Election 2020

မရိုးသားမှုများရှိ၍ ဒေသတွင်း ကြိုတင်မဲများ ကိုးကန့်ပါတီကန့်ကွက်

Want create site? Find Free WordPress Themes and plugins.

ကြိုတင်မဲ ပေးသည့် မဲရုံ၌ မရိုးသားမှုများ တွေ၍ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းမှ ကြိုတင်မဲ အားလုံးကို ကန့်ကွက်ကြောင်း ရှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ်ပါတီ(SSKDP)မှ ကိုယ်စားလှယ်လောင်း ၇ ဦးက ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသ ဦးစီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးထံ စာတင်ထားကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၃၁ ရက်က လောက်ကိုင်မြို့နယ်၊ ထင်ပါကျိုင်းကျေးရွာအုပ်စုရှိ မဲရုံ၌ မဲလာပေးသည့် သက်ကြီးရွယ်အိုများကို မည့် သည့်နေရာတွင် တံဆိပ်တုံး ထုရမည်ဟု အုပ်ချုပ်ရေးပိုင်းက ပြောဆိုခြင်း၊ ပြည်သူ့စစ် ယူနီဖောင်းဝတ်တဦးနှင့် အရပ်ဝတ် များ မဲရုံအတွင်းနှင့် ပရဝုဏ်တွင် ရှိခြင်း၊ ယင်းအခြေအနေကို ကန့်ကွက်သည့် ကိုယ်စားလှယ်လောင်းကို မဲရုံအတွင်းမှ ဆွဲ ထုတ်ခြင်း၊ ကိုဗစ်ရောဂါ ကာကွယ်ရေးနှင့် အညီ မဲရုံကိုမဖွင့်ဘဲ လူစုလူဝေး ဖြစ်စေခြင်း၊ သက်ကြီးရွယ်အို မဟုတ်သည့် အသက် ၃၀ အရွယ်ကို ကြိုတင်မဲ လက်မှတ်ထုတ်ပေးခြင်း စသည့် ၅ ချက်ဖြင့် မရိုးသားမှုများ ရှိသဖြင့် ဒေသတခုလုံးမှ ကြိုတင်မဲအားလုံးကို ကန့်ကွက်ခြင်း ဖြစ်သည်ဟု သိရသည်။

ကုန်းကြမ်းမြို့နယ် ပြည်နယ်မဲဆန္ဒနယ် (၁)တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီမှ ကိုယ်စား လှယ်လောင်း ဦးမြင့်ခိုင်က “ကျနော်တို့ ကိုယ်စားလှယ်လောင်းကိုတောင် မောင်းထုတ်ပြီး ဖမ်းမယ်၊ ပြုမယ်ပုံစံနဲ့ လုပ်တာ။ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက မြို့နဲ့မနီးတဲ့ မဲရုံတွေသွားဖို့ကိုတောင် စိုးရိမ်နေရတယ်။ ဒီအချက်တွေ စုပြီးမှ ကျနော်တို့ ကိုယ်စားလှယ်လောင်း ၇ ယောက်လုံး အစည်းအဝေးထိုင်ပြီး ဆုံးဖြတ်လိုက်တာပါ။ ကိုးကန့်နယ်တွင်းက မဲဆန္ဒနယ် အားလုံးမှာ ကြိုတင်မဲတွေကို ကျနော်တို့ လုံးဝလက်မခံနိုင်ဘူးဆိုပြီး ကန့်ကွက်လိုက်တာပါ”ဟု ပြောသည်။

ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်သူက နိုဝင်ဘာ ၁ ရက်တွင် ထင်ပါကျိုင်းကျေးရွာအုပ်စုတွင်းမှ ကြိုတင်မဲရုံသို့ သွားရောက် စောင့်ကြည့်ရာ မဲလာထည့်သည့် သက်ကြီးရွယ်အိုများကို မည်သည့်နေရာတွင် တံဆိပ်တုံးထုရမည်ဟု အုပ်ချုပ်ရေးပိုင်းမှ လက်ဖြင့် ထောက်ပြကြောင်း၊ ထောက်ပြနေသည့် နေရာမှာ အခြားပါတီတခု၏ နေရာသို့ ညွှန်ပြခြင်း ဖြစ်၍ ၎င်းကတားမြစ်ရာ မဲရုံအတွင်းမှ လူတစုက ဝိုင်းဝန်းမောင်းထုတ်ကာ မဲရုံ အတွင်း အဝင်မခံတော့ခြင်း ဖြစ်သည်ဟု သိရသည်။

