ရွေးကောက်ပွဲ များတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ကိုယ်စားလှယ်များ အနိုင်ရရှိခဲ့ခြင်းမှာ ပုဂ္ဂိုလ်ရေးအရ အနိုင်ရခြင်းမျိုး မဟုတ်ဘဲ NLD ကို ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သောကြောင့် အနိုင်ရခြင်းဖြစ်ကြောင်း ယင်း ပါတီ၏ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ပါတီ၏ ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ ဥက္ကဌလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ နေပြည်တော်ရှိ MICC – 2 တွင် NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က“ပြည်သူလူထုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်တွေ ဆိုပြီး ရွေးချယ် တဲ့အခါမှာ ဒီဟာကိုတချို့က ပုဂ္ဂိုလ်ရေးအရ ရွေးချယ်ခံရတယ်လို့ ထင်မြင်သူတွေလည်း ရှိပါတယ်။ ဒါကတော့ ကျမ ရဲရဲကြီး ပြောချင်ပါတယ်”ဟု ပြောသည်။
ထိုသို့ပြောဆိုရခြင်းမှာလည်း ကိုယ်စားလှယ်များကို စိတ်အားငယ်စေရန်မဟုတ်ဘဲ စိတ်အား တက်ကြွစေရန် ပြောခြင်း ဖြစ်ကာ တဦးချင်းထက် အစဉ်အလာရှိသော နိုင်ငံရေးပါတီတခုကို ကိုစားပြုနေသည့်အတွက် ပြည်သူက ယုံယုံကြည် ကြည်ဖြင့် မိမိတို့ကိုထောက်ခံခဲ့ကြသည်ဆိုခြင်းကို အသိရှိပြီး မှန်မှန်ကန်ကန်လုပ်နိုင်ရန် အတွက် ပြောဆိုရခြင်း ဖြစ် သည်ဟု ဆိုသည်။
ယခုလွှတ်တော်ကိုယ်စားလှယ်မျာအများစုမှာ ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး လာမည့် စက်တင် ဘာလအတွင်းမှ စတင်ကာ မိမိတို့နေရပ်ဒေသများကို ပြန်ကာ ပါတီအောင်နိုင်ရေးလုပ်ငန်းများကို လုပ်ဆောင်ရတော့မည် ဖြစ်ရာ ထိုသို့မပြန်ခင် ဒေါ်အောင်ဆန်းစုကြည်က ကိုယ်စားလှယ်များကို ယခုလို တွေ့ ဆုံ၍ မှာကြားခဲ့ခြင်း ဖြစ်သည်။
အောင်နိုင်ရေး လှုပ်ရှားမှုများ ပြုလုပ်သည့်အခါ မှန်ကန်သည့် အောင်နိုင်မှု ရရှိရန်၊ ကိုဗစ်ကာလ ဖြစ်သောကြောင့်လည်း ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ကြရန်၊ အောင်နိုင်ရေးလုပ်ငန်းများလုပ်ဆောင်စဉ် နိုင်ငံ၏ ဥပဒေများကို လေးစားလိုက်နာရန်၊ ပါတီစည်းကမ်းများကို လိုက်နာရန်၊ ယုံကြည်ချက် အပြည့်အဝထား လုပ်ကြရန် လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်စားလှယ်များအပေါ် ပြောဆိုသတိပေးချက်ကို လက်ခံကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲ တွင် ခေါင်းဆောင်၏ ပုံရိပ်ကောင်းသလို မိမိတို့၏ တဦးချင်းပုံရိပ်ကောင်းမွန်အောင်လည်း တည်ဆောက်သွားမည် ဖြစ်၍ မပြီးဆုံးသေးသည့် ဒီမိုကရေစီတည်ဆောက်ရေးအတွက် ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်လင်းထွဋ်က ပြောသည်။
NLD ပါတီဝင် ဒေါက်တာဇော်လင်းထွဋ်က“အမေစုပြောတာ ကျနော်လက်ခံတယ်။ ကိုယ်တို့ကလည်း ၂၀၁၅ တုန်းက အမေ စုရဲ့ ခေါင်းဆောင်ကောင်းရဲ့နောက်မှာ ကျနော်တို့နောက်လိုက်ကောင်းတွေအဖြစ် ၅ နှစ်တိုင်တိုင်ရပ်တည်လာတာပေါ့။ အခု လည်း အမေစုရဲ့ နောက်လိုက်ကောင်းအဖြစ်ရပ်တည်မယ်”ဟု ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီ သောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့ခြင်းမှာ ပါတီပုံရိပ်ထက် ပါတီ ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်အပေါ် ပြည်သူလူထု၏ ယုံကြည်မှု၊ ထောက်ခံမှုကြောင့်ဖြစ်ကြောင်း၊ ထိုယုံကြည်မှု ထောက်ခံမှုမှာလည်း ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်မှုနှင့် ဆက်စပ်နေသည်ဟု နိုင်ငံရေးလေ့လာသုံးသပ် ဒေါက်တာရန်မျိုးသိမ်းက ပြောသည်။
