နှင်းဆီပါတီ ခေါ် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(UDP) ပါတီ၏ ဥက္ကဋ္ဌ ဖြစ်သူ ဦးကျော်မြင့်(ခ) မိုက်ကယ်ကျော်မြင့် ဟွာဟူနှင့် ပတ်သက် ဆက်နွယ်သည့် အချက်အလက်များအား လုံခြုံရေး အဖွဲ့များက စုံစမ်း စစ်ဆေးနေကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။
ဦးကျော်မြင့် အနေဖြင့် ရာဇဝတ်မှုနှင့် ထောင်ကျကာ ထွက်ပြေး လွတ်မြောက်သွားသူ ဖြစ်သော်လည်း မည်သို့ ပြန်လည် လက်ခံခဲ့ခြင်း၊ တရုတ်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားခြင်းနှင့် ကနေဒါနိုင်ငံတွင် နေထိုင် ခရီးသွားလာခွင့် ရရှိထား ခြင်းများမှာ မှန်/မမှန်၊ ပါတီက သုံးစွဲနေသည့် ငွေကြေးများအား ၎င်း၏ ကုမ္ပဏီမှ အကုန်အကျခံ သုံးစွဲနေခြင်းမှာ ဥပဒေနှင့် ညီညွတ်မှု ရှိမရှိ တို့ကို စိစစ်မှု အခြေအနေနှင့် ပတ်သက်၍ သမ္မတအိမ်တော် သတင်းထောက်များ ဂရုမှတဆင့် Myanmar Now သတင်းဌာနက မေးမြန်းခဲ့ခြင်း ဖြစ်သည်။
ဦးဇော်ဌေးက “မေးခွန်းပါ အချက်များ အားလုံးနှင့် စပ်လျဉ်းပြီး သက်ဆိုင်ရာ လုံခြုံရေး အဖွဲ့အစည်းတွေက လိုအပ်တဲ့ စုံစမ်း စိစစ်မှုတွေ ဆောင်ရွက်လျက် ရှိပါတယ်” ဟု ပြန်လည် ဖြေကြားထားသည်။
ယင်းသို့ စုံစမ်း စစ်ဆေးမည်ဆိုသော်လည်း UDP ပါတီထံသို့ တစုံတရာ ဆက်သွယ်မှု မရှိကြောင်း ပါတီ ဗဟို တွဲ ဖက် အထွေထွေ အတွင်းရေးမှူး ဦးကျော်စွာထက်ဦး က ပြောသည်။
ဦးကျော်စွာထက်ဦးက “အရင်ကတည်းက ဥက္ကဋ္ဌကြီး ပြောထားတာ ရှင်းနေတာပါပဲ။ တကယ်လို့ ကောလဟလ သတင်း တွေက တကယ် မှန်တယ်ဆိုရင် တရားဥပဒေအတိုင်း သူ့ဟာသူ သွားမှာပေါ့။ မမှန်လို့ ဒီအတိုင်းပဲ ရှိနေတာပေါ့။ ဒါက ကျနော်တို့ သိပ် အထွေအထူး ရှင်းစရာ မရှိပါဘူး” ဟု ပြောသည်။
ဦးကျော်မြင့်(ခ) မိုက်ကယ်ဟွာဟူးသည် မြန်မာကျုံယွမ်း ကုမ္ပဏီအား ထူထောင် လုပ်ကိုင်ခဲ့ရာမှ ၁၉၉၇ ခုနှစ် ဒီဇင်ဘာလ တွင် အမည်ပျက်စာရင်းထည့်သွင်းခံရပြီး၊ ငွေကြေး အရှုပ်အရှင်းများကြောင့် ထောင်ဒဏ် ၉ နှစ် ချမှတ်ခံခဲ့ရကာ အကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်သွားသူဖြစ်သည်။
ယင်းသို့ ငွေကြေးအရှုပ်အရှင်းများကြောင့် ထောင်ဒဏ် ချမှတ်ခံရသည်ဟု ဆိုသော်လည်း ဦးကျော်မြင့် အနေဖြင့် ပုဒ်မ-၅(ည) ဖြင့်သာ အရေးယူခံရခြင်း ဖြစ်ပြီး ငွေကြေး အရှုပ်အရှင်းများကြောင့် မဟုတ်ကြောင်း UDP အတွင်းရေးမှူး ဦးကျော်စွာထက်ဦး က ဧရာဝတီသို့ ရှင်းလင်း ပြောထားသည်။
ထွက်ပြေး လွတ်မြောက်ပြီးနောက် ကနေဒါနိုင်ငံတွင် နေထိုင်နေစဉ် ကုမ္ပဏီရှယ်ယာများနှင့် ပတ်သက်ပြီး ပြဿနာများ ဖြစ် ပေါ်ခဲ့ကြောင်းနှင့် တရားရုံးမှလည်း ၎င်းအား ဒဏ်ငွေချမှတ် အရေးယူခြင်းများ ရှိခဲ့ကြောင်း သိရသည်။
ယခုနှစ် ရွေးကောက်ပွဲတွင် ပါတီ အသုံးစရိတ်များနှင့် ပတ်သက်၍ ဦးကျော်မြင့်၏ ကုမ္ပဏီတခု ဖြစ်သည့် Myanmar Kyaw ကုမ္ပဏီက တဆင့် စိုက်ထုတ် အကုန်အကျခံကာ ပါတီစည်းရုံးရေးအတွက် ငွေကြေးများ သုံးစွဲနေခြင်းနှင့် ပတ်သက်၍ လည်း မေးခွန်းထုတ်မှုများ ရှိနေသည်။
ယင်းသို့ မေးခွန်း ထုတ်မှုများအပေါ် Myanmar Kyaw ကုမ္ပဏီနှင့် ပတ်သက်၍ သိလိုပါကလည်း သက်ဆိုင်ရာ အခွန်ရုံး၌ စုံစမ်းနိုင်ကြောင်း ဦးကျော်မြင့်က ပါတီ၏ လူမှုကွန်ရက် စာမျက်နှာက တဆင့် ပြောထားသည်။
UDP ပါတီအား၂၀၀၇ ခုနှစ်တွင် ကနေဒါနိုင်ငံ၌ စတင် တည်ထောင်ခဲ့ပြီး ၂၀၁၀ တွင် မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကော် မရှင် (UEC) ထံတွင် အမှတ်စဉ် ၁၆ ဖြင့် ပါတီ မှတ်ပုံတင် ရရှိခဲ့သည်။
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် နှင်းဆီပါတီမှ ကိုယ်စားလှယ်လောင်း ၁၁၄၃ ဦး ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး အာဏာရပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီပြီးလျှင် ကိုယ်စားလှယ်လောင်း ဒုတိယ အများဆုံး ဝင်ပြိုင် သည့် ပါတီတခု ဖြစ်သည်။
ပြီးခဲ့သည့်၂၀၁၀ ရွေးကောက်ပွဲနှင့်၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတို့တွင် UDP ပါတီက ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်ရရှိခြင်း မရှိခဲ့ပေ။
You may also like these stories:
၂၀၂၀ ရွေးကောက်ပွဲနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတို့၏ အသံ
ရွေးကောက်ပွဲ မတရားခဲ့ရင် တပ်ချုပ်ကို ကူညီဖြေရှင်းပေးဖို့ အတိုက်အခံပါတီများ သွားပြော
“မဖြစ်သင့် မဖြစ်ထိုက်တာ မဖြစ်အောင်”ဆောင်ရွက်နေသည်ဟု ဗိုလ်ချုပ်မှူးကြီး ပြော