လာမည့်၂၀၂၀ ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ်အတွင်း ကြိုတင်မဲပေးမည့်သူ ၈၀၀၀၀ ကျော် စာရင်းပေးသွင်းထား ကြောင်း ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ (ခွဲ)မှ အတွင်းရေးမှူး ဦးသူရိန်ထွဋ်က ပြောသည်။
၎င်းက “ကြိုတင်မဲပေးမယ့်သူကတော့ လက်ရှိအချိန်အထိ ကျနော်တို့ စာရင်းပြုစုထားတာ ၈၀၀၀၀ ကျော်ရှိတယ်။ ကြို တင်မဲပေးမယ့်သူတွေအနေနဲ့ အောက်တိုဘာလ ၁၀ ရက်ထိ နောက်ဆုံးထားပြီး စာရင်းပေးသွင်းနိုင်မှာ ဖြစ်တဲ့အတွက် အရေအတွက် ဒီထက် တိုးချင်လည်း တိုးလာနိုင်တာပေါ့” ဟု ဧရာဝတီသို့ ဆိုသည်။
ကြိုတင်မဲပေးမယ့်သူကတော့ လက်ရှိအချိန်အထိ ကျနော်တို့ စာရင်းပြုစုထားတာ ၈၀၀၀၀ ကျော်ရှိတယ်။
အဆိုပါ ကြိုတင်မဲပေးရန် စာရင်းပေးထားသူပေါင်း ၈၀၀၀၀ ကျော်ထဲ၌ နိုင်ငံပြင်ပ ရောက်ရှိနေသူများ၊ မဲဆန္ဒနယ်ပြင်ပ ရောက်ရှိနေသူများ၊ ဆေးရုံ၊ အချုပ်ခန်း၊ အကျဉ်းထောင် စသည့် နေရာများသို့ ရောက်ရှိနေသူများ ပါဝင်ပြီး စစ်ဆင်ရေး တာဝန်ထမ်းဆောင်နေသော တပ်မတော်သားများလည်း ပါဝင်ကြောင်း ဦးသူရိန်ထွဋ်က ဆက်လက် ပြောကြားသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် လာမည့် နိုဝင်ဘာလ ၈ ရက်၌ ရွေးကောက်ပွဲကျင်းပရန် ကြေညာထား ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပြီးခဲ့သော ဇူလိုင်၂၅ ရက်မှ စတင်ကာ သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ်အုပ်ချုပ် ရေးမှူးရုံးတို့တွင် မဲစာရင်းများ ကပ်ထားခဲ့သော်လည်း ဒေသခံ ပြည်သူများအနေဖြင့် ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု နည်းပါးကာ မဲစာရင်းလာကြည့်သူ နည်းကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့မှ ဦးခိုင်ကောင်းစံက “ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ရခိုင်ပြည် သူတွေကတော့ စိတ်ဝင်းစားမှု မရှိကြဘူး။ စစ်ဘေးနဲ့ ကိုဗစ်ဘေးကြောင့် ဒုက္ခရောက်နေတာလည်း ပါတယ်။ နောက်တခု က အစိုးရနဲ့ နိုင်ငံရေး ပါတီတွေ အပေါ်လည်း အယုံအကြည် မရှိကြတော့ဘူး။ မဲနိုင်ရင်လည်း ဘာမှလုပ်လို့ မရဘူးဆိုပြီး အဲဒီလို အမြင်မျိုးတွေက ရှိနေကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ကျောက်တော်မြို့နယ်နှင့် ပလက်ဝမြို့နယ်အစပ် ကုလားတန် မြစ်ကမ်းဘေး အနီးရှိ မုန့်သန်းပြင် ကျေးရွာမှ စစ်ဘေး ရှောင်ပြီး ကျောက်တော်မြို့ပေါ်သို့ ဝင်ရောက် ခိုလှုံနေသူ ဦးကျော်စိန်ကလည်း ဝမ်းရေးကို ပူပန်နေရသည့်အတွက် ရွေး ကောက်ပွဲ ကျင်းပမည့်နေ့ကိုပင် မသိရှိကြောင်း ပြောဆိုသည်။