ဒေါက်တာရန်မျိုးသိမ်းက“လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စား လှယ်တွေကို ထောက်ခံမဲပေးမယ့်သူ အများစုဟာ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်ကြောင့်မိုလို့ ဒေါ်အောင်ဆန်း စုကြည်အပေါ် ယုံကြည်မှု ထောက်ခံမှုကြောင့်မိုလို့ ပေးတာ အများစုဖြစ်လိမ့်မယ်လို့ မြင်တယ်”ဟု ပြောသည်။
ထောက်ခံမဲပေးမည့် ရာခိုင်နှုန်းအချို့မှာ ကိုယ်စားလောင်းကို ထောက်ခံခြင်း၊ ကိုယ်စားလှယ်လောင်း၏ ဆောင်ရွက်ချက် များကို သဘောကျနှစ်ခြိုက်၍ ပေးသည့်မဲများ ရှိနိုင်သော်လည်း အားလုံးကိုခြုံကြည်ပါက ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်မှာ အဓိကကြသည်ဟု ၎င်းက ပြောသည်။
ယခုကဲ့သို့ ကိုယ်စားလှယ်များနှင့် NLD ပါတီဗဟို ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီ ဥက္ကဌနှင့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံပွဲအခမ်းအနားသို့ NLD ပါတီ၏ ဒုတိယဥက္ကဌ (၁) ဦးဝင်းမြင့်၊ ဒုတိယ ဥက္ကဌ (၂) ဒေါက်တာဇော်မြင့်မောင်နှင့် ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ပါတီ၏ နယကကြီးများဖြစ်သည့် ဦးတင်ဦး၊ ဦးဝင်းထိန်၊ သမ္မတဟောင်းဦးထင်ကျော်နှင့် လွှတ်တော်ကိုယ်စားလှယ်များ ပါတီဝင်များ တက်ရောက်ကြသည်။
ဒေါ်အောင်ဆန်းစုကြည်က ကိုယ်စားလှယ်များအား ကျေးဇူးတင်စကား၊ သတိပေးစကားနှင့် အားပေး စကားများ ပြော ဆိုခဲ့သလို ဒုတိယ ဥက္ကဌများဖြစ်သည့် ဦးဝင်းမြင့်နှင့် ဒေါက်တာဇော်မြင့်မောင်တို့ကလည်း ၂၀၂၀ ရွေးကောက်ပွဲ အောင် နိုင်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ မှာကြားပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
NLD ပါတီကို ၁၉၈၈ စက်တင်ဘာလ ၂၇ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် ရာခိုင်နှုန်း အ များ အပြားဖြင့် အနိုင်ရရှိခဲ့သော်လည်း ထိုစဉ်က တိုင်းပြည်ကို တာဝန်ယူထားသည့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (နဝတ) အစိုးရက လွှတ်တော်ခေါ်မပေးသဖြင့် အစိုးရဖွဲ့ နိုင်ခြင်း မရှိခဲ့ပေ။
ထို့နောက် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ပြီး ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိခဲ့ဘဲ ၂၀၁၂ ကြားဖြတ် ရွေးကောက် ပွဲတွင် ပြန်လည်ယှဉ်ပြိုင်ရာ မဲဆန္ဒနနယ် ၄၅ နေရာတွင် ၄၃ နေရာအထိ အနိုင်ရရှိခဲ့ပြီးနောက် ၂၀၁၅ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရပြီး အစိုးရ ဖွဲ့ နိုင်ခဲ့သည်။
ယခုအခါ ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီ၏ ကိုယ်စားလှယ်လောင်း ဖြစ်ခွင့် ရရှိရေး ကြိုးစား အားထုတ်သူများ အ လွန် များပြားလျက် ရှိသဖြင့် ပြိုင်ဆိုင်မှုလည်း ပြင်းထန်ခဲ့ပြီးနောက် ကိုယ်စားလှယ်လောင်းစာရင်း ထွက်ပေါ်လာသည့် အခါ မကျေလည်မှုများဖြင့် ပါတီတွင်း ပြဿနာမျိုးစုံ ဖြစ်ပေါ်လျက်ရှိသည်။