Election 2020

AA ဖမ်းထားသည့် ကိုယ်စားလှယ် ၃ ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးရန် NLD တောင်းဆို

ဖမ်းဆီးထားသည့် ကိုယ်စားလှယ်လောင်း ၃ ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) က ရက္ခိုင် စစ်တပ် (AA) ကို ထုတ်ပြန်ချက် ထုတ်ကာ တောင်းဆိုလိုက်သည်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် AA ၏ ဖမ်းဆီးမှု ခံထားရသည့် NLD ကိုယ်စားလှယ်လောင်း ၃ ဦးဖြစ်သော ဒေါ်နီ နီမေမြင့်၊ ဒေါ်ချစ်ချစ်ချောနှင့် ဦးမင်းအောင် တို့ကို အမြန်ဆုံး ပြန်လွှတ်ပေးရန် NLD ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က အောက်တိုဘာ၂၁ ရက်တွင် ထုတ်ပြန်ချက် တစောင် ထုတ်ကာ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

NLD ၏ ပြောရေးဆိုခွင့်ရှိသူ မုံရွာ အောင်ရှင်က “ဒီကိုယ်စားလှယ်တွေကို အမြန်ဆုံး ပြန်လွှတ်ပါ။ ဒီကိုယ်စားလှယ်တွေ လွတ်မြောက်ရေး အတွက်လည်း နည်းလမ်းတွေ ရှိပါတယ်။ ဘယ်လို နည်းလမ်းလဲ ဆိုတော့ နိုင်ငံရေးပြဿနာကို နိုင်ငံ ရေးနည်းနဲ့ ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ အဲဒီလိုပဲ လုပ်ကြပါလို့ ပြောချင်ပါတယ်” ဟု ပြောသည်။

NLD ၏ ကိုယ်စားလှယ်လောင်း ၃ ဦးကို အောက်တိုဘာ ၁၄ ရက်က စည်းရုံးရေး ဆင်းနေစဉ် ဖောင်းခါးကျေးရွာတွင်း အရပ်ဝတ်ဖြင့် သေနတ်ကိုင်ထားသည့် အမျိုးသားတစုက ပါတီဝင်များ၊ ဒေသခံရွာသားများ ရှေ့တွင် အော်ဟစ်ဆဲဆိုပြီး ရိုက်နှက်ကာ ခေါ်ဆောင်သွားခြင်း ဖြစ်သည်။

ကိုယ်စားလှယ်လောင်းများ ဖမ်းဆီးခံရစဉ်က AA ကလည်း နှုတ်ဆိတ်နေခဲ့ပြီး ၅ ရက်အကြာမှ ၎င်းတို့ ဖမ်းကြောင်း ဝန်ခံ သည့် ထုတ်ပြန်ချက် တစောင် ထုတ်ကာ NLD ပါတီဝင်များ၊ နိုင်ငံရေးသမားများက ပါတီ ဗဟိုအစိုးရနှင့် တပ်မတော်ကို သတင်းပေး လုပ်ခြင်းနှင့် NLD ကို မထောက်ခံသည့် ရခိုင်လူထုကို တပ်မတော်ထံ မမှန်သတင်းပေးကာ ဖမ်းဆီးသတ်ဖြတ် မှုများ လုပ်ထားသည်ဟု စွပ်စွဲထားသည်။

မည်သည့် ဖြစ်စဉ်အပေါ်တွင် ထိုသို့ စွပ်စွဲသည်ကိုမူ AA ဘက်က ထုတ်ဖော်ပြောဆိုခြင်း မရှိပါ။

နိုင်ငံတော်အတိုင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း AA ၏ ထုတ်ပြန်ချက်တွင် အောင်ဆန်းစုကြည်ဟုသာ သုံးနှုန်း ထားပြီး ဒီမိုကရေစီ အာဏာရှင်အစိုးရဟု ခေါ်ဝေါ်ကာ ရခိုင်ပြည်နယ်တွင်း တပ်မတော်က ကျူးလွန်သည့် စစ်ရာဇဝတ်မှု များကို ဖုံးကွယ်ပေးနေသူ၊ ဗမာလူမျိုးကြီးဝါဒကို တည်ဆောက်နေသူ ဟုလည်း ရေးသားထားသည်။

