်းသည် Foxconn (Hon Hai Precision Industry) ဥက္ကဋ္ဌ ယန်လျှူ၊ Wistron ဒုတိယ ဥက္ကဋ္ဌ ရောဘတ်ဟွောင် နှင့် Acer ဥက္ကဋ္ဌ ဂျေဆင် ချန်း အပါအဝင် မိုက်ခရိုဆော့ဖ်ကွန်ပျူတာပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းများမှ အမှုဆောင်များနှင့်အတူ ထိုသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည်။
” မိုက်ခရိုဆော့ဖ်က ကျနော်တို့ မိတ်ဆွေဖြစ်တယ်။ သူတို့ရဲ့ ထိုင်ဝမ်မှာ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် ကျနော်တို့က ပူးပေါင်းဆောင်ရွက်မယ်။ လာမယ့်ရင်းနှီးမြှုပ်နှံသူများ ညီလာခံမှာ အသေးစိတ်တွေကို ပြောကြားနိုင်မှာဖြစ်ပါတယ်” ဟု Foxconn မှ လျှူက သတင်းထောက်များကိုပြောသည်။
iPhone တပ်ဆင်သောလုပ်ငန်းဖြစ်သည့် Foxconn သည် ကမ္ဘာတွင် ထိပ်တန်း ဆာဗာတည်ဆောက်သော လုပ်ငန်းဖြစ်ပြီး ၎င်းတို့၏ ဖေါက်သည်များတွင် HP, Dell နှင့် မိုက်ခရိုဆော့ဖ်လည်း ပါဝင်သည်။
အချက်အလက်ဌာနသစ်တည်ထောင်ပြီးနောက် မိုက်ခရိုဆော့ဖ်သည် Azure ကွန်ပျူတာပစ္စည်းစနစ် နှင့် အခြေခံအဆောက်အအုံအဖွဲ့ကို တိုးချဲ့မည်ဖြစ်ပြီး ထိုင်ဝမ်ကို လာမည့် ၂ နှစ်အတွင်း ၎င်း၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး နှင့် အာရှမှ လုပ်ငန်းများအတွက် အဓိကနေရာအဖြစ် ဖန်တီးမည်ဖြစ်ကြောင်း သိရသည်။
မိုက်ခရိုဆော့ဖ်အနေဖြင့် ဉာဏ်ရည်တုနှင့် အချက်အလက်သုတေသနနယ်ပယ်တွင် ထိုင်ဝမ်အတွက် ပညာရှင် ၂ သိန်း မွေးထုတ်ပေးနိုင်ကြောင်း မိုက်ခရိုဆော့ဖ်က ပြောသည်။
(Nikkei Asia မှ Microsoft to build Taiwan data center amid US-China tech war ကို ဘာသာပြန်သည်။)
You may also like these stories:
Apple ကနေ 5G network သုံး iPhone 12 မိတ်ဆက်
အမေရိကန်လေတပ် စစ်ရေးလေ့ကျင့်မှုမှာ စက်ရုပ်ခွေးတွေပါ အသုံးပြု
ဆမ်ဆောင်း ကုမ္ပဏီရဲ့ အမြတ်ငွေ ၆၀ ရာခိုင်နှုန်းနီပါး မြင့်တက်