အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲ ဝင်ပြိုင်ရန် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ် ခံထားရပြီးမှ ရွေးကောက်ပွဲ အောင်နိုင်ရေး ထိခိုက်နိုင်သည့် အခြေအနေမျိုး ရှိလာသည့်အတွက် ဟုဆိုကာ ၎င်းတို့ ရွေးချယ်ခဲ့သည့် ကိုယ်စားလှယ်လောင်း ၁၂ ဦးကို အခြားလူများဖြင့် အစားထိုးကာ ပြန်လည် လဲလှယ်ခဲ့ကြောင်း သိရသည်။
NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က “အဓိက တိုင်ကြားတာတွေလည်း ရှိပါတယ်။ ရွေးကောက်ပွဲ အောင်နိုင်ရေးကို ထိခိုက်နိုင်လောက်တဲ့ အချက်တွေ ရှိနေလို့ ကျနော်တို့က အရင်ရွေးထားတာကို ဖြုတ်ပြီး ပြောင်းလိုက်တာပါ။ ဖြစ်တာအများစုကတော့ ပါတီတွင်းကိစ္စတွေပါ” ဟု ဧရာဝတီသို့ ပြောသည်။
၎င်းက “အခုလို ပြောင်းလို့ မကျေနပ်တာလည်း ရှိမယ်၊ ကျေနပ်တာလည်း ရှိမယ်။ အဲဒီလိုအသံတွေ ထွက်မယ်ဆိုတာ ကျနော်တို့ မျှော်လင့်ပြီးသားပါ။ ၂ဝ၁၅ ခုနှစ်တုန်းကလည်း ရှိခဲ့တာပဲ။ ကျနော်တို့က ဘာကြောင့်ဆိုတာ ပြန်ရှင်းပြခဲ့ပါတယ်။ အခု ကာယကံရှင်တွေက သူတို့ပြောင်းခံရတာ ဘာကြောင့်လဲဆိုတာ မေးလာရင်တော့ ကျနော်တို့ ဖြေရှင်းဖို့ ကိုင်စွဲပြီးသားပါ” ဟု ရှင်းပြသည်။
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ထားသည့် မိချိုသဲမှာ အမှုရင်ဆိုင်နေရကြောင်း ကန့်ကွက်မှု ရှိလာသည့်အတွက် ကိုယ်စားလှယ်လောင်း ထောက်ခံချက်ထုတ်ပေးခြင်း ယာယီ ဆိုင်းငံ့ထားကြောင်း ၎င်းက ဇူလိုင် ၂၄ ရက်က ဧရာဝတီသို့ ပြောကြားသည်။
၂ဝ၂ဝ ခုနှစ် ရွေးကောက်ပွဲဝင်ရန် နာမည်စာရင်း ပေးသွင်းခံပြီးမှ ပြန်လည်ဖြုတ်ချခဲ့မှုသည် ပါတီတွင်း သတင်းလုံခြုံရေးအရ မည်သူ့ကိုမှ အသိမပေးခဲ့ကြောင်း၊ ရွေးကောက်ပွဲကော်မရှင် ဥပဒေနှင့် ငြိစွန်းနိုင်သည့်သူများဖြစ်ခြင်း၊ အောင်နိုင်ရေးအတွက် ထိခိုက်ဖွယ်ရှိခြင်းများကြောင့် လူလဲလှယ် ပြောင်းလဲလိုက်ခြင်းဟု ကြားသိရကြောင်း NLD ပါတီမှ ကိုယ်စားလှယ် လောင်းအဖြစ် အမည်စာရင်းတင်သွင်းခံထားရသူ အမည်မဖော်လိုသူ ကိုယ်စားလှယ်လောင်းက ပြောသည်။
၎င်းက “ကျနော်တို့လည်း ကြားသာကြားရတယ်။ အခုတောင် မောင်ရှင်လောင်းဘဝပဲ ရှိသေးတယ်။ ကျနော်တို့ ကြားတာက အောင်နိုင်ရေးအပြင် ကော်မရှင် ဥပဒေအရ ငြိနိုင်တာမို့ ပြန်ဖြုတ်၊ ပြန်ပြောင်း လုပ်တာလို့ပဲ သိထားတယ်။ နောက်တခု က ဒါက ပုဂ္ဂလိက လုံခြုံရေးအရပဲ ပြောဆိုနေကြတာ။ ဘာလို့ ဖြုတ်တယ်၊ ဘာလို့တိုင်တယ် အဲဒါတွေ အကုန် ကျနော်တို့ ဘာမှ မသိရသေးဘူး” ဟု ဆိုသည်။