လက်နက်ကိုင် တိုက်ပွဲဝင်နေခြင်း မဟုတ်သည့် ကိုယ်စားလှယ်လောင်း ၃ ဦးကို စစ်ပွဲတခုတွင် ဖမ်းမိသည့် သုံ့ပန်း ကဲ့သို့ သတ်မှတ်ပြီး လူအလဲအထပ် လုပ်ရန် ပြောခြင်းကလည်း လက်ခံနိုင်စရာ မရှိဟု မုံရွာအောင်ရှင်က ဆိုသည်။

မုံရွာအောင်ရှင်က AA ၏ စွပ်စွဲချက်များမှာ အခြေအမြစ် မရှိသည့်အပြင် ထုတ်ပြန်ချက်အစကတည်းက ဒေါ်အောင်ဆန်း စုကြည်ကို အောင်ဆန်းစုကြည်ဟု သုံးနှုန်းခေါ်ဝေါ်ခြင်းက အပြန်အလှန် လေးစားမှု မရှိသဖြင့် လက်ခံနိုင်ခြင်း မရှိပါဟု ပြောသည်။

ထို့ပြင် လက်နက်ကိုင် တိုက်ပွဲဝင်နေခြင်း မဟုတ်သည့် ကိုယ်စားလှယ်လောင်း ၃ ဦးကို စစ်ပွဲတခုတွင် ဖမ်းမိသည့် သုံ့ပန်း ကဲ့သို့ သတ်မှတ်ပြီး လူအလဲအထပ် လုပ်ရန် ပြောခြင်းကလည်း လက်ခံနိုင်စရာ မရှိဟု မုံရွာအောင်ရှင်က ဆိုသည်။

ဆက်လက်ပြီး ၎င်းက “NLD ပါတီက သူတို့အတွက် တကယ့် ရန်သူလား။ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးတော့ စဉ်းစားဖို့ သင့် တယ်။ ဒီ ၃ ယောက် မဖမ်းခင်မှာ ဦးဝှေ့တင်း၊ ဦးရဲသိန်းတို့ ပါတယ်။ ဦးရဲသိန်း ဆို ဖမ်းဆီးရင်း အသက်ဆုံးရှုံးသွားခဲ့တယ်။ တောင်ကုတ်မှာ NLD ပါတီတာဝန်ရှိသူ တချို့ကို ညအချိန်မှာ ရဲအယောင်ဆောင်ပြီး ဖမ်းဖို့ဆီးဖို့ လုပ်တာလည်း စော စောပိုင်းက ကြားရတာ ရှိပါတယ်။ တောင်ကုတ် NLD ကို ဘာလို့ ဒီလောက် အငြိုးကြီးနေလဲ ဆိုတာ ကျနော်လည်း စဉ်း စားလို့ မရဘူး” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများတွင် ဒေါ်အောင်ဆန်းစုကြည်က အဖြေရှာရန်သာ ညွှန် ကြားခဲ့ပြီး AA ကို အမြစ်ပြတ်ချေမှုန်းရမည် ဆိုသည့် အသုံးအနှုန်းကို ဒေါ်အောင်ဆန်းစုကြည်က တကြိမ်တခါမှ ပြောဆို သည်ကို မကြားဖူးပါ ဟုလည်း မုံရွာအောင်ရှင်က ဆိုသည်။

မုံရွာ အောင်ရှင်မှ ထိုသို့ ပြောဆိုသော်လည်း ၂၀၁၉ ခုနှစ်အတွင်း နေပြည်တော်တွင် ကျင်းပသည့် နိုင်ငံတော်သမ္မတရုံး သတင်းစာ ရှင်းလင်းပွဲတခုတွင် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက AA ကို ချေမှုန်း တိုက်ခိုက်ရန် ဒေါ်အောင် ဆန်းစုကြည်က ညွှန်ကြားသည်ဟု ပြောဆိုဖူးသည်။

AA က NLD အနေဖြင့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပစဉ်က ကတိပေးခဲ့သည့်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို မလုပ်သည့်အပြင် ဒီမိုကရေစီ အာဏာရှင် အစိုးရကဲ့သို့ လုပ်ဆောင်နေသည်ဟု ပြောဆိုထားသည်။

