ရခိုင်အမျိုးသားပါတီ (ANP) မှ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရန် မှတ်ပုံတင်ထားသည့် မြို့နယ် ပါတီခေါင်းဆောင် ၄ ဦးကို ပါတီက ထုတ်ပယ်လိုက်ကြောင်း ANP ပါတီမှ စက်တင်ဘာလ ၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေငြာထားသည်။
ထုတ်ပယ်ခံရသည့် ပုဂ္ဂိုလ်များမှာ ANP ပါတီမှ မောင်တောမြို့နယ်ဥက္ကဋ္ဌ ဦးခင်မောင်သန်း၊ မောင်တောမဲဆန္ဒနယ်မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်း၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုံးနှင့် ဘူးသီးတောင် မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံတို့ ဖြစ်သည်။
ANP ပါတီမှ နိုင်ငံရေး မူဝါဒ ဦးဆောင်ကော်မတီ အဖွဲ့ဝင် ဦးထွန်းအောင်ကျော်က “ပါတီတွင်း ရွေးချယ် တင်မြောက် မှုမှာ ရွေးချယ် မခံခဲ့ရဘူး ဆိုရင်လည်း တသီးပုဂ္ဂလ ပါဝင်ယှဉ်ပြိုင်ခြင်း၊ အခြား ပါတီသို့ ကူးပြောင်းပြီးတော့ ရွေးချယ် ခံမယ့် လုပ်ဆောင်ချက်များကို မလုပ်ရဘူး ဆိုပြီး အတိအကျ ပြဋ္ဌာန်း ထားပါတယ်။ အဲဒီ စည်းကမ်းချက်တွေကို ချိုး ဖောက်တဲ့ အတွက် ကျနော်တို့ ပါတီက အဲဒီပုဂ္ဂိုလ်တွေကို ထုယ်ပယ်လိုက်တာ ဖြစ်ပါတယ်။” ဟု ဧရာဝတီသို့ ပြောသည်။
ပါတီတွင်းယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း လျှောက်လွာခေါ်ယူစဉ် ကတည်းက ရွေးချယ်တင်မြောက်ရေး မူဝါဒ များကို သိရှိနားလည်ပြီး လိုက်နာပါမည်ဟု သဘောတူ လက်ခံပြီး ယှဉ်ပြိုင်ခဲ့သော်လည်း ရွေးချယ်မခံရသည့် နောက် ပိုင်းတွင် အဆိုပါပုဂ္ဂိုလ် ၄ ဦးမှာ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ကော်မရှင် တွင် မှတ်ပုံတင်ထားခြင်းမှာ ချမှတ်ထားသည့် စည်ကမ်းကို ဖောက်ဖျက်ရာ ရောက်ကြောင်းလည်း ဦးထွန်းအောင်ကျော်က ဆက်လက် ပြောပြသည်။
ထုတ်ပယ်ခံရသူ စာရင်းတွင် ပါဝင်သူ ဘူးသီးတောင်မဲဆန္ဒနယ်မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမောင် ကျော်ဇံမှ ပါတီဗဟိုက ပုဂ္ဂိုလ်များ၏ ၎င်းတို့ကိုယ်တိုင် ရွေးချယ်ရေးမူကို ချိုးဖောက်သည့်အတွက် သြဂုတ်လ ၁ ရက်နေ့ ကတည်းက မိမိဆန္ဒအလျှောက် နုတ်ထွက်ပြီ ဖြစ်ကြောင်း ပြောသည်။
ဦးမောင်ကျော်ဇံက “ ပါတီမှာ လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်ရေးမူ ထုတ်ခဲ့တာ မှန်တယ်။ စည်းကမ်းဘောင်တွေ သတ်မှတ်ထားတယ်။ မြို့နယ်က ရွေးချယ်တဲ့ ကိုယ်စားလှယ်လောင်းတွေကို ဗဟိုရွေးချယ်ရေးနဲ့ ပါတီနိုင်ငံရေးမူဝါဒ ဦးဆောင် ကော်မတီဝင်တွေက သူတို့နဲ့ ပုဂ္ဂိုလ်ရေး အဆင်မပြေတဲ့ လူတွေကို သူတို့သဘောထား ဆန္ဒ တခုတည်းနဲ့ ဖြုတ်ချတယ်။ သူတို့ကိုယ်တိုင် ချမှတ်တဲ့ မူကို ချိုးဖောက်တဲ့အတွက် ကျနော်တို့က မိမိဆန္ဒအလျှောက် ပါတီက ထွက်ပြီးတော့ တသီးပုဂ္ဂလ အဖြစ် အရွေးခံရတာ ဖြစ်ပါတယ်။” ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်အမျိုးသား ပါတီ၏ ထုတ်ပြန်ချက်တွင် ပါတီတွင်း ဝင်ရောက်ယှဉ်ပြိုင်သူများသည် ပါတီကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်လောင်းများ အဖြစ် ရွေးချယ်မခံခဲ့ရပါက တသီးပုဂ္ဂလ အဖြစ် သော်လည်းကောင်း၊ တခြား ပါတီသို့ ကူးပြောင်းပြီး ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းများ မပြုလုပ်ရဟု စည်ကမ်း သတ်မှတ်ချက်မူကို ချိုးဖောက်ပြီး တသီးပုဂ္ဂလ အဖြစ် ရွေးကောက်ပွဲဝင်ရန် ကော်မရှင်ထံ လျှောက်လွှာတင်ထားသည်ကို တွေ့ရှိရသည့် အတွက် ထုတ်ပယ်ရခြင်း ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
ရခိုင်ပြည်နယ်အတွင်း အင်အားကြီး ပါတီတခုဖြစ်သည့် ရခိုင်အမျိုးသားပါတီ (ANP) တွင် ရွေးကောက်ပွဲ နီးလာ သည်နှင့်အမျှ ပါတီတွင်း သဘောထား မတိုက်ဆိုင်သည့် အတွက် ပါတီဝင်တချို့မှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD)၊ ရခိုင့်ဦးဆောင်ပါတီ (AFP) သို့ ဝင်ရောက်သွားသူများ ရှိသလို တချို့ ပါတီဝင်များမှာလည်း လာမည့် ရွေး ကောက်ပွဲတွင် တသီးပုဂ္ဂလ အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ကော်မရှင်ထံ လျှောက်လွှာ တင်ထားကြသည်။
You may also like these stories:
မျက်နှာသစ် တိုင်းရင်းသားများ ပါဝင်လာသော ၂၀၂၀ ရွေးကောက်ပွဲ ရှုခင်း
ပထမဆုံးမဲပေးမယ့် လူငယ်တို့ရဲ့ ရွေးကောက်ပွဲ မျှော်လင့်ချက်
AAသို့ တောခိုသွားသည့် သားကြောင့် ကျောက်ဖြူအမတ် ရွေးကောက်ခံပိုင်ခွင့် ပယ်ဖျက်ခံရ
၂၀၂၀ ရွေးကောက်ပွဲအကြို ရခိုင်ပြည်နယ် မြင်ကွင်း