“ ကျနော်တို့ ဒီမှာ ၂ ပါတီပဲရှိတယ်။ ၂ပါတီမှာ သူတို့က မဲလက်မှတ် ထိုးတဲ့ နေရာမှာ ဘေးမှာ ဒီဟာမထုနဲ့ ဟိုဟာ ထုနဲ့ လုပ်နေတာ။ ပါးစပ်နဲ့တော့ မပြောပေမယ့် ပြနေတာ။ ဒီက လူထုက ရွေးကောက်ပွဲကို မသိနားမလည်ဘူး။ မဲထည့်ပုံ ထည့်နည်းလည်း မသိဘူး။ ”

မဲရုံသို့ ဦးကျော်သူ ရောက်ရှိနေချိန်တွင် မဲရုံအပြင် ပရဝုဏ်တွင် ပြည်သူ့စစ် ယူနီဖောင်းဝတ်ကာ ပစ္စတို ခါးကြားထိုးထားသူ တဦးက ရှိနေပြီး မဲဆန္ဒရှင်များ လျှို့ဝှက် မဲပေးသည့် ဆန္ဒပြုခန်း အနီးတွင်လည်း အရပ်ဝတ်ဖြင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ရှိနေသည်ဟု သိရသည်။

ဦးမြင့်ခိုင်က “ ကျနော်တို့ ဒီမှာ ၂ ပါတီပဲရှိတယ်။ ၂ပါတီမှာ သူတို့က မဲလက်မှတ် ထိုးတဲ့ နေရာမှာ ဘေးမှာ ဒီဟာမထုနဲ့ ဟိုဟာ ထုနဲ့ လုပ်နေတာ။ ပါးစပ်နဲ့တော့ မပြောပေမယ့် ပြနေတာ။ ဒီက လူထုက ရွေးကောက်ပွဲကို မသိနားမလည်ဘူး။ မဲထည့်ပုံ ထည့်နည်းလည်း မသိဘူး။ အဲ့ဒါကို ကော်မရှင်ကို ပြောတယ်။ ဟိုမှာ သွားပြီး တချို့က ထည့်မယ့် နေရာ မသိတာ ကို ဒီကိုလာ ၊ဒီနေရာမှာ ထုရတယ် ဆိုတာကို လုပ်တာ။ ကော်မရှင်ရုံးက လက်ထောက်တောင် တွေ့တယ်”ဟု ပြောသည်။

ရှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ်ပါတီ(SSKDP) အနေဖြင့် ထင်ပါကျိုင်းကျေးရွာအုပ်စု ဖြစ်စဉ်ကို မူတည်ကာ ဒေသတခု လုံး၏ ကြိုတင်မဲ အားလုံးကို ကန့်ကွက်ခြင်း ဖြစ်သော်လည်း ဤတနေရာတည်းသာ မရိုးမသား အခြေအနေ ရှိသည် မဟုတ်ပဲ အခြားဒေသများတွင်လည်း စည်းကမ်းနှင့်အညီ မလုပ်သည်ကို မျက်မြင်သက်သေ၊ ဓါတ်ပုံသက်သေဖြင့် ရှိပါ သည်ဟု ဦးမြင့်ခိုင်က ပြောသည်။

လောက်ကိုင်မြို့နယ်၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ အတွင်းရေးမှူး ဒေါ်သန်းသန်းစိုးက ရှမ်းပြည်ကိုးကန့် ဒီမိုကရက် တစ်ပါတီ မှ ကိုယ်စားလှယ်လောင်း ၇ ဦး ပေးပို့ထားသည့် ကန့်ကွက်စာကိစ္စ ဖြေရှင်းရန် စေ့စပ်ညှိနှိုင်းရေး ကော်မတီမှ အစည်းအဝေးခေါ်ရန် ပြင်ဆင်နေပါသည်ဟု ဧရာဝတီသို့ ပြောသည်။

၎င်းက “ကျမတို့က ရပ်ကျေးဆိုရင် ညွှန်ကြားထားတယ်။ လက်နက်တွေ ကိုင်ဆောင်ရင် မဝင်နဲ့ ညွှန်ကြားထားတော့ ရပ်ရွာ က အုပ်ချုပ်ရေးမှူးတွေနဲ့ စည်းဝေးတိုင်ပင်ပြီး လူဆိုတာတော့ ရှေ့မှာ ထားတာပေါ့။ လူ၂ယောက်ထား၊ မဲပေးမယ့်သူပဲ ဝင် ပေါ့။ သက်ကြီးရွယ်အိုတွေလည်း များပြားတော့ ၆ ပေအကွာနေပါဆိုပေမယ့် နေပါဆို ခဏပဲ ပြန်ပြုံလာပြန်တာ။ ဒါကကိုယ့်ဘက်က လုပ်ပြီး သူတို့က ပြုံရင် မတတ်နိုင်ပါဘူး”ဟု ပြောသည်။

အောက်တိုဘာ ၃၁ ရက်၊ နေ့လည်ပိုင်းတွင် အသက် ၃၂ နှစ်အရွယ် တဦးကို အသက် ၆၀ နှင့် အထက် ကြိုတင်မဲ ပေးရမည့် မဲရုံတွင် မဲထည့်ရန် လက်မှတ် ထုတ်ပေးထားရာ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီမှ ကန့်ကွက်သဖြင့် မဲရုံကို ခေတ္တပိတ်ချ လိုက်ရပြီး ညနေပိုင်းမှ ပြန်လည်ဖွင့်လှစ်ခဲ့ရသည်ဟုလည်း ဒေါ်သန်းသန်းစိုးက ဆိုသည်။

ကိုယ်စားလှယ်လောင်း ဦးကျော်သူကို ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက မဲရုံတွင်းမှ အဓမ္မမောင်းထုတ်သည်ဟု ကြားသိသဖြင့် ဖြေရှင်းရန် ဒေသဦးစီး၏ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ အတွင်းရေးမှူးက မဲရုံသို့ လိုက်သွားရာတွင် ပြည်သူ့စစ် ယူနီဖောင်းဖြင့် လူကို မတွေ့ရတော့ပါဟု ၎င်းကဆက်ပြောသည်။

ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ရှိနေသည်ဟု ပြောဆိုထားသည့် အချက်နှင့် ပတ်သက်၍ ဒေါ်သန်းသန်းစိုးက မဲရုံတွင် လုံခြုံရေး အဖြစ် နိုင်ငံတော်မှ လေ့ကျင့်ပေးထားသည့် အထူးရဲများကိုသာ တာဝန်ပေးသော်လည်း ဒေသတွင်း အုပ်ချုပ်ရေးပိုင်းများ၏ အစီအမံဖြင့် ထားရှိသည့် အရပ်ဝတ်ဖြင့် မဲရုံသို့ အကူအညီလာပေးနေသူများလည်း ရှိပါသည်ဟု ပြောသည်။

“အရပ်ဝတ်နဲ့ လူကတော့ ပြည်သူ့စစ်လို့ ပြောလို့ မရဘူး။ ပြည်သူ့စစ်လို့ မှန်ချင်မှန်မယ်။ သူတို့ခေါ်ပြီး ဆွဲပြီး သုံးတာပါ။ သူကတော့ ပြည်သူ့စစ်ကလို့ ပြောတာပေါ့။ ရပ်ရွာက အုပ်ချုပ်ရေးမှူးတွေနဲ့ ကော်မရှင်အဖွဲ့တွေ တိုင်ပင်ပြီးတော့ အထဲမှာ လုံခြုံရေး ထားတဲ့ သဘောပါပဲ။ လက်နက်တွေကိုင်ပြီး ဝတ်စုံတွေ ဝတ်ပြီး အဲ့လိုတွေ မဟုတ်ပါဘူး ”ဟုလည်း ဒေါ်သန်းသန်းစိုးက ပြောသည်။

