COVID-19 ကပ်ရောဂါကူးစက်မှုရဲ့ စိန်ခေါ်မှုတွေကြားမှာ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲယှဉ်ပြိုင်မယ့် နိုင်ငံရေး ပါတီ တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ တရားဝင် မဲဆွယ်စည်းရုံးရေးဟာ ယနေ့ စက်တင်ဘာ ၈ ရက်နေ့မှာ စတင်လိုက်ပြီ ဖြစ်ပါတယ်။
ကန့်သတ်ထိန်းချုပ်မှုတွေများတဲ့ ဒီလိုကာလမှာ မဲဆွယ်စည်းရုံးနဲ့ပတ်သက်လို့ မြေပြင်လှုပ်ရှားမှုတွေထက် ကိုယ်စားလှယ်လောင်း အသီးသီးအနေနဲ့ Facebook လူမှုကွန်ရက်ကို အသုံးပြုတာတွေက ပိုများနေခဲ့ပါတယ်။
အင်အားကြီးပါတီတချို့ကတော့ ကွင်းဆင်းစည်းရုံးတဲ့အနေနဲ့ အောင်နိုင်ရေးအလံ စိုက်ထူတာတွေ၊ ကိုယ်စားလှယ်လောင်း ဆိုင်းဘုတ် တင်တာတွေ၊ မြို့နယ်အချို့မှာ အိမ်တိုင်ရာရောက် မဲဆွယ်တာတွေ ပြုလုပ်ခဲ့ကြပါတယ်။
ကပ်ရောဂါ ပျံ့နှံ့မှုမြင့်တက်နေတဲ့ အခြေအနေမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်(UEC) အနေနဲ့ မဲဆွယ် စည်းရုံး ခြင်း ဆိုင်ရာ လမ်းညွှန်ချက်တွေကို ယမန်နေ့ စက်တင်ဘာ ၇ ရက်နေ့က ကြေညာခဲ့ပြီး တင်းတင်းကြပ်ကြပ် ကန့်သတ် ထားတာကို တွေ့ရပါတယ်။
အဓိကအနေနဲ့ Stay at Home သတ်မှတ်ထားတဲ့ နေရာတွေမှာ ကွင်းဆင်းမဲဆွယ်တာ လုံးဝမလုပ်ဖို့၊ မဲဆွယ်ရင်လည်း လူ ၅၀ ထက်မပိုဖို့၊ တက်ရောက်သူတွေအနေနဲ့ ပတ်လည် ၆ ပေခွာနေကြဖို့နဲ့ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်တွေ လိုက်နာ ကြဖို့ဆိုတဲ့ တင်းကြပ်တဲ့ စည်းမျဉ်းတွေဟာ မဲဆွယ်ရာမှာ အခက်အခဲ တွေ့ကြုံစေမှာဖြစ်ပါတယ်။
ဒီလိုစိန်ခေါ်မှုတွေကြားကပဲ လက်ရှိအာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကတော့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆော်ဩမှုနဲ့အတူ မဲဆွယ်လှုပ်ရှားမှုတွေကို အားကောင်းကောင်းနဲ့ စတင်လာတာ တွေ့ရပါတယ်။
ဒီလိုလှုပ်ရှားမှုတွေရဲ့ အချို့သောနေရာတွေမှာတော့ လူထုပါဝင်မှုဟာ Social Distancing နဲ့ လူဦးရေကန့်သတ်ချက်ကို ကျော်လွန်လာတဲ့ အချက်တွေကိုလည်း တွေ့လာရပါတယ်။
NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့် က “COVID-19 ကာလအတွင်း ပြည်သူတွေနဲ့ ထိတွေ့ပြီး ရွေးကောက်ပွဲ အချက်အလက်တွေပေးရာမှာ ရောဂါပျံ့နှံ့စေနိုင်တဲ့ အချက်တွေ ရှောင်ရှားဖို့ လိုအပ်ပါတယ်။ နှာခေါင်းစည်း၊ လက်အိတ်၊ လက်သန့်ဆေးရည်စတဲ့ ကျန်းမာရေး ဆိုင်ရာ လမ်း ညွှန်ချက်အတိုင်း လုပ်ဆောင်သင့်ကြောင်း၊ တအိမ်တက်ဆင်း သွားရာတွင်လည်း လူ ၂ ဦးစီသာ သွားသင့်တယ်” လို့ ပြောပါတယ်။
လက်ရှိကာလမှာလည်း ပြည်သူလူထုအနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်တွေကို အမှန်အတိုင်း သိရှိ နိုင်ရန် ခက်ခဲမှုက စိန်ခေါ်မှုတခုဖြစ်လာပြီး စိတ်ချယုံကြည်ရတဲ့ သတင်းဌာနတွေရဲ့ သတင်းတွေကိုသာ အဓိကမှတ်ယူဖို့ လိုအပ်တယ်လို့လည်း ဒေါက်တာမျိုးညွန့်က ဆိုပါတယ်။
အခြား အင်အားကြီးပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)ကတော့ မဲဆွယ်စည်းရုံရေး မတိုင်မီ နယ်မြေစည်းရုံးနဲ့ ပါတီစည်းရုံးကို အားစိုက်လှုပ်ရှားခဲ့တာတွေ့ရပေမယ့် ယနေ့ စတင်မဲဆွယ်ခွင့်ရတဲ့နေ့ မှာတော့ မြင်သာ ထင်ရှားတဲ့ လှုပ်ရှားမှုမျိုး မရှိသေးတာလည်း တွေ့ရပါတယ်။
ယခုရွေးကောက်ပွဲမှ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)၊ ပြည်သူ့ပါတီ(PP) နဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)တို့ကတော့ ယနေ့မှာ မဲဆွယ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။
ပြည်သူ့ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးကျော်လင်း က “Lockdown လုပ်ထားတဲ့ နေရာမှာ မဲမဆွယ်ရတာ ဖြစ်တဲ့အတွက် ဒီလိုနေရာကိုသွားဖို့လည်း အခက်အခဲရှိပါတယ်။ Lockdown မလုပ်တဲ့နေရာကို မဲသွားပြီး ဆွယ်မှာဆိုရင် ရပ်ကွက်ထဲက ဒေသခံတွေကလည်း မဲလာဆွယ်တာ မဟုတ်ဘဲနဲ့ ကိုဗစ်လာဖြန့်တာလို့ နိုင်ငံရေးပါတီတွေအပေါ်ကို အမြင်စောင်းသွားမှာ မဖြစ်စေချင်ပါဘူး။ ဒါမျိုးလည်း မဖြစ်စေချင်တဲ့ အတွက် ကျနော်တို့ကတော့ ကျန်းမာရေးအခြေအနေကို စောင့်ကြည့်ပြီးမှပဲ မဲဆွယ်တဲ့ ကိစ္စလုပ်ပါမယ်၊ ဒီနေ့တော့ ဘာမှ သေချာမလုပ်ပါဘူး” လို့ ပြောပါတယ်။
