ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်း ကျေးရွာအုပ်စု ၁၂ စုကို ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ကြေငြာထားခြင်းကို ပြန်လည်သုံးသပ်ပေးရန် ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်ထံ တင်ပြသွားရန် စီစဉ်နေသည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) မှ ကိုယ်စားလှယ်လောင်းထံမှ သတင်းရရှိသည်။
အောက်တိုဘာ ၁၆ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေ မရှိဟု ဆိုကာ ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေများကို ကြေငြာခဲ့ရာ ကျောက်မဲမြို့နယ်တွင်း မဲပေးပိုင်ခွင့်ရှိသူ တသောင်းကျော် နေထိုင်သည့် ကျေးရွာအုပ်စု ၁၂ စု ပါဝင် နေသည်။
SNLD ပါတီမှဝင်ရောက်ယှဉ်ပြိုင်မည့် ကျောက်မဲမြို့နယ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၁) ၏ ကိုယ်စားလှယ်လောင်း ဒေါ်နန်းအိမွန်အောင်က “UEC က ပယ်ဖျက်တဲ့ နေရာတွေကို ကျမတို့က သဘောမတူဘူး။ စာပြန်တင်ဖို့ လုပ်နေပါတယ်။ ပြည်သူတွေကလည်း အခွင့်အရေးဆုံးရှုံးတာကို ပြန်လုပ်ပေး ဖို့ တောင်းဆိုထားတာလည်းရှိပါတယ်။ ကျမတို့က UEC ကို တိုက်ရိုက် မတင်ဘူး။ ကျောက်မဲမြို့နယ်ကော်မရှင်ကို အရင်တင်ပါမယ်” ဟု ပြောသည်။
ကျောက်မဲမြို့နယ်တွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသဖြင့် ပယ်ဖျက်လိုက်သည့် ကျေးရွာအုပ်စုများမှာ နောင်ရှင်၊ ခေးနင်း၊ ပန်လော့၊ ဟဲကွီ၊ ကွန်ကော်၊ ပဇီ၊ ကော်ပေါင်၊ ညောင်မောင်း၊ တော့ဆန်၊ ပါလှိုင်၊ ကွမ်းစလန်း နှင့် ချုံး ကျေးရွာအုပ်စုတို့ ဖြစ်သည်။
ထို ကျေးရွာအုပ်စု ၁၂ စုအနက် နောင်ရှင်၊ ခေးနင်း၊ ပန်လော့ နှင့် ဟဲကွီတို့မှာ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) နယ်မြေတွင် ပါဝင်ပြီး ကျန်ကျေးရွာအုပ်စုများမှာ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၂) နယ်မြေထဲတွင် ပါဝင်သည်။
“UEC က ပယ်ဖျက်တဲ့ နေရာတွေကို ကျမတို့က သဘောမတူဘူး။ စာပြန်တင်ဖို့ လုပ်နေပါတယ်။”
ဒေါ်နန်းအိမွန်အောင်က UEC ကို ပြန်လည်သုံးသပ်ပေးရန် အတွက် ကျောက်မဲမြို့နယ်မှ ကိုယ်စားလှယ်လောင်းများ ပူးပေါင်း၍ စာတင်ရန် ဆွေးနွေးမှုများရှိပြီး အခြားနိုင်ငံရေးပါတီများမှ လုပ်ဆောင်မှု မရှိပါက SNLD ကိုယ်စားလှယ်လောင်း များက စာတင်မည် ဖြစ်သည်ဟု ပြောသည်။
