ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ဆောင်ရွက်ရာ၌ ပြည်သူများကို လှည့်ဖျားပြီး မစည်းရုံးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အဖွဲ့ချုပ် အဖွဲ့ဝင်နှင့် ကိုယ်စားလှယ်လောင်းများအား မှာကြားလိုက်သည်။
ယနေ့ (စက်တင်ဘာ ၂၉) နံနက်ပိုင်းက ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် အဖွဲ့ချုပ် အောင်နိုင်ရေးအဖွဲ့ ခေါင်းဆောင်များ၏ အွန်လိုင်းစကားဝိုင်း တွင် ထိုကဲ့သို့ မှာကြားလိုက်ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က “ပြည်သူကို လေးစားတယ်ဆို ပြည်သူကို မလှည့်ဖျားရဘူး။ မှန်မှန်ကန်ကန် ပြောရမယ်။ လေး လေးစားစား ဆက်ဆံရမယ်။ ပြည်သူကို စည်းရုံးတဲ့အခါမှာ တကယ့်ကို ပြည်သူအတွက်၊ နိုင်ငံအတွက် ကောင်းစေချင်လို့ ဆိုတဲ့ စိတ်ဓာတ်နဲ့ စည်းရုံးရမယ်။ စည်းရုံးတဲ့အခါမှာလည်း သိက္ခာရှိရှိ စည်းရုံးဖို့က အင်မတန်မှ အရေးကြီးပါတယ်” ဟု ပြောကြားသည်။
စည်းရုံးသည့်အခါ၌လည်း ပြည်ထောင်စု စိတ်ဓာတ်ကို အခြေခံကာ စည်းရုံးရမည်ဖြစ်ပြီး NLD ပါတီက တိုင်းရင်းသား တမျိုး တည်းအတွက် လုပ်နေခြင်းမဟုတ်ဘဲ အားလုံးအတွက် လုပ်နေခြင်းဖြစ်ကြောင်း အများပြည်သူ နားလည်အောင် ရှင်းပြစေ ချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဆက်လက်၍ ၎င်းက တဦးနှင့်တဦး တိုက်ခိုက်ပြီး စည်းရုံးခြင်းမျိုးကို အားမပေးကြောင်း၊ မတူကွဲပြားမှုများကို အားနည်း ချက်ဖြစ်အောင်၊ တဦးနှင့်တဦးကြား သံသယဖြင့်ကြည့်အောင်၊ နားလည်မှုကျအောင် မလုပ်ဘဲ နားလည်မှု တည်ဆောက် ခြင်း၊ အပြန်အလှန် လေးစားခြင်း၊ ကူညီချင်သည့်၊ ချစ်ခင်သည့်၊ လက်တွဲခေါ်သွားမည့် စိတ်ဓာတ်များ ပွားများအောင် လုပ်ပေးနိုင်ပါက မည်မျှလှပပြီး နေချင့်စဖွယ်ကောင်းသော ပြည်ထောင်စုကြီးဖြစ်မည်ကို ပြည်သူများအား နားလည်စေချင် သည်ဟုလည်း ဆိုသည်။
တချိန်တည်းတွင် လက်တွေ့ကျကျ ပြည်သူများ၏ ဘဝကို စနစ်ကောင်းပါက မည်သို့ပြောင်းလဲအောင် လုပ်နိုင်သလဲ ဆို သည်ကိုလည်း တိတိကျကျ အချက်အလက်များဖြင့် ဖော်ပြရန်လိုကြောင်း၊ NLD အစိုးရ တာဝန်ယူသည့် သက်တမ်း အ တွင်း လျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ပြည်သူများ၏ အခြေခံ လိုအပ်ချက်ဖြစ်သော ကျန်းမာရေး၊ ပညာရေး စသည်ဖြင့် ရှင်းပြန်ရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က “ဒါဟာ စနစ်နဲ့ဆိုင်တယ်။ ဒါကြောင့် စနစ်ပြောင်းဖို့ လုပ်နေတာ။ ပြည်သူတွေ စိတ်ပိုင်း၊ ရုပ်ပိုင်း ဆိုင်ရာ နှစ်ဖက်စလုံးမှာ လုံခြုံနိုင်မယ့် စနစ်တခုကို ထူထောင်ဖို့ ကြိုးစားနေတာ။ ဒီစနစ် ထူထောင်တဲ့နေရာမှာ ကျမတို့ တာဝန်က မပြီးမြောက်သေးဘူးဆိုတာလည်း ရှင်းပြစေချင်တယ်” ဟု မှာကြားသည်။
NLD ပါတီက ရွေးကောက်ပွဲ ယှဉ်ပြိုင်ခြင်းသည် ပါတီ၊ အဖွဲ့အစည်းတခုကို ယှဉ်ပြိုင်နေခြင်း မဟုတ်ဘဲ စနစ်တခုကို ယှဉ် ပြိုင်နေခြင်းဖြစ်ပြီး ယခင် စနစ်ဟောင်းများကို ယှဉ်ပြိုင်ကာ လိုချင်သည့် စနစ်သစ်ကို ခိုင်ခိုင်မြဲမြဲ ထူထောင်နိုင်ရေး လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ဆိုသည်။