မုံရွာအောင်ရှင်က “NLD ပါတီဝင်တွေကို ဒီလို ရန်ရှာတာ NLD ပါတီကလည်း သူတို့ကို လက်နက်နဲ့တိုက်ခိုက်တာ ဘာမှ မရှိဘူး။ နောက် သူတို့ စွပ်စွဲထားသလို NLD ပါတီခေါင်းဆောင်က အမြစ်ပြတ်ချေမှုန်းရမယ်ဆိုတာမျိုးက တခါမှ ဒေါ်အောင်ဆန်းစုကြည်က ပြောတာ ကျနော်တော့ မကြားဖူးဘူး။ စစ်ပွဲ ဖြစ်နေချိန်မှာ သူလည်း တိုက်တာ ကိုယ်လည်း တိုက်တာက စစ်ပွဲ သဘောတရားပါပဲ။ အဲဒီမှာ အမှန်တရား လိုက်ရှာနေလို့ကတော့ ဒီနေရာမှာ အမှန်တရားက ချက်ခြင်း တွေ့ချင်မှ တွေ့ပါလိမ့်မယ်” ဟုလည်း ပြောဆိုသည်။

AA က NLD အနေဖြင့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပစဉ်က ကတိပေးခဲ့သည့်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို မလုပ်သည့်အပြင် ဒီမိုကရေစီ အာဏာရှင် အစိုးရကဲ့သို့ လုပ်ဆောင်နေသည်ဟု ပြောဆိုထားသည်။

NLD ၏ ထုတ်ပြန်ချက်တွင် ပါတီ စတင် တည်ထောင်စဉ်ကတည်းက လက်နက်ကိုင် ပဋိပက္ခများကို နိုင်ငံရေးနည်းဖြင့် အဖြေရှာရန်၊ နိုင်ငံကို ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်ရေးအတွက် ရည်မှန်းချက် ခိုင်မာစွာ ချထားသည့် အပြင် NLD အစိုးရ တာဝန်ယူသည့် အချိန်တွင်း ၂၁ ရာစု ပင်လုံညီလာခံများ ကျင်းပပြီး ဒီမိုကရေစီ ဖက်ဒရယ် ပြည် ထောင်စုအဆင့် ရောက်ရန် လိုအပ်သည့် ဘုံသဘောတူညီချက်များ အတည်ပြုနိုင်ခဲ့ပါသည် ဟု ထည့်သွင်း ရေးသားထား သည်။

AA နှင့် NLD ပါတီကြား ငြင်းခုံမှုများ ရှိနေပြီး တဖက်တွင် AA က အစိုးရဘက်မှ ဖမ်းဆီး တရားစွဲဆိုထားသည့် နိုင်ငံရေး သမားများ၊ ရခိုင်လူထုများနှင့် အစိုးရ အလိုမရှိ ဆန္ဒပြသဖြင့် ဖမ်းဆီးခံထားရသည့် ကျောင်းသားများကို ပြန်လွှတ်မှသာ ကိုယ်စားလှယ်လောင်းများကို လွှတ်ပေးမည့် အပေါ်တွင်သာ ရပ်တည်ထားကြောင်း သိရသည်။

AA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက “NLD အစိုးရအနေနဲ့ သူတို့ မတရား ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေး သမားတွေ အပြစ်မဲ့ ရခိုင်ပြည်သူတွေ ကျောင်းသားတွေကို ပြန်လွှတ်ပေးမယ်ဆိုရင် အပြန်အလှန်အားဖြင့် အဲဒီ ၃ ယောက်ကို ကျနော်တို့ ပြန်လွှတ်ပေးမှာ ဖြစ်တယ်။ အရင်ကလည်း စစ်သုံ့ပန်းတွေ လဲလှယ်ရေးကို ကျနော်တို့ တောက် လျှောက် ပြောခဲ့တယ်။ အခုလည်း အဲဒီ ရပ်တည်ချက်အတိုင်းပဲ” ဟု ဆိုသည်။

ကိုယ်စားလှယ်လောင်း ၃ ဦးသည် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက် ရွေး ကောက်ခံကြမည့် ကိုယ်စားလှယ်များ ဖြစ်သည်။