ဆက်လက်၍ ၎င်းက “သူတို့ပိတ်လိုက်တဲ့ ကျေးရွာတွေမှာက ဘာမှ မဖြစ်ဘူး။ ပြည်နယ်မဲဆန္ဒနယ် ၁ ထဲက ၄ အုပ်စုဆိုရင် နောင်ရှင်ကျေးရွာဆိုရင် ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်ရောက်တာရှိတယ်။ အဲ့တာကလည်း တပ်မတော်က ရွာထဲ ဝင်လာပြီး အခြေချလို့ ရှောင်နေရတာ။ စစ်ပဋိပက္ခမရှိဘူး။ ကျန်တဲ့ ၃ အုပ်စုကလည်း စစ်ဖြစ်တဲ့ နေရာနဲ့ အလှမ်းဝေးတယ်။ သဘာဝဘေးအန္တရာယ်ရော မရှိဘူး။ ပယ်ဖျက်လိုက်တာတွေက မဖြစ်သင့်ဘူး။ ဒါ့ကြောင့် UEC ကို တင်ဖို့ လုပ်တာပါ” ဟုလည်း ဆိုသည်။
၂၀၁၉ ခုနှစ်တွင် ကျောက်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းအချက်အလက်များအရ အဆိုပါ ကျေးရွာအုပ်စု ၁၂ စုတွင် နေထိုင်သူများထဲတွင် အသက် ၁၈ နှစ်အထက် ဦးရေမှာ ၁၂၀၀၀ ကျော် ရှိသည်။
ရွေးကောက်ပွဲကျင်းပရန် ပယ်ဖျက်ခံရသည့် ကျေးရွာအုပ်စုများမှ ဒေသခံ အချို့ကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ၎င်းတို့က မဲပေးလိုကြောင်း နှင့် ၅ နှစ်တကြိမ် ရွေးချယ်ရသည့် ကိုယ်စားလှယ်ကို ကိုယ်တိုင်မဲပေး၍ ရွေးချယ်လိုသည်ဟု ပြောဆို ကြသည်။
ဟဲကွီကျေးရွာမှ ဒေသခံ ဒေါ်နန်းစိန်ဦးကလည်း “ကျမတို့ ရွာက မဲပေးလို့ မရဘူးလို့ သိရပါတယ်။ လိုင်းပေါ်မှာ သတင်းဖတ်ရတာပါ။ ကျမတို့က မဲပေးချင်တယ်။ ကိုယ့်ဒေသရဲ့ ကိုယ်စားလှယ်ကို မဲပေးပြီး ရွေးချင်ပါတယ်။ မဲပေးလို့ ရရင် တော့ ကောင်းမှာပေါ့” ဟု ပြောသည်။
UEC မှ ပယ်ဖျက်လိုက်သည့် ကျေးရွာအုပ် ၁၂ စုထဲမှ အချို့ကျေးရွာများသည် အောက်တိုဘာ ၃ ရက်မှ ၁၁ ရက်အထိ တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ တိုက်ပွဲဖြစ်ကာ စစ်ရေးတင်းမာသဖြင့် ဒေသခံများ ထွက်ပြေးခဲ့ရသည့် နယ်မြေထဲတွင် ပါဝင်ပြီး အချို့ ကျေးရွာများမှာ တအန်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) လှုပ်ရှားသည့် ကျေးရွာများလည်း ပါဝင်သည်။
သို့သော် လက်နက်ကိုင်ပဋိပက္ခများမှာ အောက်တိုဘာ ၉ ရက် နောက်ပိုင်းတွင် ရပ်တန့်သွားပြီ ဖြစ်ပြီး ယခုရက်ပိုင်း အတွင်း ပစ်ခတ်တိုက်ခိုက်မှုများလည်း ငြိမ်သက်နေသည့် အခြေအနေတွင် ရှိသည်။
အောက်တိုဘာ ပထမပတ်တွင် နေရပ်စွန့်ခွာပြီး ထွက်ပြေးခဲ့ရသည့် စစ်ဘေးရှောင်ဒုက္ခသည် ၃၀၀၀ နီးပါးမှာလည်း အောက်တိုဘာ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် နေရပ်ရင်းသို့ ပြန်သွားကြပြီဟု သိရသည်။