ဆက်လက်ပြီး ဒေါ်သန်းသန်းစိုးက နိုဝင်ဘာ ၃ ရက်တွင် စေ့စပ်ညှိနှိုင်းရေးကော်မတီက အစည်းအဝေးဆင့်ခေါ်ကာ ဖြေရှင်း ပေးမည်ဖြစ်ပြီး ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ မှ ကိုယ်စားလှယ်လောင်းများက မကျေနပ်ပါက ခရိုင်အဆင့်သို့ ဆက်လက်တိုင်တန်းနိုင်ကြောင်း ပြောသည်။

၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ကိုးကန့်ဒေသတွင်း ယှဉ်ပြိုင်မည့် ပါတီမှာ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ် ပါတီအပြင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP )တို့ စုစုပေါင်း ၂ပါတီသာ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ရွေးကောက်ပွဲတွင် အနိုင်ရမည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ကိုးကန့်ဒေသဦးစီးအဖွဲ့၏ အာဏာကို သာမက ကိုးကန့်ဒေသ အုပ်ချုပ်ရေးပိုင်းကိုလည်း ကိုင်တွယ်နိုင်မည် ဖြစ်သည်။

ယင်း နှစ်ပါတီတွင် ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီသည် စစ်အစိုးရလက်ထက် အာဏာရှင်ကို ဆန္ဒပြခဲ့သည့် ကျောင်း သားဟောင်းများ၊ ဒေသခံ ကိုးကန့်နိုင်ငံရေးသမားများဖြင့် ဖွဲ့စည်းထားပြီး၊ USDP တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စား လှယ်လောင်းများမှာ စစ်ဗိုလ်ချုပ်ဟောင်းများနှင့် ကိုးကန့်ဒေသ၏ ခေါင်းဆောင်များ၊ ခေါင်းဆောင်မိသားစုဝင်များ ပါဝင် သဖြင့် အကျိတ်အနယ် ယှဉ်ပြိုင်ရမည့် မဲဆန္ဒနယ်များ ဖြစ်သည်။

ရွေးကောက်ပွဲတွင် အနိုင်ရမည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ကိုးကန့်ဒေသဦးစီးအဖွဲ့၏ အာဏာကို သာမက ကိုးကန့်ဒေသ အုပ်ချုပ်ရေးပိုင်းကိုလည်း ကိုင်တွယ်နိုင်မည် ဖြစ်သည်။

USDP မှ လောင်ကိုင်မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများမှာ လောက်ကိုင် ပြည်နယ်မဲဆန္ဒနယ် (၁) တွင် ဦးလူတယ်ဟုန်၊ ပြည်နယ်မဲဆန္ဒနယ် (၂) တွင် ဦးဘေရင်နယ် (ခ) ဦးခင်မောင်လွင်) ၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဦးကျောက်တယ်ချန်တို့ဖြစ်သည်။

ဦးလူတယ်ဟုန်က ကိုးကန့်ကာကွယ်ရေးတပ်၏ ခေါင်းဆောင် ဦးလူကွယ်ရှို၏ သားဖြစ်ပြီး ဦးဘေရင်နယ် (ခ) ဦးခင်မောင်လွင် သည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၏ ဥက္ကဌဟောင်း ဦးပယ်စောက်ချိန်၏ သား ဖြစ်သည်။

ဦးကျောက်တယ်ချန်သည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၏ လက်ရှိ ဥက္ကဌ တဦးဖြစ်ပြီး ဒေသတွင်း အာဏာကြီးသူ တဦးဟု လူသိများသည်။

ကန့်ကွက်သည့် ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီမှ ကုန်းကြမ်းမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်းများမှာ ပြည်နယ်မဲဆန္ဒနယ် (၁) တွင် ဦးမြင့်ခိုင်၊ ပြည်နယ်မဲဆန္ဒနယ် (၂) တွင် ဦးအိုက်မောင်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဦးယင်တေယီတို့ ဖြစ်သည်။