ယနေ့ စကားဝိုင်းတွင် ပါဝင်သည့် ကချင်၊ ကယား၊ ကရင်ပြည်နယ်တို့မှ အဖွဲ့ချုပ်အောင်နိုင်ရေး ခေါင်းဆောင် အသီးသီးက ပြည်နယ်အတွင်းရှိ မဲဆွယ်စည်းရုံးရေး အခြေအနေနှင့် ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေး အလားအလာများကို တင်ပြခဲ့ ကြသည်။
ထို့ပြင် ၎င်းတို့၏ တင်ပြချက်တွင် တခြားသော အတိုက်အခံပါတီများက NLD ပါတီကို နည်းမျိုးစုံဖြင့် တိုက်ခိုက်နေမှုများ၊ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ရှုံးနိမ့်ခဲ့သည့် မဲဆန္ဒနယ်များ၌ အနိုင်ရရှိရန် ကြိုးပမ်းနေမှုများနှင့် ကိုဗစ်ကာလ မဲဆွယ်စည်း ရုံးရေး အခြေအနေများလည်း ပါဝင်သည်။
တင်ပြချက်များနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က အဖွဲ့ချုပ်အဖွဲ့ဝင်များ၊ ကိုယ်စားလှယ်လောင်းများ အပါအဝင် ထောက်ခံသူများအားလုံး ကိုဗစ်–၁၉ စည်းကမ်း သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရန်၊ ရွေးကောက်ပွဲ စည်းမျဉ်း စည်းကမ်းများကို ကျေကျေလည်လည် သိနားလည်ထားရန်နှင့် မဲရုံများ၌တာဝန်ယူမည့် အဖွဲ့ချုပ်အဖွဲ့ဝင်များအား သင်တန်း များ သေချာပေးထားရန် မှာကြားသည်။
ထို့ပြင် တိုင်းရင်းသား လူမျိုးများအကြား စိတ်ဝမ်းကွဲအောင် လုပ်သည့်နည်းဖြင့် စည်းရုံးရေး လုပ်ခြင်းများကိုလည်း မည် သည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမှ တိုက်ခိုက်သည့် ပုံစံဖြင့် မဟုတ်ဘဲ မည်သည့်အတွက်ကြောင့် ထိုသို့စည်းရုံးခြင်းက ပြည်ထောင်စု၏ အနာဂတ်အတွက် မကောင်းကြောင်းကို မူအရ ရှင်းပြစေချင်သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ၇၉ ရာခိုင်နှုန်းခန့် အနိုင်ရရှိကာ အစိုးရဖွဲ့နိုင်ခဲ့သ လို ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း အစိုးရဖွဲ့နိုင်သည်အထိ အနိုင်ရရှိရန် မျှော်မှန်ထားပြီး တနိုင်ငံလုံး အတိုင်းအတာဖြင့် ကိုယ်စားလှယ်လောင်း ၁၁၄၃ ဦး ယှဉ်ပြိုင်သွားမည် ဖြစ်သည်။
၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့်ကို စက်တင်ဘာ ၈ ရက်မှ နိုဝင်ဘာ ၆ ရက်အထိ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် (UEC)က ရက်ပေါင်း ၆၀ ခွင့်ပြုထားပြီး Stay at Home (နေအိမ်တွင်နေထိုင်ရေး) သတ်မှတ်ထား သည့် မြို့နယ်များတွင် မဲဆွယ်စည်းရုံးခြင်း မပြုလုပ်ရန် ကန့်သတ်ထားသည်။
ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း မြန်မာနိုင်ငံ၌ ကိုဗစ်–၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်း နေ့စဉ်တိုးလာလျက် ရှိနေပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာ ၂၈ ရက်၊ ည ၈ နာရီ အချိန်အထိ ထုတ်ပြန်ချက်အရ ကိုဗစ် ဓာတ်ခွဲ အတည်ပြုလူနာ ၁၁,၆၃၁ ဦး ရှိပြီး သေဆုံးလူနာ ၂၅၆ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
You may also like these stories:
ပလက်ဝရှိ AA လှုပ်ရှားရာ နယ်မြေများ၌ ရွေးကောက်ပွဲ ကျင်းပရန် မသေချာ
ပါတီကို ဝန်းရံသူများကို တားမရဟု NLD ဆို