Election 2020

နှင်းဆီပါတီ ဥက္ကဋ္ဌ အား ပုဒ်မထပ်တိုးအရေးယူ၊ ငွေကြေးခဝါချမှုဖြင့်ပါ ဆက်တရားစွဲဖွယ်ရှိ

Want create site? Find Free WordPress Themes and plugins.

နှင်းဆီပါတီ(ခ) ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(UDP) ဥက္ကဋ္ဌ ဦးကျော်မြင့်အား ထောင်ပြေးမှု ပုဒ်မ-၂၂၄ အပြင် လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့်ပါ ထပ်တိုးတရားစွဲအရေးယူထားကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

ယင်းအပြင် ဦးကျော်မြင့်၏ ပိုင်ဆိုင်မှုအဖြစ် ၁၈ ဘီလီယံအား ထပ်မံတွေ့ရှိထားပြီး ငွေလွှဲပြောင်းမှုအနေဖြင့်လည်း ၁၁ ဘီလီယံထပ်မံတွေ့ထားသည့်အတွက် စုစုပေါင်း ပိုင်ဆိုင်မှုမှာ ၄၁ ဘီလီယံကျော်ရှိပြီး ငွေလွှဲပြောင်းမှုအနေဖြင့် ၂၇ ဘီလီယံကျော်ရှိပြီဖြစ်သည်။

ယင်းငွေများနှင့် ပတ်သက်ပြီး ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအရ ၎င်းပိုင်ဆိုင်သည့် နေအိမ်ခြံဝန်း သုံးခုကိုလည်း ယာယီသိမ်းဆည်းထားပြီဖြစ်ကြောင်း သိရသည်။

ဦးဇော်ဌေးက “စုံစမ်းစစ်ဆေးအရေအဖွဲ့မှာ ပြည်ထဲရေးဒုဝန်ကြီးက ဥက္ကဋ္ဌဖြစ်တယ်။ အဖွဲ့က ဖော်ထုတ်တွေ့ရှိ ထားတာတွေကို တရားစွဲဖို့ သူက သဘောတူရင် ကျနော်တို့ဆက်ပြီးတော့ တရားစွဲဖို့ရှိတယ်။ အခု လ.ဝ.က အက် ဥပဒေနဲ့ ထပ်စွဲထားတယ်။ ဒီနှစ်ခု ပြစ်ဒဏ်ချပြီးတာနဲ့ ခုနက ပြောထားတဲ့ ပိုင်ဆိုင်မှုငွေကြေးကိစ္စတွေ ဆက်ပြီး တော့လုပ်မယ်။ အခုတော့ ယာယီသိမ်းထားတာပေါ့။ တရားရုံးက ဒါကတွေကို နိုင်ငံပိုင်သိမ်းဖို့ စီရင်ချက်ချရင် နိုင်ငံပိုင်သိမ်းမှာဖြစ်တယ်။ လတ်တလောမှာတော့  စုံစမ်းဖော်ထုတ်ဆဲကိစ္စလို့ ပြောလို့ရတယ်” ဟု ပြောသည်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် တရားရုံးတွင် PPE ဝတ်စုံဖြင့် ရုံးထုတ်လာသည့် UDP ဥက္ကဋ္ဌ ဦးကျော်မြင့် (ဓာတ်ပုံ – ဇော်ဇော်၊ဧရာဝတီ)

ဦးကျော်မြင့်အနေဖြင့် မြန်မာနိုင်ငံတွင် မှတ်ပုံတင်မရရှိမီ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) အဖွဲ့ဝင်အဖြစ်ရှိခဲ့ပြီး ပြည်ပနိုင်ငံများသို့ ရောက်ရှိနေစဉ် နိုင်ငံရေးခိုလှုံခွင့်ဖြင့် နေထိုင်ခဲ့ခြင်းသာဖြစ်ပြီး ပြည်ပနိုင်ငံတခု၏ ပတ်စ်ပို့စ် ကိုင်ဆောင်ထားခြင်းမရှိသည်ကို လတ်တလောစုံစမ်းမှုများအရ သိထားရကြောင်း ဦးဇော်ဌေးက ရှင်းပြသည်။

ဦးကျော်မြင့်အနေဖြင့် တရုတ်နိုင်ငံဘက်မှ တရားမဝင်ငွေလွှဲများတဆင့် ဝင်ရောက်လာသည့် တရားမဝင် ငွေကြေးများအား ရယူပြီး လက်ဝယ်ထားကာ အသုံးပြုခဲ့သည့်အတွက် ၂၀၁၄ ခုနှစ်၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ-၄၃ ဖြင့် ငြိစွန်းပါက ၁၀ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံ ရမည့် အခြေအနေလည်း ဖြစ်သည်။