ထို့ပြင် လောက်ကိုင်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ၏ ကိုယ်စားလှယ်လောင်းများမှာ ပြည်နယ်မဲဆန္ဒနယ် (၁)တွင် ဦးကျူဆန်းဟိုင်၊ ပြည်နယ်မဲဆန္ဒနယ် (၂)တွင် ဦးယွီကျားဆိုင်၊ ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်တွင် ဦးလျူစယ်စန်း (ခ) ဦးအောင်စိုးပိုင်တို့ ဖြစ်သည်။

ကုန်းကြမ်းမြို့နယ်အတွင်းမှ ဝင်ရောက်ယှဉ်ပြိုင်မည့် USDP ၏ ပြည်နယ်မဲဆန္ဒနယ် (၁)၏ ကိုယ်စားလှယ်လောင်း ဦးလီကျိန်းဖူသည် ကိုးကန့်လူငယ်ယဉ်ကျေးမှုအသင်းမှ အတွင်းရေးမှူး တဦးဖြစ်သည်။

အလားတူ USDP ပါတီမှ ကုန်းကြမ်းမြို့နယ် ၊ ပြည်နယ် မဲဆန္ဒနယ် (၂) တွင် ဦးမောင်မောင်က ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီ၊ ကုန်းကြမ်းမြို့နယ် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာတွင် လောက်ကိုင်မြို့နယ် ၊ နယ်မြေခံ နယ်ခြားစောင့်တပ် ၊ ဗဟိုကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ ဥက္ကဌ ဂုဏ်ထူးဆောင် (၁) အငြိမ်းစား ဗိုလ်မှုးကြီး ဦးဝေဆန်းက USDP ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည် ။

အလားတူ ကိုးကန့်ဒေသ၏ အမျိုးသားလွှတ်တော်နေရာတွင် ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီမှ ဦးကျော်သူ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး၊ USDP မှ ဝင်ပြိုင်မည့်သူမှာ တပ်မတော်၏ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးအောင်သန်းထွဋ်ဖြစ်သည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၏ ခေါင်းဆောင်များနှင့် မိသားစုဝင်များမှာ ၂၀၁၀ နှင့် ၂၀၁၅ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲကျင်းပစဉ်ကလည်း ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ၂ နှစ်ဆက်တိုက် အနိုင်ရရှိထားကြသည်။

၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင်လည်း အရပ်သားများ ပေးသည့် မဲတွင်USDP က ရှုံးနေပြီး တပ်၏ ကြိုတင်မဲ များ ကြောင့် မဲဆန္ဒနယ်မြေ အားလုံးတွင် နိုင်သွားခြင်း ဖြစ်ကြောင်းနှင့် ရိုးသားမှု မရှိပဲ အနိုင်ရသည်ဟု ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအန်တိုနီစူက ဧရာဝတီကို ဇူလိုင်က အမေးအဖြေကဏ္ဍတွင် ပြောဆိုထားသည်။

အမှားပြင်ဆင်ချက် 

((USDP ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကုန်းကြမ်းမြို့နယ်၊ ပြည်နယ်မဲဆန္ဒနယ် (၂) ၏ ကိုယ်စားလှယ်လောင်း ဦးမောင်မောင်ကို လောက်ကိုင်မြို့နယ်၊ နယ်မြေခံ၊ နယ်ခြားစောင့်တပ်၊ ဗဟိုအကြံပေး နှင့် ကွပ်ကဲရေးအဖွဲ့ဝင် ဖြစ်ပြီး ဗိုလ်မှူးကြီး (အငြိမ်းစား) ဝေဆန်း၏ သားဟု မှားယွင်းဖော်ပြထားသည်ကို ပြန်လည်ပြင်ဆင်ထားပါသည်။ ))

You may also like these story:

လက်နက်ကိုင်တဲ့ အဖွဲ့ ပိုက်ဆံဘယ်က ရသလဲ

Did you find apk for android? You can find new Free Android Games and apps.
Loading