“ရွာလည်း မရှိတော့ဘူး။ အိမ်လည်း ပြာဖြစ်သွားပြီ။ လူလည်း ထွက်ပြေးနေရတာဆိုတော့ ရွေးကောက်ပွဲကို ကျနော်တို့ စိတ်ဝင်စားဖို့ အချိန်မရတော့ဘူး။ မဲစာရင်းဘယ်မှာ ပါတယ်ဆိုလည်း ဒီကလူတွေ တယောက်မှ မသိကြ ဘူး။ ရွေးကောက်ပွဲ ကိစ္စတွေနဲ့ ပတ်သက်လို့ ပြောသံဆိုသံလည်း ကျနော်တို့ မကြားမိဘူး”
ဦးကျော်စိန်က “ရွာလည်း မရှိတော့ဘူး။ အိမ်လည်း ပြာဖြစ်သွားပြီ။ လူလည်း ထွက်ပြေးနေရတာဆိုတော့ ရွေးကောက်ပွဲကို ကျနော်တို့ စိတ်ဝင်စားဖို့ အချိန်မရတော့ဘူး။ မဲစာရင်းဘယ်မှာ ပါတယ်ဆိုလည်း ဒီကလူတွေ တယောက်မှ မသိကြ ဘူး။ ရွေးကောက်ပွဲ ကိစ္စတွေနဲ့ ပတ်သက်လို့ ပြောသံဆိုသံလည်း ကျနော်တို့ မကြားမိဘူး” ဟု ဧရာဝတီသို့ ပြောသည်။
နယ်မြေလုံခြုံရေး အခြေအနေကြောင့် ရွေးကာက်ပွဲ ကော်မရှင် အနေဖြင့်လည်း ကျေးရွာအုပ်စု (၁၅) စုတွင် မဲစာရင်းများ မကပ်နိုင်သည့်အတွက် မဲပေးခွင့် ဆုံးရှုံးနိုင်သည့် အခြေအနေရှိသလို၊ ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များ၌ လာမည့် ရွေးကောက်ပွဲသည်ပင် ကျင်းပနိုင်ခြေ ရှိ မရှိ ဆိုသည်ကို မပြောနိုင်ကြပဲ စောင့်ကြည့်နေကြသည့် အခြေအနေပင်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲဝင်ရန် နိုင်ငံရေးပါတီ ၁၃ ပါတီနှင့် တသီးပုဂ္ဂလအဖြစ် အမျိုးသားလွှတ်တော်၊ ပြည်သူ့ လွှတ်တော်၊ ပြည်နယ် လွှတ်တော်တို့တွင် ကိုယ်စားလှယ်လောင်း ၃၈၅ ဦး လျှောက်လွှာ တင်ထားကာ၊ ပြည်နယ်အတွင်း မဲရုံပေါင်း၂၅၉၀ ကျော် ဖွင့်လှစ်ရန် စီစဉ်ထားပြီး ဆန္ဒမဲပေးခွင့်ရှိသူ ၁၆၄၀၀၀၀ ကျော်ရှိကြောင်း ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံက သိရသည်။
ထို့ပြင် ရခိုင် နိုင်ငံရေးပါတီ အချင်းချင်းကြား ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ တဖက်နှင့်တဖက် ထိုးနှက် တိုက်ခိုက်မှု များကို မြင်တွေ့လာရပြီး ပြည်နယ်အတွင်း အင်အားကြီး ပါတီတခု ဖြစ်သည့် ရခိုင်အမျိုးသားပါတီ (ANP)မှ နုတ်ထွက်ထား သည့် လွှတ်တော် ကိုယ်စားလှယ်များမှာလည်း ပါတီမှ နုတ်ထွက်ခွင့် မပြုသည့်အတွက် တသီးပုဂ္ဂလ ကိုယ်စားလှယ် လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားကြသည်။
You may also like these stories:
ရခိုင်တွင် နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရေး မလုပ်နိုင်
၂၀၂၀ ရွေးကောက်ပွဲအကြို ရခိုင်ပြည်နယ် မြင်ကွင်း
NLD ပါတီ ရခိုင်၌ မဲဆန္ဒနယ်အပြည့် ဝင်ပြိုင်မည်
ရခိုင်ပြည်နယ်တွင် ကျေးရွာအုပ်စု ၁၅ စု မဲစာရင်း မကပ်နိုင်
မြို့နယ်အဆင့် ခေါင်းဆောင် ၄ဦး ANP ပါတီမှ ထုတ်ပယ်