ရွေးကောက်ပွဲ ကျင်းပရန် နီးကပ်လာပြီဖြစ်သည့်အပြင် လက်ရှိတွင် ဖမ်ဆီးခံထားရသဖြင့် ရွေးကောက်ပွဲတွင် ကိုယ်စား လှယ်လောင်းအဖြစ် အသိအမှတ်ပြုခံရမှု ရှိမရှိ မေးမြန်းရာ ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ၊ ဥက္ကဋ္ဌ ဒေါ်တင်လှိုင်က ၎င်းတို့ ၃ ဦးတွင် အသက်အန္တရာယ် တစုံတရာ မကြုံရပါက ပုံမှန်အတိုင်း အကျုံးဝင်ပါသည်ဟု ပြောသည်။

ဒေါ်တင်လှိုင်က “သူတို့ရဲ့ အခြေအနေက အန်တီတို့လည်း ဘာဖြစ်နေလဲ အတိအကျမသိဘူး။ ကိုယ်စားလှယ် အဖြစ်က တော့ ဥပမာ မပြောကောင်း မဆိုကောင်း အသက်အန္တရာယ် ရှိတယ်ဆိုရင်တော့ အလိုလို ပျက်ပြယ်သွားမှာပေါ့နော်။ ဒီအတိုင်းပဲ ဆိုရင်တော့ ပုံမှန်ပဲ ဖြစ်ပါလိမ့်မယ်” ဟု ပြောသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP ) ကလည်း အောက်တိုဘာ ၂၁ ရက်တွင် NLD ကိုယ်စား လှယ်လောင်း ၃ ဦး ဖမ်းဆီးခံထားရသည့် ကိစ္စနှင့်ပတ်သက်၍ ဘေးကင်းလုံခြုံစွာ အမြန်ဆုံး ပြန်လွှတ်ပေးရန် တိုက်တွန်း တောင်းဆိုထားသည်။

AAPP ၏ ထုတ်ပြန်ချက်၌ မည်သည့် ပါတီ၏ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများကိုမဆို တရားလက်လွတ် ခြိမ်း ခြောက်ခြင်း၊ ဖမ်းဆီးချုပ်နှောင်ခြင်းသည် ပြည်သူများ၏ အခြေခံ လူ့အခွင့်အရေးကို ချိုးဖောက်ရာ ရောက်သည့်အပြင် ရွေး ကောက်ပွဲ၏ လွတ်လပ်တရားမျှတမှုကို ထိခိုက်စေကြောင်း ထောက်ပြသည်။

ဖမ်းဆီးခံထားရသည့် ၃ ဦး အနက် ဦမင်းအောင်နှင့် ဒေါ်နီနီမေမြင့် သည် စစ်အာဏာရှင် အဆက်ဆက် ဆန့်ကျင်တိုက်ပွဲဝင်ရင်း စစ်အစိုးရ၏ အကျဉ်းထောင်များတွင် နှစ်ရှည်လများ အကျဉ်းကျ ကျော်ဖြတ်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားဟောင်းများဖြစ်ကာ အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာပြီး နောက်တွင် လည်း ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် အမျိုးသား တန်းတူရေးတို့ အတွက် စဉ်ဆက်မပြတ် ကြိုးစားဖော်ဆောင်နေသူ များလည်း ဖြစ်ကြောင်း ပါရှိသည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာမှ စတင်ခဲ့သည့် တိုက်ပွဲများသည် ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝ မြို့နယ်တို့တွင် ယနေ့ထိ ရပ်တန့်ခြင်း မရှိဘဲ စစ်ရေး တင်းမာနေဆဲ ဖြစ်သည်။

AA သည် ရခိုင်ပြည်နယ်ကို ကွန်ဖက်ဒရေးရှင်း စနစ်ဖြင့် အုပ်ချုပ်ခွင့်ရရေး နိုင်ငံရေး ရည်မှန်းချက်ထားသည်ဟု ပြောဆို ထားကာ တပ်မတော်ကို တိုက်ခိုက်နေပြီး အစိုးရ၏ အုပ်ချုပ်ရေး ယန္တရားကိုလည်း ဖျက်ဆီးပြီး ၎င်းတို့ အုပ်ချုပ်မှုကို အစား ထိုးရန် ရည်ရွယ်ထားသည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာမှ စတင်ခဲ့သည့် တိုက်ပွဲများသည် ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝ မြို့နယ်တို့တွင် ယနေ့ထိ ရပ်တန့်ခြင်း မရှိဘဲ စစ်ရေး တင်းမာနေဆဲ ဖြစ်သည်။