“ကျမတို့ ရွာက မဲပေးလို့ မရဘူးလို့ သိရပါတယ်။ လိုင်းပေါ်မှာ သတင်းဖတ်ရတာပါ။ ကျမတို့က မဲပေးချင်တယ်။ ကိုယ့်ဒေသရဲ့ ကိုယ်စားလှယ်ကို မဲပေးပြီး ရွေးချင်ပါတယ်။ မဲပေးလို့ ရရင် တော့ ကောင်းမှာပေါ့”
ကျောက်မဲမြို့နယ်၏ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် SNLD ပါတီမှ ကိုယ်စားလှယ်လောင်း ဦးစိုင်းအောင်မြင့်ကလည်း “မဲဆန္ဒနယ် ၁ ဆိုရင် ကျနော်တို့ SNLD ကို ၉၅ ရာခိုင်နှုန်းအထိကို ထောက်ခံမှု ရနိုင်တဲ့ နယ်မြေတွေပါ။ နယ်မြေ ၂ ကတော့ ကျနော်တို့ ပါတီအပြင် တအန်းပါတီတို့ကို ထောက်ခံတဲ့ နယ်မြေတွေ ဖြစ်တယ်။ ဒါ့ကြောင့် ပယ်ဖျက်တာကို လက်ခံနိုင်တဲ့ အနေအထားမှာ မရှိပါဘူး။ UEC က လုပ်သလား။ ပါတီကြီးက ချယ်လှယ်သလား ဂဃနဏ မပြောနိုင်ပေမယ့် ရင်ထဲမှာတော့ မကျေနပ်နိုင်ပါဘူး”ဟု ပြောသည်။
ရွေးကောက်ပွဲ ကျင်းပမည့် နယ်မြေစာရင်းထဲမှ ပယ်ဖျက်ခံရသည့် ကျေးရွာများကို ပြန်သုံးသပ်ပေးရေး ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြရန် အတွက် SNLD ဗဟိုပါတီ၏ ညွှန်ကြားချက်ကို စောင့်ဆိုင်းနေပြီး ပါတီဥက္ကဌက စာတင်ရန် ပြောလာပါက ဒေသခံကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ လက်မှတ် ရယူရန်လည်း အဆင်သင့် ရှိနေပါသည်ဟု ဦး စိုင်းအောင်မြင့်က ဆိုသည်။
“အခုက ကျောက်မဲတခုတည်း မဟုတ်ဘူး။ မိုင်းကိုင်တို့လိုလည်း ပါတော့ ကျနော်တို့ ဥက္ကဌ၊ အတွင်းရေးမှူးတို့က ညွှန်ကြားချက် ထွက်လာရင် တခါတည်း ဝိုင်းဝန်းလက်မှတ်ထိုးဖို့တော့ ကျနော်တို့ပြင်ဆင်ထားတယ်။ ဘယ်နေ့ဖြစ်မလဲ ဆိုတာကိုတော့ အခုမပြောနိုင်သေးဘူးပေါ့။ ကျနော်တို့ကတော့ အကောင်းဆုံးဖြစ်ဖို့ကို မျှော်လင့်ထားပါတယ်” ဟုလည်း ဦးစိုင်းအောင်မြင့်က ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ချေမရှိသည့် နယ်မြေများ စာရင်းကို ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးက တင်ပြရာတွင် လက်နက်ကိုင်တပ်ဖွဲ့များ အခြေစိုက် လှုပ်ရှားသည့် တန့်ယန်းမြို့နယ်မှ ကျေးရွာအုပ်စု ၉ စု၊ ကုန်းကြမ်းမြို့နယ်မှ ဟုံအိုင်ကျေးရွာအုပ်စု၊ မန်တုံမြို့နယ်မှ ဟောင်းကန်နှင့် ဆိုက်ခေါင် ကျေးရွာအုပ်စုတို့သာ ပါဝင်ခဲ့သည်။
