၂၀၂၀ ခုနှစ်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ လူငယ်များ မဲပေးကြရန် နော်ဒစ်လေးနိုင်ငံ ဖြစ်သော ဒိန်းမတ်၊ ဖင်လန်၊ နော်ဝေနှင့် ဆွီဒင်နိုင်ငံများက တိုက်တွန်း လိုက်သည်။
ဖေဖော်ဝါရီလ ၁၄ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့၊ ပြည်လမ်းရှိ အဆိုပါလေးနိုင်ငံ ပူးတွဲဖွင့်လှစ်ထားသော သံရုံး၌ ကျင်းပခဲ့သည့် “နော်ဒစ်နိုင်ငံများနေ့” အခမ်းအနား၌ ကြေညာချက်တစာင်ထုတ်၍ တိုက်တွန်းလိုက်ခြင်း ဖြစ်ပြီး၊ အခမ်းအနား၏ ခေါင်းစဉ်ကိုလည်း လူငယ်မဲဆန္ဒရှင်များအား ဆော်သြစည်းရုံးခြင်းဟု အမည်ပေးထား သည်။
ကြေညာချက်တွင် မဲပေးခြင်းနှင့် ရွေးကောက်ပွဲဖြစ်စဉ်သည် ကောင်းမွန်သော ဒီမိုကရေစီစနစ်၏ ပင်မထောက် တိုင်ဖြစ်ပြီး မဲပေးသူဦးရေများပါက ဒီမိုကရေစီစနစ် ပိုမိုကောင်းမွန်နိုင်ကြောင်း ဖော်ပြထားသည်။
သို့သော် နိုင်ငံအများအပြားတွင် မဲပေးသူဦးရေနည်းပါးခြင်းသည် စိန်ခေါ်မှုကြီးတရပ်ဖြစ်နေပြီး မြန်မာနိုင်ငံတွင် လည်း လူငယ်ထုအကြား မဲပေးသူနည်းပါးခြင်းသည် စိန်ခေါ်မှုတရပ်ဖြစ်နေကြောင်း နော်ဒစ်လေးနိုင်ငံ သံအဖွဲ့ များ၏ ပူးတွဲကြေညာချက်အရ သိရသည်။
မြန်မာနိုင်ငံမှ လူငယ်များကို အဘယ်ကြောင့်မဲမထည့် သနည်းဟု မေးကြည့်သောအခါ အချိန်မရခြင်း ၊ စာ (သို့မဟုတ်) အလုပ်ကို ဦးစားပေးနေရခြင်းတို့ကြောင့် မဲမထည့်ဖြစ်ကြောင်း၊ များပြားလှသည့် နိုင်ငံရေးပါတီများ အကြောင်း လုံလောက်စွာ မသိသဖြင့် နိုင်ငံရေးပါတီများကို အလွယ်တကူ နှိုင်းယှဉ်ဆုံးဖြတ်ရန် မလွယ်ကူခြင်း တို့ကြောင့် မဲမထည့်ဖြစ်သည်ဟု ဆိုကြကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။
ပထမဆုံးအကြိမ်မဲပေးမည့် လူငယ်များအား အောင်မြင်စွာ စည်းရုံးနိုင်ပါက ရေရှည်တွင် လူငယ်များ အသက် ကြီးလာသည်အထိ မဲပေးလာနိုင်သည်ဖြစ်ရာ လူငယ်မဲဆန္ဒရှင်များ၏ အသံကို ဆန္ဒမဲပေးခြင်းဖြင့် ထုတ်ဖော် နိုင်ရန် စီစဉ်ပေးရေးသည် အဓိက ဦးစားပေးလုပ်ဆောင်သင့်သည့် ကိစ္စရပ်ဖြစ်ကြောင်း ကြေညာချက်အရ သိရ သည်။
နော်ဒစ်နိုင်ငံများနေ့ အခမ်းအနားသို့ တက်ရောက်သည့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကလည်း နော်ဒစ်နိုင်ငံများနေ့ အခမ်းအနားသည် မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲတွင် လူငယ်များပါဝင်နိုင်ရေးလှုံ့ဆော်ရန် သတိပေးနေကြောင်း ပြောဆိုသည်။
ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းတွင် လူငယ်များ တက်ကြွစွာ ဆန္ဒမဲပေးရန် ဆော်သြခြင်းသည် မြန်မာနိုင်ငံ အတွက် အပြုသဘောဆောင်ပြီး နော်ဒစ်နိုင်ငံများနှင့် မြန်မာနိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေ မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။
ထိုပြင် အခမ်းအနားသို့ လာရောက်သည့် ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာဌာနမှ တက္ကသိုလ် ကျောင်းသူတဦးကလည်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲသည် မြန်မာနိုင်ငံအတွက် အစိုးရတရပ် ရွေးချယ် သည့် ရွေးကောက်ပွဲဖြစ်သဖြင့် အရေးကြီးကြောင်း ၊ အဆိုပါ ရွေးကောက်ပွဲတွင် လူငယ်များ ပါဝင်မဲပေးခြင်းဖြင့် မိမိတို့လိုချင်သည့် နိုင်ငံ၏ အနာဂတ်ကို ပုံဖော်နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နော်ဒစ်နိုင်ငံများနေ့အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ဥက္ကဋ္ဌ ဦးလှသိန်း တက်ရောက် ခဲ့သော်လည်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ တစုံတရာ ရှင်းလင်းပြောကြားခဲ့ခြင်း မရှိပေ။
လက်ရှိတွင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၉၉ ခု၊ တည်ထောင်ခွင့် စိစစ်ဆဲပါတီ ၃ ခု၊ မှတ်ပုံတင်ခွင့် စိစစ်ဆဲပါတီ ၂ ခုနှင့် ယာယီရပ်ဆိုင်းထားသည့် ပါတီ ၃ ခု ရှိသောကြောင့် လာမည့်ရွေးကောက်ပွဲတွင် ပါတီ ၁၀၀ ဝန်းကျင်ခန့် ဝင်ရောက်ယှဉ်ပြိုင်ဖွယ်ရှိသည်ဟု ပြည်ထောင်စုရွေးကော်ပွဲကော်မရှင်မှ သိရသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲပေးနိုင်မည့် လူဦးရေ ၃၇ သန်းကျော် ရှိပြီး ယင်းတို့အနက် ၄ သန်းကျော်မှာ ပထမဆုံးအကြိမ်မဲပေးမည့် လူငယ်မဲပေးသူများ ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြောကြားထားသည်။