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီအနေနဲ့လည်း လှုပ်ရှားမှုတွေကို တိုင်းဒေသကြီးအချို့မှာ ပြုလုပ်ခဲ့ပေမယ့် ရွေးကောက်ပွဲ အောင်နိုင်ရေး လှုပ်ရှားမှုတွေကို အချိန်အနည်းငယ်စောင့်ကြည့်ပြီးမှသာ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က “ကျနော်တို့ ခရီးမှသွားလို့မရတာ၊ ဘယ်လိုလုပ်မလဲ။ ရန်ကုန်ကလူတွေ နယ်သွားလို့မရဘူး၊ နယ်သွားရင် Quarantine ဝင်ရမယ်။ နိုင်ငံရေးပါတီတခုက သွားလာလှုပ်ရှားနေမှ ဖြစ်မှာပေါ့၊ အခုက အဲဒီလို အခြေအနေမှ မရှိတာ။ သင်္ဃန်းကျွန်းလို နေရာမျိုး၊ တချို့နေရာတွေ Lockdown လုပ်ထားတယ်။ တချို့မြို့နယ်တွေမှာ Lockdown လုပ်ထားကြတယ်ဆိုရင် အဲဒီမှာ သွားဖို့လာဖို့ ကမ်ပိန်းလုပ်ဖို့က အခက်အခဲတွေရှိမှာပေါ့” လို့ ရှင်းပြပါတယ်။
UEC ရဲ့စံသတ်မှတ်တွေအပြင် တိုင်းနဲ့ပြည်နယ်၊ မြို့နယ်အလိုက် ထုတ်ပြန်ထားတဲ့ ဒေသန္တရအမိန့်တွေဟာလည်း ပါတီတွေရဲ့ မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုတွေကို တစိတ်တပိုင်း ထိခိုက်စေပြီး အကျပ်ရိုက်စေပါတယ်။
ကချင်ပြည်နယ်မှာတော့ ပြည်မအင်အားကြီးပါတီအချို့အနေနဲ့ မဲဆွယ်လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပေမယ့် ဒေသတွင်း အခြေ စိုက် တိုင်းရင်းသားပါတီတွေကတော့ ကပ်ရောဂါအကျပ်အတည်းအတွင်း ကန့်သတ်ချက်တွေကြောင့် မဲဆွယ်စည်းရုံးရေး မစတင်နိုင်ကြသေးဘဲ စောင့်ကြည့်နေရတဲ့ အနေအထား ဖြစ်ပါတယ်။
ကချင်ပြည်နယ် ပြည်သူ့ ပါတီ(KSPP) ဥက္ကဋ္ဌ ဒေါက်တာတူးဂျာ “သူတို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို အတိအကျ လိုက်နာမယ်ဆိုရင်လည်း အိမ်မှာပဲနေရမယ် ဆိုတာမျိုးတွေ။ အပြင် မထွက်ရ ဆိုတာမျိုးတွေဆိုရင်တော့ အွန်လိုင်းကပဲ မဲဆွယ်တာမျိုးတွေ ဖြစ်လာမယ်။ အန်ကယ်တို့ ပြည်နယ်တွေမှာတော့ ဆိုရှယ်မီဒီယာအားကလည်း ဒီလောက်ကောင်းသေးတာ မဟုတ်ဘူး။ ဆိုရှယ်မီဒီယာကိုပဲ အသုံးပြု မဲဆွယ်မယ်ဆိုလည်း အခက်အခဲရှိပါတယ်။ ကိုဗစ်ကြောင့်တော့ မဲဆွယ်စည်းရုံးရေးက အခက်အခဲရှိပါတယ်” လို့ က ပြောပါတယ်။
ပြည်နယ်အတွင်း ဒေသန္တရအမိန့်တွေကလည်း ပါတီကိုယ်စားလှယ်လောင်းတွေရဲ့ လှည့်လည်သွားလာ မဲဆွယ်ရာတွင် Quarantine ကန့်သတ်နေထိုင်ရမယ့် အချက်တွေပါနေတဲ့အတွက် အတားအဆီးဖြစ်နေပြီး ပါတီကြီးတွေရဲ့ လှုပ်ရှားမှုတွေ ကို စောင့်ကြည့်နေရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
လီဆူအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ဥက္ကဋ္ဌ ဦးရွှေမင်း က “တမြို့တည်းမှာ ပြိုင်တဲ့ ပြည့်သူ့လွှတ်တော်တို့ တိုင်းဒေသကြီးလွှတ်တော်တို့က ပြဿနာမရှိပေမယ့် ၅ မြို့နယ် ပေါင်း၊ ၃ မြို့နယ်ပေါင်းပြိုင်ရတဲ့ အမျိုးသားလွှတ်တော်တို့က ဒါမျိုးနေရာမှာ ဒုက္ခရောက်တယ်။ နောက်တခုက တိုင်းရင်းသား လူမျိုး ရေးရာ ကိုယ်စားလှယ်လောင်းတွေကလည်း တိုင်းဒေသကြီးတခုလုံးနဲ့ ပြည်နယ်တခုလုံးမှာ လှည့်ပတ်သွားရတော့ Quarantine ရှိနေတော့ မဲဆွယ်စည်းရုံးရတဲ့အဖွဲ့နဲ့ ကိုယ်စားလှယ်လောင်းအတွက် တော်တော်လေးကို ဒုက္ခရောက်မယ့် အနေအထားရှိပါတယ်” လို့လည်း ထောက်ပြပါတယ်။
ရှမ်းပြည်နယ်အတွင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) နဲ့ တအာင်း (ပလောင်) အမျိုးသားပါတီ (TNP) တို့ အပါအဝင် ပြည်နယ်အခြေစိုက် ပါတီတွေအနေနဲ့လည်း ယနေ့တွင် မဲဆွယ်စည်းရုံးကို စတင်ခဲ့ပေမယ့် လူထုနဲ့ ထိတွေ့ စည်းရုံးမှုတွေ မလုပ်နိုင်သေးဘူးလို့ဆိုကြပါတယ်။
SNDP ပါတီ အတွင်းရေးမှူး(၁) စိုင်းအောင်မြင့်ခိုင် က “ဘယ်နေ့မှာ ဘယ်သွားပြီး ဘာလုပ်မယ်ဆိုတဲ့ စီမံချက်တွေကို တင်ခိုင်းနေပါပြီ။ အားလုံးက တင်နေကြပါပြီ၊ ဒါပေမယ့် ဆင်းတော့ မဆင်းကြသေးဘူးပေါ့” လို့ ပြောပါတယ်။
TNP ပါတီအထွေထွေအတွင်းရေးမှူး မိုင်းအုန်းခိုင်ကလည်း “လူထုနဲ့ ဘယ်လိုထိတွေ့ရမလဲဆိုတာ ကြိုပြောထားတာတော့ ရှိပါတယ်။ နောက်ပြီးကျတော့မှပဲ ပြန်ပြီးတော့ စည်းကမ်းချက်နဲ့အညီဖြစ်အောင် ဆောင်ရွက်ရမှာဖြစ်တယ်” လို့ ဆိုပါတယ်။
ရှမ်းပြည်နယ်ဟာ ဒေသအခြေစိုက် နိုင်ငံရေးပါတီများစွာရှိသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများဆုံး အ ခြေစိုက်ရာ ပြည်နယ်တခုဖြစ်ပြီး ရွေးကောက်ပွဲမှာ လုံခြုံရေးအရ စိုးရိမ်စရာရှိနေပြီး သတိထားစောင့်ကြည့်ရမယ့် ပြည်နယ်ဖြစ်ပါတယ်။
ချင်းပြည်နယ်မှာတော့ အခြေစိုက်ပါတီတွေအနေနဲ့ လမ်းပမ်းဆက်သွယ်ရေးအရ ခက်ခဲတာအပြင် COVID-19 ကပ်ရောဂါ ကန့်သတ်ထိန်းချုပ်မှုတွေကြောင့် မဲဆွယ်စည်းရုံး လှုပ်ရှားမှုတွေကို ကောင်းကောင်းမလုပ်နိုင်တဲ့ အနေအထား ဖြစ်ပါတယ်။
ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(CNLD)ပါတီ ပူးတွဲဥက္ကဋ္ဌ ပူးနိုထန်ကပ်က “ဖလမ်းမြို့လိုနေရာ မြို့ပေါ်တောင်မှ Home Cell (နေအိမ်တွင် လူအနည်းငယ်ဖြင့် စုဝေးဝတ်ပြုခြင်း) ပုံစံနဲ့ အိမ်တိုင်းမှာ သွားပြီးတော့ ရပ်ကွက်က လူတွေခေါ်ပြီး ဟောပြောရတယ်၊ ဒါတောင်မှ ခပ်လန့်လန့်နဲ့ လုပ်နေရတာ။ ကျနော့စိတ်အထင်တော့ ပါတီအားလုံးက ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ COVID-19 ဆိုင်ရာ ကန့်သတ်ချက်ကို တသွေမတိမ်း လိုက်နာမယ်ဆိုရင်တော့ သူတို့လည်း ကိုယ်တွေလိုပဲ ဘယ်သူမှ မသာတဲ့ အခြေအနေပေါ့၊ ဒါပေမယ့် ဝန်ကြီးချုပ်ခရီးစဉ်၊ ဝန်ကြီးခရီးစဉ်လိုဟာမျိုးနဲ့ တနည်းနဲ့ လှည့်သွားရင်တော့ သူတို့က ပိုပြီးအကျိုးခံစားခွင့်ရှိသွားမှာပေါ့” လို့ ပြောပါတယ်။
ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်း တိုင်းရင်းသားပါတီအချို့အနေနဲ့လည်း ယနေ့တွင် မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှု တွေကို စတင်ခဲ့ကြပြီး ကရင်ပြည်သူ့ပါတီနဲ့ မွန်ညီညွတ်ရေးပါတီတို့ဟာ ပါတီဆိုင်းပုဒ် ထောင်တာနဲ့ ပါတီတံဆိပ်ဖြန့်ဝေ တာတွေကို လုပ်ဆောင်ခဲ့ကြပါတယ်။
အထူးသဖြင့် Stay at Home သတ်မှတ်တဲ့နေရာတွေမှာ ကွင်းဆင်းမဲဆွယ်မှု မလုပ်နိုင်တဲ့အတွက် တပြည်နယ်လုံး အတိုင်းအတာ သတ်မှတ်ထားတဲ့ ရခိုင်ပြည်နယ်မှာ မဲဆွယ်သံတွေ တိတ်ဆိတ်နေမှာတော့ သေချာသလောက်ရှိနေ ပါတယ်။
ဒီလိုကန့်သတ်ချက်တွေအရ ရခိုင်တိုင်းရင်းသား ပါတီတွေအနေနဲ့ကတော့ မဲဆွယ်စည်းရုံးတာတွေကို အင်တာနက် ကနေသာ လုပ်ရမယ့် အနေအထားဖြစ်သော်လည်း အင်တာနက်ဆက်သွယ်ရေးကွန်ရက် လုံလောက်တဲ့ အခြေအနေ ရှိမနေတာကလည်း နောက်ထပ်ထိုးနှက်ချက် ဖြစ်လာပါတယ်။
ရခိုင်ပါတီတွေအနေနဲ့ လူကိုယ်တိုင် မဲဆွယ်လှုပ်ရှားလို့ မရနိုင်တဲ့ အခြေအနေမျိုးမှာ မော်တော်ယာဉ်တွင် ပါတီတံဆိပ်တွေ၊ အလံတွေကပ်ကာ လှည့်လည်သွားလာတဲ့ ပုံစံမျိုးစဉ်းစားချက်တွေရှိပြီး ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်နဲ့ ညှိနှိုင်း နေရတယ်လို့ ဆိုပါတယ်။
ရခိုင်အမျိုးသားပါတီ(ANP)က ဦးအောင်သာနိုးက “ပြည်သူနဲ့တိုက်ရိုက် မထိတွေ့ရတဲ့အတွက် ထိရောက်မယ်လို့တော့ မထင်ပါဘူး။ သို့သော်ငြားလည်း အမြင်အာရုံ တခုမှာ မှတ်မိသွားမယ့် သဘောမျိုးဖြစ်အောင်တော့ လုပ်ရမှာပါပဲ။ အဓိက စိန်ခေါ်မှုကတော့ ရွေးကောက်ခံ ကိုယ်စားလှယ် တယောက် အနေနဲ့ ပြည်သူနဲ့တိုက်ရိုက်မထိတွေ့ရဘဲနဲ့ ကျနော်တို့ ရင်တွင်းစကား၊ ပြည်သူတွေက ကျနော်တို့ကို မေးလာမယ့် မေးခွန်းတွေအပေါ်မှာ နှစ်ဦးနှစ်ဖက် ထိတေ့ွပြီးတော့ မပြောရတဲ့ ကဏ္ဍက ပြည်သူကိုမချပြနိုင်ဘူးပေါ့။ ကိုဗစ်ကာလနဲ့ ဒေသန္တရအမိန့်တွေ ထုတ်ပြန်ထားတော့ လုံးဝလူမထွက်ရရင် အွန်လိုင်းမီဒီယာလေး ကိုသုံးပြီး မဲဆွယ်စည်းရုံးဖို့ စဉ်းစား ထားပါတယ်” လို့ ပြောပါတယ်။
ရခိုင့်ဦးဆောင်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးကျော်ဇောဦးကလည်း “ရခိုင်တပြည်နယ်လုံး Stay at Home ကာလမှာ တော်တော် လေးကို တင်းတင်းကြပ်ကြပ် လုပ်ထားလိုက်တော့ ဒီဘောင်တွေကြားထဲကပဲ ဘယ်လိုလုပ်နိုင်မလဲ လုပ်နေကြတာပေါ့ဗျာ။ ထုတ်တဲ့ကန့်သတ်ချက်တွေက ဘာမှမလုပ်နဲ့ ဆိုတဲ့သဘောပဲပေါ့၊ လုပ်လို့ရတာက အင် တာနက်ပဲရှိတယ်၊ အင်တာနက် ကလည်း 2G ဆိုတာ ဘာမှသုံးလို့မရတဲ့ဟာပေါ့။ ဗီနိုင်းတွေဘာတွေ ထောင်လို့ရရင်ရမယ်။ ကျန်းမာရေး အခြေအနေအရ ဆိုတော့လည်း အတိုင်းအတာတခုအထိ လိုအပ်သင့်သလောက် လိုအပ်ပါတယ်”လို့ ရခိုင်ပြည်နယ်ရဲ့ အခြေအနေကို ပြောဆိုပါတယ်။
COVID-19 ကပ်ရောဂါအပြင် တပ်မတော်နဲ့ AA တို့ကြားက လက်နက်တိုက်ပွဲတွေကြောင့်လည်း နေရပ်စွန့်ခွာ ထွက်ပြေး နေရတာ လူဦးရေ ၂ သိန်းကျော်ရှိနေပြီး နေ့စဉ်နီးပါး အသက်ဆုံးရှုံးနေရတာတွေကြောင့် ရခိုင်လူထုအနေနဲ့ ရွေးကောက်ပွဲ အပေါ် စိတ်ဝင်စားမှုရှိ၊ မရှိကိုလည်း စောင့်ကြည့်ရမှာဖြစ်ပါတယ်။
လက်ရှိအထိ ကိုဗစ်ပိုး ကင်းစင်တဲ့ ကယားပြည်နယ်မှာတော့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ(KySDP)နဲ့ ကယန်းအ မျိုးသားပါတီ (KNP) တို့အနေနဲ့ ယနေ့မှစတင်ပြီး ပါတီဆိုင်းဘုတ် ထောင်တာတွေ၊ ကိုယ်စားလှယ်လောင်း မိတ်ဆက် တာတွေနဲ့ လူထုအကြား လှည့်လည်တာတွေကို မြို့နယ်အချို့မှာ ပြုလုပ်ခဲ့ကြပါတယ်။
KySDP ပါတီ အထွေထွေအတွင်းရေးမှူး ခူးသဲရယ်က “လူစုလူဝေးလုပ်တဲ့အခါမှာ အခက်အခဲ ရှိလာနိုင်တယ်၊ ကိုဗစ်နဲ့ ပတ်သက်ပြီးမှ ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေနဲ့ အညီ ဆောင်ရွက်မယ်ဆို တခြားပိုပြီးမှ စရိတ်တွေကုန်တာတွေ ရှိလာနိုင်တယ်။ ကျနော်တို့ပါတီရန်ပုံငွေက တခြားပါတီကြီး တွေလို မရှိတော့ ကျနော်တို့ဘက်မှာ ငွေကြေးဆိုင်ရာ အခက်အခဲရှိလာတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ ကယားပြည်နယ်အနေနဲ့ ရောဂါပိုးကင်းစင်တဲ့ ဒေသဖြစ်သော်လည်း ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်တွေကို အများနည်းတူ လိုက်နာကျင့်သုံးရမှာဖြစ်တဲ့အပြင် နေ့စဉ်နဲ့အမျှ ပြောင်းလဲနေတဲ့ ရောဂါအခြေအနေကြောင့်လည်း နောက်ထပ် ကန့်သတ်ချက် ပေါ်လာမလားဆိုတဲ့ စိုးရိမ်ချက်တွေလည်း ရှိနေကြပါတယ်။
KNP လွှတ်တော်ကိုယ်စားလှယ်လောင်း ခွန်မြင့်နိုင် က “ပြည်သူလူထုနဲ့ တွေ့ဆုံတဲ့နေရာမှာ အကန့်အသတ်တွေ ဖြစ်သွားတယ်၊ အခုလောလောဆယ် ကယားပြည်နယ် က (ကိုဗစ်) ကင်းရှင်းတဲ့ နယ်မြေတခုအနေနဲ့ ပေါ့လို့မရတဲ့ အနေအထားဖြစ်တယ်။ အမြဲသတိနဲ့နေရမယ်။ ကျနော်တို့ သွားလာရမယ့် ကိစ္စတွေကိုတော့ လက်ရှိသတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လုပ်ဆောင်နိုင်အောင် ကြိုးစားရမှာပေါ့” လို့ ပြောပါတယ်။
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမှာ ဖြစ်ပြီး ဝင်ရောက်ကြမယ့် တည်ဆဲနိုင်ငံရေးပါတီ ၉၀ ကျော်ရှိတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားချက်များအရ သိရပါတယ်။
အဓိကအချက်အနေနဲ့ ကပ်ရောဂါကာလမှာ ပြည်မအင်အားကြီး ပါတီတွေအနေနဲ့ မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုတွေကို အကန့်အသတ်ရှိတယ် ဆိုသော်ငြား လုပ်နိုင်စွမ်းရှိတဲ့အနေအထားမှာ ရှိနေပေမယ့် ဒေသအခြေစိုက်ပါတီတွေကတော့ ကြီးမားတဲ့ ရိုက်ခတ်မှုတွေ ရှိနေကြပါတယ်။
ပြောင်းလဲလာတဲ့အခြေအနေအရ ပါတီအများစုဟာ အင်တာနက် ဆိုရှယ်မီဒီယာကို အသုံးပြုကြရမှာဖြစ်ပြီး ဆက်သွယ် ရေးနဲ့ လမ်းခရီးဖွံ့ဖြိုးမှုနည်းပါးနေတဲ့ ဒေသတွေမှာတော့ မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုတွေ မြိုင်ဆိုင်လာဖို့ COVID-19 ကူးစက်မှုတွေ လျော့ကျပြီး ဖြေလျော့မှုတွေ ဘယ်အချိန်လာမလဲ စောင့်မျှော်ရမယ့် အခြေအနေသာ ဖြစ်ပါတယ်။
You may also like these stories:
ရွေးကောက်ပွဲအမီ Facebook ကိုအသုံးချလာတဲ့ နိုင်ငံရေးပါတီများ
အရောင်တခုတည်းက လွှမ်းတဲ့လွှတ်တော်ကြီး ဖြစ်အောင် မလုပ်ကြပါနဲ့
မဲပေးခွင့် မဆုံးရှုံးစေရေး စီမံချက်ချပြီး ဆောင်ရွက်နေတယ်