၂၀၁၉ ခုနှစ် နှစ်ဦးပိုင်းတွင် AA က ရခိုင်ပြည်နယ်တွင်းရှိ နယ်ခြားစောင့် ရဲစခန်းများကို စီးနင်းတိုက်ခိုက်ခြင်း၊ တပ်ဖွဲ့ဝင်များ ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း၊ ရဲတပ်ဖွဲ့ဝင်များကို စာပို့ခြိမ်းခြောက်ခြင်း စသည့် တိုက်ခိုက်မှုများကို ပြုလုပ်ခြင်းတို့ကြောင့် မတ်၂၉ ရက်တွင် နိုင်ငံတော် သမ္မတက မတရားအသင်းအဖြစ် ကြေညာကာ ပြည်ထဲရေး ဝန်ကြီးဌာနကလည်း အကြမ်း ဖက် အဖွဲ့အဖြစ် သတ်မှတ်ခဲ့သည်။

၂၀၁၉ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်က ရခိုင်အရပ်သား ၃၀၀ ကျော်ကို မသင်္ကာမှုဖြင့် ဖမ်းဆီး သည့်အပြင် အကြမ်းဖက်မှု ဥပဒေ ပုဒ်မများဖြင့်လည်း တရားစွဲဆိုထားခြင်းများ ရှိသည်။

ထို့ပြင်၂၀၁၉ ခုနှစ် ဇူလိုင်တွင် စင်ကာပူနိုင်ငံ၌ နေထိုင်သည့် AA စစ်ဦးစီးချုပ်၏ ညီအရင်းတော်စပ်သူ ကိုအောင်မြတ် ကျော် အပါအဝင် ရခိုင်အသင်း (စင်ကာပူ)မှ ခေါင်းဆောင်များ၊ အဖွဲ့ဝင်များကို AA ကို ငွေထောက်ပံ့သည် ဟု စွပ်စွဲချက်ဖြင့် စင်ကာပူနိုင်ငံက ပြည်နှင်ဒဏ်ပေးခဲ့သည်။

မြန်မာနိုင်ငံသို့ ပြန်အရောက်တွင် ၎င်းတို့ကို မြန်မာနိုင်ငံ သတင်း ရဲတပ်ဖွဲ့က ဖမ်းဆီး၊ တရားလိုပြုလုပ်ကာ အကြမ်းဖက်မှု ဥပဒေ ပုဒ်မများဖြင့် တရားစွဲဆိုထားသည်။

ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ညီမအရင်း တော်စပ်သူ ဒေါ်မိုးနှင်းဖြူနှင့် ယောက်ဖ ဦးကျော်နိုင်တို့ကိုလည်း ၂၀၁၉ ခုနှစ် အောက်တိုဘာတွင် လက်နက်ခဲယမ်းအမှုနှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးပြီး အကြမ်းဖက်မှု ဥပဒေ ပုဒ်မများဖြင့် တရားစွဲဆိုထားသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ နေထိုင်နေသည့် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ဇနီး ဒေါ်နှင်းဇာဖြူနှင့် သားသမီး၂ ဦး တို့ကိုလည်း သံရုံးတွင် ပတ်စပို့ သက်တမ်းတိုးရန်လာစဉ် မြန်မာနိုင်ငံသားအဖြစ် ရုပ်သိမ်းပြီး ဖမ်းဆီးရန် ကြိုးစားခဲ့သဖြင့် ၎င်းတို့ ၃ ဦးမှာ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများ၏ အကူအညီဖြင့် ဆွစ်ဇာလန်နိုင်ငံ တွင် နိုင်ငံရေး ခိုလှုံခွင့် တောင်းခဲ့ရသည်။

You may also like these stories:

ရသေ့တောင် မြို့မိမြို့ဖ ၂ ဦးကို AA အဖွဲ့ ဖမ်းဆီးသွားဟု တပ်မတော်ပြော

အပေးအယူလုပ်မှ NLD ကိုယ်စားလှယ် ၃ ဦးကို ပြန်လွှတ်ပေးမည်ဟု AA ခြိမ်းခြောက်

Loading