လက်ရှိ ယာယီသိမ်းဆည်းထားသည့် ဦးကျော်မြင့်ပိုင် နေအိမ်ခြံဝန်းသုံးခုမှာ ရန်ကုန်မြို့၊ ပန်းလှိုင်ဂေါက်ကွင်းအိမ် ရာမှ နေအိမ်သည် ၂၀၁၈ ခုနှစ်တွင် ကျပ်သိန်း ၁၀၁၃၂ ဖြင့် ဝယ်ယူထားကြောင်း၊ မန္တလေတိုင်းဒေသကြီး၊ ပြင်ဦး လွင်မြို့နယ်၊ ပြင်စာကျေးရွာအနီးရှိ ၄.၃၇ ဧကအကျယ် ခြံဝန်းနှင့်အိမ်မှာ ၂၀၁၆ ခုနှစ်တွင် ကျပ်သိန်း ၁၈၀၀ ဖြင့် ဝယ်ယူခဲ့ ခြင်းဖြစ်ကြောင်းနှင့် မှော်ဘီမြို့နယ်၊ ရင်းတိုက်ပင်ကျေးရွာအုပ်စု၊ ကျွန်းတောတောင်ကွင်းရှိ ၁၆၄.၃၁ ဧကအကျယ် အဆောက်အဦးနှင့် ခြံဝန်းအား ၂၀၁၅-၂၀၁၇ ခုနှစ်အတွင်း ကျပ်သိန်း ၈၈၁၃၁ သိန်းကျော်ဖြင့် ဝယ် ယူခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် တရားရုံးတွင် PPE ဝတ်စုံဖြင့် ရုံးထုတ်လာသည့် UDP ဥက္ကဋ္ဌ ဦးကျော်မြင့် (ဓာတ်ပုံ – ဇော်ဇော်၊ဧရာဝတီ)

ယင်းအပြင် ဦးကျော်မြင့်အား ရန်ကုန်မြို့တွင် ဖမ်းဆီးသည့် တပြိုင်တည်းမှာပင် ၎င်း၏ အနီးကပ်လူယုံတဦး ဖြစ် သူ ဦးကျော်မိုးကိုလည်း တနင်္သာရီတိုင်းဒေသအတွင်း ခေါ်ယူစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းလည်း သမ္မတရုံးက ထုတ်ဖော်ပြောကြားသည်။

ဦးကျော်မိုးသည် ဦးကျော်မြင့်ပိုင် ကုမ္ပဏီအချို့တွင် ပါဝင်ပတ်သက်ခဲ့သည့် အထောက်အထားများ ထွက်ပေါ် လျှက်ရှိပြီး လတ်တလောတွင်လည်း တနင်္သာရီတိုင်းဒေသကြီးအတွင်း ကျွန်းအပန်းဖြေစခန်းနှင့် ခရီးသွားလုပ်ငန်း များ လုပ်ကိုင်လျှက်ရှိနေကြောင်း သတင်းများထွက်ပေါ်လျှက်ရှိသည်။

ဦးဇော်ဌေးက “ထူးဆန်းတာက ဦးကျော်မြင့်ရဲ့ ထွက်ဆိုချက်နဲ့ပတ်သက်ပြီးတော့ ဦးကျော်မိုးနဲ့ပတ်သက်တဲ့ စီး ပွားရေးလုပ်ငန်းတွေကိုတော့ မတွေ့ရဘူးလို့ သိရတယ်၊ သူက (ဦးကျော်မိုး) ကနေဒါပတ်စပို့စ်ကိုင်ထားတယ်၊ သို့သော် ဆက်ပြီးတော့ စုံစမ်းစစ်ဆေးရမယ်ပေါ့နော်။ အဲ့ဒါကတော့ သီးခြားကိစ္စရပ် ပေါ့နော်” ဟု ရှင်းပြသည်။

လက်ရှိတွင် ဦးကျော်မြင့်အား ထောင်ပြေးမှု ပုဒ်မ-၂၂၄ ဖြင့် ယနေ့ ချမ်းအေးသာစံမြို့နယ်တရားရုံးတွင်း ရုံးထုတ် ကာ စစ်ဆေးခဲ့ပြီး ၎င်း၏အမှုမှာ စစ်အစိုးရလက်ထက်တွင် ဖြစ်ခဲ့သည့်အတွက် ယခု ဒီမိုကရေစီအစိုးရ လက်ထက်တွင် တရားမဝင်တော့ကြောင်း တရားခွင်အတွင်း ပြောဆိုခဲ့သည်။

