အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ မဲဆွယ် စည်းရုံးရေး လှုပ်ရှားမှုများ ပိတ်ထားသော်လည်း ဝန်းရံသူများက ဆက်လက် မဲဆွယ်နေခြင်းကိုမူ တားဆီး၍ မရဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဆိုသည်။
NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပါတီအတွက် မဲဆွယ် စည်းရုံးမှုများကို လူစုလူဝေးဖြင့် မထောက်ခံကြရန် စက်တင်ဘာလ ၁၅ ရက်က Chair NLD စာမျက်နှာမှ တဆင့် ပြည်သူများသို့ ပြောကြားထားသည်။
၎င်းက “အခုအချိန်မှာ ကိုဗစ်နဲ့ ပတ်သက်ပြီး သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ကျမတို့ အဖွဲ့ချုပ်ကို ထောက်ခံတဲ့ ပြည်သူများ လိုက်နာကြပါ” ဟု ပြောဆိုထားသည်။
သို့သော် စက်တင်ဘာ၂၄ ရက်က NLD ပါတီကို ဝန်းရံသူ ၁၀၀ ရာခန့်သည် ဆိုင်ကယ်၊ သုံးဘီး၊ ကားများဖြင့် ပါတီဝတ်စုံများ ဝတ်ဆင်ထားကြကာ အောင်နိုင်ရေး သီချင်းများ ဖွင့်ပြီး မန္တလေး မြို့တွင်းသို့ လှည့်လည်ခဲ့ကြသည်။
ထိုအကြောင်းနှင့် ပတ်သက်ပြီး ဧရာဝတီက သဘောထားတောင်းရာ အောင်မြေသာစံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ လှမိုးက “ကျနော်တို့ အောင်မြေသာစံ၊ မဟာအောင်မြေ၊ ချမ်းအေးသာစံ စတဲ့ မြို့နယ်တွေ အားလုံးက မဲဆွယ်စည်းရုံးတွေ နားထားပါတယ်။ ဒါပေမယ့် ပါတီကို ချစ်တဲ့သူတွေက သူတို့ ဆန္ဒအတိုင်း လုပ်နေတာပါ။ ကျန်းမာရေးနဲ့တော့ မညီပါဘူး။ ဒါပေမယ့်လည်း ကျနော်တို့က သူတို့ကို တားလို့ မရဘူး” ဟု ဆိုသည်။
မန္တလေးတိုင်း ဝန်ကြီးချုပ်လည်း ဖြစ်၊ NLD ပါတီ ဒု ဥက္ကဋ္ဌ (၂) လည်း ဖြစ်သည့် ဒေါက်တာ ဇော်မြင့်မောင်၏ Facebook Page တွင်လည်း ထိုသို့ အားပေးမှုများသည် လူစုလူဝေး ဖြစ်စေသဖြင့် ကိုဗစ် ရောဂါ ကူးစက်မည်ကို စိုးရိမ်ကြောင်း၊ ထို့ပြင် လူစုလူဝေးပြုလုပ်ခြင်းက သဘာဝဘေး စီမံခန့်ခွဲမှု ဥပဒေနှင့် ငြိစွန်းသဖြင့် လူစုလူဝေး ဖြစ်စေမည့် စုရုံးမှုမျိုး ရှောင်ကြည်ကြရန် မေတ္တာ ရပ်ခံထားသည်။
NLD ပါတီ၏ ဗဟိုပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး မုံရွာ အောင်ရှင်က “ဝန်းရံတဲ့ လူထုရဲ့ ဆန္ဒကို တားမယ်ဆိုရင် ဆန့်ကျင်ဘက် ဖြစ်သွားမှာကိုး။ အဲဒါကြောင့် ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့လောက်ပဲ ပြောနိုင်တော့တဲ့ အနေအထား ရှိတယ်။ Mask တွေ တပ်ကြပါ။ တယောက်နဲ့ တယောက် သိပ်ပြီး ပူးပူးကပ်ကပ် မနေပါနဲ့။ အဲဒီလောက်ပဲ ပြောနိုင်တာရှိ တော့တယ်။ ကိုယ့်ကို ဝန်းရံသူတွေကို ပြန်ပြီးတော့ အရေးယူဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု ပြောသည်။
NLD သည်၂၀၂၀ ရွေးကောက်ပွဲတွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်း/ ပြည်နယ်လွှတ်တော်နှင့် တိုင်းရင်းသားရေးရာ ဝန်ကြီး နေရာများအတွက် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၁၁၄၃ ဦး ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်သည်။
ထို့ပြင်၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့်ကို စက်တင်ဘာလ ၈ ရက်မှ နိုဝင်ဘာလ ၆ ရက်အထိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရက်ပေါင်း ၆၀ ခွင့်ပြုထားပြီး လူ ၅၀ ထက်ပို၍ စုဝေးကာ မဲဆွယ်စည်းရုံးခြင်း မပြုလုပ်ရန် ကန့်သတ်ထားသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တရားဝင် မဲဆွယ်ခွင့်ပြုထားသည့် ကာလအတွင်း၌ မြန်မာနိုင်ငံတွင် ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်း နေ့စဉ် တိုးလားလျက် ရှိသည်။
လက်ရှိ မန္တလေးတိုင်းတွင် စက်တင်ဘာ၂၅ ရက်အထိ ကိုဗစ်အတည်ပြု လူနာ စုစုပေါင်း ၁၂၇ ဦးရှိသည်ဟု တိုင်း ကျန်းမာရေး ဦးစီးဌာနက သိရသည်။
You may also like these stories:
NLD ကို လူစုလူဝေးဖြင့် မထောက်ခံကြရန် ဒေါ်အောင်ဆန်းစုကြည်ပြော
ကသာနှင့်ဝန်းသိုတွင် NLD ပါတီက မဲဆွယ်ခြင်းလုပ်ငန်း ယာယီရပ်ဆိုင်းထား
ကိုဗစ်အတွက် ကျပ် ဘီလီယံ ၁ ထောင်ကျော်သုံးမည်ဟု နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ပြော