ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ အောင်နိုင်ရေး မဲဆွယ်ဆိုင်းဘုတ်များ ဖြုတ်ချဖျက်စီးခံခဲ့ ရသည်ဟု သတင်းရရှိသည်။
ကိုကိုးကျွန်းမြို့နယ်သည် ၂၀၁၀ နှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲများတွင် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီကသာ အနိုင်ရထားသည့် ဒေသတခုလည်း ဖြစ်သည်။
NLD ပါတီမှ ပြည်သူလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းကိုကိုက “မနေ့ညက ၁၂ နာရီမှ ကျနော်တို့ အိပ်တာ အဲဒီ အချိန်အထိတော့ ဆိုင်းဘုတ်တွေက ကောင်းကောင်းမွန်မွန်ပဲ။ မနက်ရောက်တော့ ဆိုင်းဘုတ်ကို ဖြုတ်ချထားတာတွေ့ရတယ်။ ရဲစခန်းနဲ့ ကော်မရှင်ရုံးကို အကြောင်းကြားထားပြီးပါပြီ”ဟု ဧရာဝတီသို့ ပြောသည်။
NLD ပါတီက ပထမဆုံး မဲဆွယ်စည်းခွင့်ရသည့် စက်တင်ဘာလ ၈ ရက်က တနိုင်ငံလုံးနည်းတူ ကိုကိုးကျွန်းမြို့ နယ်တွင်လည်း ရုံးခန်းများ ဖွင့်လှစ်ခြင်းပြုလုပ်သလို မဲဆွယ်ပိုစတာ ၆ ခု စိုက်ထူခဲ့သည့်အနက် ၄ ခုကို စက်တင်ဘာလ ၁၀ ရက် ညဦးပိုင်းက ဖြုတ်ချဖျက်စီးခံရခြင်းဖြစ်သည်ဟု သိရသည်။
ကိုကိုးကျွန်းမြို့နယ် NLD ရုံးရှေ့တွင် စိုက်ထူထားသည့် ပိုစတာ ၂ ခု၊ အမှတ် (၂) ရပ်ကွက်ရှိ NLD ရုံးတွင် စိုက်ထူ ထားသည့် ပိုစတာ ၁ ခုနှင့် ကျောင်းလမ်းနှင့် ရွေးကောက်ပွဲကော်မရှင်ရုံးသစ်ကြားတွင် စိုက်ထူထားသည့် ၁ ခု စုစုပေါင်း ၄ ခုကို ဖြုတ်ချဖျက်စီးခံခဲ့ရခြင်းဖြစ်သည်။
NLD ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်ဆိုင်းဘုတ်များ ဖြုတ်ချခံရမှုအတွက် ကိုယ်စားလှယ်လောင်း ဦးဝင်းကိုကိုက ရွေးကောက်ပွဲကော်မရှင်ရုံး (ခွဲ) နှင့် ရဲစခန်းတို့တွင် အမှုဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း သိရသည်။
ဦးဝင်းကိုကိုက “ကျနော်တို့ NLD ဆိုင်းဘုတ်ဖျက်စီးခံရတယ်ဆိုတဲ့သက်သေရှိတယ်။ ဘယ်သူဖျက်စီးတယ် ဆိုတာတော့ လက်ဆုတ်လက်ကိုင်မပြနိုင်သေးဘူးလေ။ ရဲက တရားခံဖော်ထုတ်ပြီးမှ ကော်မရှင်က ဘယ်လို ဆက်လက်အရေးယူရမယ်ဆိုတာ သိမှာဖြစ်တယ်” ဟု ပြောသည်။
ဖျက်ဆီးခံထားရသည့် အောင်နိုင်ရေး ဆိုင်းဘုတ်နေရာများတွင် အသစ်ပြန်လည် တင်ထားလိုက်ပြီ ဖြစ်ကြောင်း ကိုကိုးကျွန်း NLD က လွန်ခဲ့သော နာရီပိုင်းက မှတ်တမ်းဓာတ်ပုံများ ပြန်တင်လိုက်သည်ကို တွေ့ရပြီး ဆိုင်းဘုတ်ဖျက်ဆီးခံရမှု တရားခံ ပေါ်ပေါက်ရေးကိုလည်း ကျိုးပမ်းလျှက် ရှိသည်ဟု ဆိုသည်။
မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ဇော်ကတော့ ဆိုင်းဘုတ်ဖြုတ်ချက်ခံရမှုက ရဲရေးပိုင်မှုဖြစ်ပြီး ၎င်းတို့နှင့် တိုက်ရိုက်မသက်ဆိုင်သော်လည်း ပြည်ထောင်စုရွေးကော်ပွဲကော်မရှင်ထံသို့ တင်ပြထားသည်ဟု ဆိုသည်။
လူဦးရေ ၁၃၀၀ ကျော်သာရှိသည့် ကိုကိုးကျွန်းသည် စစ်အစိုးရလက်ထက်က နိုင်ငံရေးအကျဉ်းသားများကို ထားရှိသည့် ကျွန်းငယ်တခုဖြစ်ပြီး လက်ရှိ ကျွန်းပေါ်တွင် တပ်မတော်နှင့် အစိုးရဝန်ထမ်း အများစုနေထိုင်ကြကြောင်း သိရသည်။
ကိုကိုးကျွန်းမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP)နှင့် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) တို့ ဖြစ်သည်။
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ရုံးခွဲဖွင့်ထားသော်လည်း အောင်နိုင်ရေးဆိုင်းဘုတ်ထောင်ထားခြင်းမရှိ သလို ညီညွတ်သော ဒီမိုကရက်တစ်ပါတီကတော့ ယခုအချိန်အထိ လာရောက်ခြင်းမရှိသေးကြောင်း သိရသည်။
လက်ရှိတွင် ကိုကိုးကျွန်း၌ NLD နှင့် USDP ပါတီတို့သာ ရုံးခန်းဖွင့်ခြင်း၊ ပိုစတာဆိုင်းဘုတ် ထောင်ခြင်းများ ပြုလုပ် ထားသော်လည်း USDP ဆိုင်းဘုတ်များက ဖြုတ်ချဖျက်စီးခံရမှု တစုံတရာမရှိပါဟု ဦးဝင်းကိုကိုက ဆိုသည်။
အလားတူ နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်အတွင်းလည်း စိုက်ထူထားသည့် NLD မဲဆွယ် ဆိုင်းဘုတ်လည်း ဖျက်စီးခံခဲ့ရသည်ဟု သိရသည်။
You may also like these stories:
ကိုဗစ်ကန့်သတ်ချက်တွေကြား စတင်လိုက်တဲ့ မဲဆွယ်စည်းရုံးရေး
ရခိုင်တွင် နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရေး မလုပ်နိုင်