၎င်းထောင်မှ ထွက်ပြေးစဉ် မန္တလေးမှ ဦးဇင်းတပါးက ထိုင်းနိုင်ငံအထိ လိုက်ပို့ခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေးသမားတဦးနှင့်တွေ့ဆုံ ၎င်း၏ ဆောင်ရွက်ပေးမှုဖြင့် နော်ဝေနိုင်သို့ သွားခဲ့ရကြောင်း၊ ယင်းမှတဆင့် အမေရိကန်နိုင်ငံသို့ ပြောင်း ရွေ့ကာ တနှစ်ခန့်အကြာတွင် ကနေဒါနိုင်ငံသို့ ထပ်မံပြောင်းရွေ့ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် တရုတ်နိုင်ငံသို့ ထပ်မံ ရောက်ရှိခဲ့ကြောင်း တရားခွင့်တွင် ထွက်ဆိုခဲ့ကြောင်းလည်း သိရသည်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် တရားရုံးတွင် PPE ဝတ်စုံဖြင့် ရုံးထုတ်လာသည့် UDP ဥက္ကဋ္ဌ ဦးကျော်မြင့် (ဓာတ်ပုံ – ဇော်ဇော်၊ဧရာဝတီ)

ယင်းအပြင် နိုင်ငံခြားတွင်ရှိနေစဉ် ၂၀၀၇ ခုနှစ်က အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့ရှိ မြန်မာစစ်သံမှူးကြီး နှင့်တွေ့ ဆုံခဲ့ပြီး မြန်မာပြည်တွင် ပါတီဖွဲ့နိုင်ကြောင်း၊ ယင်းအပြင် ၂၀၁၂ ခုနှစ်တွင် တရုတ်နိုင်ငံ၊ ကူမင်းမြို့ မြန်မာကောင် စစ်ဝန်ချုပ်နှင့်တွေ့ဆုံမေးမြန်ရာ၌ Black List စာရင်းတွင် မပါသဖြင့် ပြည် ဝင်ခွင့်ရကြောင်းနှင့် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ဝင်ရောက်ကာ နေပြည်‌တော်တွင် ပါတီရုံးဖွင့်လှစ်ခဲ့ကြောင်း လည်း ထွက်ဆိုခဲ့သည်။

မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်တွင်လည်း ၂၀၁၄ ခုနှစ်တွင် အကျဉ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်အား သွားရောက်တွေ့ဆုံကာ ထောင်ဒဏ်နှင့်ပတ်သက်၍ ဖြေရှင်းရန် မေးမြန်ခဲ့သော်လည်း စာရွက်စာတမ်းများ မရှိ တော့ကြောင်းနှင့် တရားစွဲဆိုခဲ့သည့် ထောက်လှမ်းရေးအဖွဲ့မှာလည်း ဖျက်သိမ်းပြီးဖြစ်ကြောင်း ပြောဆိုခဲ့ပြီး မည့် သည့်အဖွဲ့ကမှလည်း မဖမ်းခဲ့ကြောင်း ဦးကျော်မြင့်က ထွက်ဆိုသည်။

ယင်းသို့ ထွက်ဆိုမှုများနှင့်ပတ်သက်ပြီး ဦးဇော်ဌေးက “တရားရုံးမှာ ပြောတာဆိုတာတွေက ဥပဒေနဲ့ ညီဖို့လိုတယ်၊ သူဘယ်သူနဲ့ တွေ့တွေ့၊ အဲ့ဒီတွေ့တဲ့သူက သူ့ကို ဥပဒေနဲ့အညီ လုပ်ထားလားပေါ့။ လုပ်မထားရင်တော့ ဥပဒေနဲ့အညီအရေးယူ ခံရမှာပဲ။ သူ့ဟာသူ ဘယ်သူနဲ့တွေ့တွေ့၊ တွေ့တာက တပိုင်းပေါ့နော်။ စိစစ်၊ စစ်ဆေးတဲ့ အပိုင်းက အပိုင်းလိုက် လုပ်နေတာပေါ့နော်” ဟု ပြောသည်။

လတ်တလော ရင်ဆိုင်နေရသည့် ထောင်ပြေးမှုနှင့် ပတ်သက်ပြီး ဦးကျော်မြင့်ဘက်ကလည်း တရားခံပြသက်သေ အနေဖြင့် ၆ ဦးတင်ပြထားပြီး လာမည့် အောက်တိုဘာ ၂၆ ရက်နေ့တွင် ဆက်လက်စစ်ဆေးမည်ဖြစ်ကြောင်း ချမ်း အေးသာစံမြို့နယ်တရားရုံးက သိရသည်။

You may also like these stories:

နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်ကို စိစစ်မှု အားနည်းခဲ့ကြောင်း UEC ဝန်ခံ

နှင်းဆီပါတီပိုင်ပစ္စည်း၊ ကိုယ်စားလှယ်လောင်းများအရေး UEC ဘယ်လို ဆုံးဖြတ်မလဲ

ဥက္ကဋ္ဌ အရှုပ်တော်ပုံကြောင့် နှင်းဆီပါတီ ဖျက်သိမ်းခံရဖွယ်ရှိနေ

 

Did you find apk for android? You can find new Free Android Games and apps.
Loading