UEC က ထုတ်ပြန်ကြေငြာသည့်အချိန်မှ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကျောက်မဲမြို့နယ်အတွင်းမှ ကျေးရွာအုပ်စု ၁၂ စု အပြင် လားရှိုးမြို့နယ်နှင့် မူဆယ်မြို့နယ်တို့အတွင်းမှ ပဋိပက္ခမရှိသည့် အငြင်းပွားဖွယ်ရာ ကျေးရွာအုပ်စုများနှင့် မြို့ပေါ် ရပ်ကွက်တခု တို့ ပါဝင်လာခြင်း ဖြစ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၏ အတွင်းရေးမှူး ဦးနှစ်ဆန်းဦးက “သက်ဆိုင်ရာ ပြည်ထဲရေး၊ ကာကွယ်ရေးက စာရင်းက ဒီလိုထုတ်ပြန် လိုက်တော့ ဘက်ပေါင်းစုံကတော့ အမြင်ကိုယ်စီက ပြောနေတာပေါ့။ လားရှိုးမှာ ဆို မယ်ဟန်၊ မူဆယ်မှာ ဆို တော်ရွက်ရပ်ကွက်လိုတွေ က နည်းနည်းမသင့်တော်တာတွေ မဲဆန္ဒရှင်တွေ အသံကတော့ ပိုထွက် နေတာပေါ့” ဟုပြောသည်။
၎င်းကဆက်၍ “Complain တွေက တရားဝင်စာနဲ့တော့ မလာသေးပါဘူး။ အောက်ခြေက တင်ပြလာရင်တော့ ကျနော်တို့က အထက်ကို ဆက်တင်ပြ ပေးရမှာပါ။ ဒီနေ့ တင်လာရင် ဒီနေ့ ချက်ချင်းတင်ပြပေးမှာပါ”ဟု ပြောသည်။
ကျောက်မဲမြို့နယ် ၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (၁) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ပါတီ မှ ကိုယ်စားလှယ်လောင်း ဦးအောင်ကြီးက “ဒါတွေက အစိုးရပိုင်းအပေါ်ပိုင်းက လုပ်တာတွေဆိုတော့ ကျနော်တို့က ဘာ့ကြောင့် ဆိုတာ မသိပါဘူး။ UEC ရဲ့ ကြေငြာချက်ကို လက်ခံသလားဆိုရင်တော့ လက်ခံတယ်လည်း မဟုတ်ဘူး။ လက်မခံဘူးလည်း မဟုတ်ပါဘူး။ သဘောထားပေးဖို့မရှိပါဘူး”ဟု ပြောသည်။
UEC ကို ပြန်လည်သုံးသပ်ပေးရေး စာတင်ရန်အတွက်လည်း မည်သည့် ပါတီ၊ မည့်သည့် ကိုယ်စားလှယ်နှင့်မှ ဆွေးနွေးခြင်း မရှိပါဟု ဦးအောင်ကြီးက ဆိုသည်။
တအန်းအမျိုးသားပါတီ (TNP) ပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးတာလှကျော်ကလည်း အောက်တိုဘာ ၂၀ ရက်တွင် ကျောက်မဲမြို့နယ်တွင်းမှ ကျေးရွာအုပ်စု ၁၂ စုကို ရွေးကောက်ပွဲ မကျင်းပသည့် စာရင်းထဲမှ ထုတ်ပေးရန် ၊ ပြန်လည် သုံးသပ်ပေးရန် ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်ကို စာတင်ထားပြီဟု ပြောသည်။
ဦးတာလှကျော်က “ကျောက်မဲကလည်း အကုန်ပြန်တင်တယ်။ ပြန်သုံးသပ်ပေးဖို့ပါ။ တိုက်ပွဲဖြစ်တဲ့ ဧရိယာလည်း မရှိပါဘူး”ဟု ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ပြောဆိုချက်အရ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တန့်ယန်း၊ မန်တုံနှင့် ကုန်းကြမ်းမြို့နယ်တို့မှ ကျေးရွာအုပ်စု ၁၂ စုမှအပ ကျန်နယ်မြေအားလုံးကို မဲစာရင်း ကောက်ယူထားသည်ဟု သိရသည်။
ဦးတာလှကျော်က “ကျောက်မဲကလည်း အကုန်ပြန်တင်တယ်။ ပြန်သုံးသပ်ပေးဖို့ပါ။ တိုက်ပွဲဖြစ်တဲ့ ဧရိယာလည်း မရှိပါဘူး”ဟု ပြောသည်။