ပါတီဝင် အများစု လက်ခံသဖြင့် ရွေးချယ်ခဲ့ပြီးမှ တိုင်ကြားမှုတခုခုကြောင့် မြို့နယ် ပါတီဝင်များကိုပင် ဖြေရှင်းပြောပြခြင်း မပြုဘဲ မိမိတို့ ရွေးချယ်လိုက်သည့် ကိုယ်စားလှယ်လောင်းကို ပြန်လည် ဖြုတ်ချခဲ့ခြင်းသည် ပါတီ၏ စည်းလုံးမှု ထိခိုက် မည်ကို စိုးရိမ်မိကြောင်း ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်မှ NLD ပါတီဝင်ဖြစ်သူ ကိုအောင်မင်းက ပြောသည်။
“ဖြစ်စေချင်တာက တိုင်ခံရတယ်လို့ ထားပါတော့။ ဘာတိုင်တာလဲ၊ သူ့မှာ ဘာပြစ်ချက်ရှိလဲ။ အဲဒါကို ၂ ဖက်လုံး တွေ့ဆုံ မေးမြန်းပြီးမှ ဖြုတ်သင့်၊ မဖြုတ်သင့် ဆုံးဖြတ်ရမှာ။ အခုက တိုင်တယ်။ တန်းဖြုတ်တယ်။ ဘာမှ အသိမပေးဘူး။ ပါတီဝင် တွေကို တင်မက ကိုယ်စားလှယ်လောင်းဖြစ်သူကိုတောင် အသိမပေးဘဲ ဖြုတ်တာ။ ဒါက တဖက်မှာ ဂုဏ်သိက္ခာအရ အများကြီး ကျဆင်းတယ်” ဟု ၎င်းက ဆိုသည်။
၂ဝ၁၅ ခုနှစ်ကတည်းက တချို့မြို့နယ်များတွင် ရွေးချယ်ခံ လွှတ်တော် ကိုယ်စားလှယ်များအချင်းချင်း၊ လွှတ်တော် ကိုယ်စားလှယ်နှင့် ဒေသဆိုင်ရာ ပါတီဝင်များအချင်းချင်းကြား စိတ်ဝမ်းကွဲမှုများ ရှိခဲ့သည့်ဖြစ်ရပ်များ ရှိခဲ့သဖြင့် ထိုကဲ့သို့ မဖြစ်စေရေးကို ပါတီဗဟိုအဖွဲ့အနေဖြင့် ဥပမာယူကာ သေချာစေ့စပ်စွာ လေ့လာသုံးသပ်သင့်သည်ဟုလည်း ကိုအောင်မင်းက မှတ်ချက်ပြုသည်။
ထိုသို့ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ပြီးမှ ပြန်လည်ဖြုတ်ချ ခံရသူတချို့ကို ဧရာဝတီက ဆက်သွယ် မေးမြန်းရာတွင် ၎င်းတို့အနေဖြင့် မှတ်ချက်မပြုလိုကြောင်းနှင့် ပါတီတာဝန်များကိုသာ ဆက်လက် တာဝန်ထမ်းဆောင် သွားမည်ဖြစ်ကြောင်းကိုသာ ပြောကြားခဲ့ကြသည်။
မိမိတို့ အဖြုတ်ခံရမှု၊ တိုင်ကြားခံရမှုများသည် မှန်ကန်၊ မမှန်ကန်ခြင်းနှင့် ပတ်သက်၍ ပါတီဗဟိုအဆင့်သို့ မေးမြန်း ဖြေရှင်းရန် ရှိ၊ မရှိကိုလည်း အတိအကျ ပြန်လည်ပြောကြားခဲ့ခြင်း မရှိပေ။
နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် စုစုပေါင်း ၁၁၇၁ ရှိပြီး NLD ပါတီမှ ကိုယ်စား လှယ်လောင်း ၁၁၂၇ ဦး စာရင်းကို ရွေးချယ် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ထို့အတွက် ၄၄ မဲဆန္ဒနယ် လစ်လပ်နေသည်။
ယင်းသို့ NLD ကိုယ်စားလှယ်လောင်း လစ်လပ်နေရာများမှ တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ် အချို့နှင့် ရှမ်းပြည်နယ် အတွင်းရှိ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတို့ ရှိ မြို့နယ်များ ပါဝင်သည်။
You may also like these stories:
ဝါဒနဲ့ ဝါဒီကို ခွဲခြားမြင်နိုင်ရင် ကောင်းတယ်
No Vote ကမ်ပိန်း ရိုးသားရဲ့လား
မဲဆန္ဒနယ် ၄၄ နေရာအထိ NLD ကိုယ်စားလှယ်လောင်း လစ်လပ်