NLD ကိုယ်စားလှယ်လောင်းများအား ရွေးကောက်ပွဲမဲဆွယ် အသုံးစရိတ်အဖြစ် ၁ ဦးလျှင် ကျပ် ၁၀ သိန်း ထောက်ပံ့ ထားပြီး ထိုငွေများကို ကိုဗစ်ကူးစက်မှုများသည့်ဒေသများတွင် ကိုဗစ်ရန်ပုံငွေအဖြစ် ပြန်လည် သုံးစွဲရန် ညွှန်ကြားထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
ဒေါက်တာ ဇော်မြင့်မောင် က “၂၀၁၅ ကနေ ၂၅ ရာခိုင်နှုန်း ကောက်လိုက်တာရယ်၊ သာမာန်အပ်ထားတာနဲ့ဆိုတော့ စုမိဆောင်းမိရှိတယ်လို့ ပြောရ မှာပေါ့။ အဲဒီတော့ အောင်နိုင်ရေးအတွက် ကိုယ်စားလှယ်လောင်းတွေကို ထောက်ပံ့ဖို့ လိုလိမ့်မယ်လို့ တွေးပြီး ပေးနိုင် တယ်၊ လုံလောက်တဲ့အတွက် ပေးလိုက်တယ်။ ဒီ ၁၀ သိန်းက အာဏာ ကုန်ပါပဲ၊ ဒီထက်တော့ ပိုမထောက်ပံ့နိုင်ပါဘူး” ဟု ပြောသည်။
စက်တင်ဘာ ၈ ရက်က မန္တလေး NLD တိုင်းရုံးတွင် ပါတီအောင်နိုင်ရေးဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနား အပြီးတွင် မဲဆွယ်စည်းရုံးရေးနှင့် ပတ်သက်ပြီး ကိုယ်စားလှယ်လောင်းများအား ပါတီက ထောက်ပံ့မှုရှိ၊ မရှိ ဧရာဝတီ၏ မေးမြန်းချက်အပေါ် ၎င်းက ထိုသို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ရွေးကောက်ပွဲ၌ NLD မှ ကိုယ်စားလှယ်လောင်း ၁၁၄၃ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ရာ ၎င်းတို့အား အောင်နိုင်ရေး အသုံးစရိတ်အဖြစ် ငွေကျပ် ဆယ်သိန်းစီ ထောက်ပံ့ထားသော်လည်း ကိုဗစ် ၁၉ ရောဂါကူးစက်မှုများသည့် ရန်ကုန်၊ ရခိုင်ဒေသများမှ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ အနေဖြင့် ၎င်းတို့မဲဆန္ဒနယ်ရှိ ပြည်သူများ၏ ကိုဗစ်ကာကွယ်ရေးအတွက် လိုအပ်မည့် Mask၊ လက်ဆေးဆပ်ပြာ၊ လက်အိတ်စသည်တို့ကို ပြန်လည် ထောက်ပံ့ ကြရန် စက်တင်ဘာ ၇ ရက်က ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ညွှန်ကြားထားသည်ဟု သိရသည်။
မန္တလေးတိုင်းလွှတ်တော် ချမ်းမြသာစည်မဲဆန္ဒနယ်အမှတ် ၂ မှ ဝင်ရောက်အရွေးခံမည့် လွှတ်တော် ကိုယ်စားလှယ် လောင်း ဦးမြင့်အောင်မိုးက “ဗဟိုက ထောက်ပံ့တဲ့ ၁၀ သိန်းကို မဲဆွယ်စည်းရုံးရေး လုပ်တဲ့အခါသုံးဖို့ထက် ကျနော့် မဲဆန္ဒနယ်မှာ ကိုဗစ်ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင်တွေ ဝေဖို့ရှိတော့ အဲဒီအတွက်ရယ်၊ ရွေးကောက် ပွဲနေ့မှာ မဲလာပေးတဲ့ အချိန် ပါတီလိုဂို အမှတ်တံဆိပ်ပါတဲ့ Mask တွေတပ်ပြီး လာတဲ့ မဲဆန္ဒရှင်တွေကို Surgical Mask တွေနဲ့လဲပြီး ပြန်ပေးဖို့အတွက် သုံးဖို့ ရည်ရွယ်ထားပါတယ်” ဟု ဧရာဝတီကို ပြောသည်။
လာမည့် နိုဝင်ဘာ ၈ ရက်နေ့တွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ရာ နိုင်ငံရေးပါတီများ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းများ အနေဖြင့် မဲဆွယ် စည်းရုံးရေးလုပ်ငန်းများအား စက်တင်ဘာ ၈ ရက်မှ စတင်၍ ရက် ၆၀ ကြာ လုပ်ဆောင်နိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုခဲ့ပြီးနောက် ပါတီအသီးသီးက မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို ယမန်နေ့က စတင်ကာ လှုပ်ရှား လုပ်ဆောင်နေကြပြီ ဖြစ်သည်။
You may also like these stories:
အာဏာရ NLD ပါတီ၏ မဲဆွယ်မှု ကိုဗစ် စည်းကမ်းချက်များနှင့် မညီဟု ကြံ့ခိုင်ရေး ဥက္ကဌ ပြော
ကိုဗစ်ကန့်သတ်ချက်တွေကြား စတင်လိုက်တဲ့ မဲဆွယ်စည်းရုံးရေး
ကိုဗစ်ကာလ မဲဆွယ်ခွင့် ကန်သတ်ချက်အပေါ် သူတို့ အမြင်