UEC ၏ ကြေငြာချက်ကို ပြန်လည်သုံးသပ်ပေးရန် ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီများက တောင်းဆိုထားသည့် အပြင် ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေများ ထုတ်ပြန်သည့် စာရင်းမှာ မမှန်မကန်လုပ်ထားခြင်း ဖြစ်သည်ဟု UEC အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်မှုများရှိနေသည်။
UEC ကလည်း အဖွဲ့ဝင် ဦးမြင့်နိုင် ဦးဆောင်၍ ယနေ့နေပြည်တော်တွင် သတင်းစာရှင်းလင်းပွဲ တရပ်ပြုလုပ်ကာ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေများ ထုတ်ပြန်သည့် အပေါ် ဝေဖန်မှုများ ပြင်းထန်နေသည့် အပေါ် ရှင်းလင်းချက်များ ပြုလုပ်ခဲ့သည်။
ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေများစာရင်းမှာ UEC တခုတည်းက မိမိသဘောနှင့် မိမိ လုပ်ဆောင်ခြင်း မဟုတ်ပဲ ပြည်ထောင်စုအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန အပြင် အောက်ခြေအဆင့်ဆင့် မှ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများ၏ တင်ပြချက်များ အပေါ် သုံးသပ်ပြီး ထုတ်ပြန်ခြင်း ဖြစ်ပါသည်ဟု ဦးမြင့်နိုင်က ပြောသည်။
ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီကြီးများက လက်ရှိ အစိုးရ၊ အာဏာရပါတီ NLD အနိုင်မရနိုင်ဘဲတိုင်းရင်းသား ပါတီများ အားကောင်းသည့် နယ်မြေများကို UEC နှင့် NLD ပါတီတို့ လက်ဝါးရိုက်ကာ ပယ်ဖျက်ခဲ့ခြင်း ဖြစ်သည်ဟု ပြောဆိုချက်ကိုလည်း ဦးမြင့်နိုင်က မဟုတ်မှန်ကြောင်း ငြင်းဆိုသည်။
ထို့ပြင် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ထုတ်ပြန်သည့် နယ်မြေများထဲတွင် ဒေသခံများ၊ ကိုယ်စားလှယ်လောင်းများက မကျေမလည် ဖြစ်ပြီး စာတင်ပြလာပါက ပြန်သုံးသပ်၍ ထပ်မံ ကြေငြာပေးရန် အစီအစဉ် ရှိပါသည်ဟုလည်း ဦးမြင့်နိုင်က ပြောဆိုသွားသည်။
၂၀၂၀ ခုနှစ် ၊ အထွေထွေရွေးကောက်ပွဲသည် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ပြီး လက်ရှိကာလသည် ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရေး ဆင်းနေသည့် ကာလဖြစ်သည်။
You may also like these stories:
တပ်မတော်နှင့် RCSS တိုက်ပွဲဆက်နေ၍ ဒေသခံ ၂၆၀၀ ထွက်ပြေးနေရ
ကျောက်မဲက အရပ်သားသေဆုံးမှု ကျူးလွန်သူများကို အရေးယူရန် တောင်းဆို
တပ်မတော် စုံစမ်းစစ်ဆေးရေးအဖွဲ့ အား RCSS က ၅ ကြိမ်ပစ်ခတ်ဟု ပြော