လာမည့် နိုဝင်ဘာ ၈ ရက်၊ အထွေထွေ ရွေးကောက်ပွဲနေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို အပြတ်အသတ် မဲနိုင်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးပါဟု အနုပညာရှင်များကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က မေတ္တာရပ်ခံကာ ပြောဆိုလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီ၏ ဥက္ကဋ္ဌ တဦးအနေဖြင့် နိုဝင်ဘာ ၁ ရက်၊ ညနေပိုင်းတွင် အနုပညာရှင် ၉ ဦးနှင့် အွန်လိုင်းပေါ်တွင် စကားဝိုင်းပြုလုပ်ရာတွင် NLD အပြတ်အသတ် မဲအနိုင်ရရေးအတွက် လုပ်ပေးပါဟု ထည့်သွင်း ပြောဆိုသွားခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် စကားဝိုင်းတွင် ဆွေးနွေးကြသူများမှာ ဂီတ၊ ရုပ်ရှင်၊ သဘင် အနုပညာရှင်များ ဖြစ်သည့် သျှီ၊ သံသာဝင်း၊ လူမင်း၊ ဦးမိုးဝင်း ၊ ဒါရိုက်တာ ဝိုင်း၊ ပန်းသီး၊ ဇာဂနာ ၊ ဇာဏ်ခီ နှင့်ဒေါင်းတို့ ဖြစ်ပြီး ဆွေးနွေးပွဲတွင် ဂီတ၊ ရုပ်ရှင်၊ သဘင်ပညာ များအကြောင်း ဆွေးနွေးသည့် အပြင် အနုပညာရှင်နှင့် နိုင်ငံရေးအကြောင်းကိုလည်း ထည့်သွင်း ဆွေးနွေးသွားသည်။
ဒေါ်အောင်ဆန်းစုကြည်က သဘင်ပညာရှင်ဦးမိုးဝင်းနှင့် သဘင်ပညာအကြောင်း ဆွေးနွေးပြီး မြန်မာ့ရိုးရာ ပွဲဖြစ်သည့် သဘင်ပွဲများနှင့် သဘင်ပညာကို ဆက်လက်ထိန်းသိမ်းပေးရန် ပြောပြီး “ပြည်သူလူထုက ဖျာလေး ၁ ချပ်ဝယ်ပြီး မိသားစုနဲ့ တညလုံး ထမင်းချိုင့်လေးနဲ့ ပွဲကြည့်တဲ့ အစဉ်အလာကို မဖျက်စေချင်ဘူး။ ဒါယဉ်ကျေးမှုရဲ့အရသာပဲ။ ဒါကို ထိန်းပေးတဲ့ သားတို့ကို ကျေးဇူးတင်တယ်။ ဆက်ပြီး ထိန်းပေးပါ။ အဲဒီ အင်အားတွေနဲ့လည်း ၈ ရက်နေ့ကျရင် အမေတို့ကို အပြတ် အသတ်နိုင်အောင် လုပ်ပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်”ဟု ပြောသည်။
ခေတ်စနစ် တိုးတက်ပြောင်းလဲလာသည့်ကာလတွင် သဘင်ပညာကိုလည်း တိုးတတ်အောင် လုပ်ပါဟု ပြောပြီး ဒေါ်အောင် ဆန်းစုကြည်က “ဒါပေမယ့် အရေးကြီးတာက အခုချက်ချင်း လက်ငင်း လုပ်ရမှာကတော့ ၈ ရက်နေ့ကျရင် အပြတ်အသတ် နိုင်အောင် လုပ်ပေးပါလို့ ပြောပါရစေ”ဟု ထပ်မံပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးသည့် ဂီတ၊ ရုပ်ရှင်၊ သဘင် အနုပညာရှင် ၇ ဦးမှာ NLD ပါတီ ကို ထောက်ခံပြီး မဲဆွယ် စည်းရုံးရေးလုပ်ငန်းများတွင်လည်း ပါဝင် မဲဆွယ်ပေးနေသူများ ဖြစ်သည်။
အဆိုတော် သျှီနှင့် သံသာဝင်းတို့မှာ ၂၀၁၂ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလ ၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကာလတို့ကလည်း NLD ပါတီ၏ မဲဆွယ်စည်းရုံးရေးခရီးများကို လိုက်လံပြီး သီချင်းဆိုကာ မဲဆွယ်ပေးသူများ ဖြစ်သည့်အပြင် NLD ပါတီကို အမာခံထောက်ခံသူများလည်း ဖြစ်သည်။
အနုပညာရှင်များအနေဖြင့် နိုင်ငံရေးသို့ ပါဝင်လာခြင်းနှင့် ပတ်သတ်၍ စတင်ပါဝင်လာခဲ့သည့် အကြောင်းအရာ များကို လည်း အပြန်အလှန် ဆွေးနွေးပြီး န်ိုင်ငံရေးအတွင်း ဝင်ရောက်သည့် အနုပညာရှင်များကို သာမန်အနုပညာရှင် ထက် တဆင့်နိမ့်သည်ဟု ဝေဖန်ပြောဆိုမှုများ၊ အနုပညာရှင်က နိုင်ငံရေးနှင့် မပတ်သက်ဘဲ နေရမည်ဟူသည့် အမြင်ကို လက်မခံနိုင်ပါဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“နိုင်ငံရေးဆိုတာ မီးဖိုထဲက စတဲ့ ကိစ္စပဲ။ အိမ်ရှင်မက ဈေးသွားလို့ ကိုယ့်ဝင်ငွေနဲ့ မကာမိတဲ့ အခြေအနေမှာ ဈေးတွေ တက်နေတယ်ဆိုရင် န်ိုင်ငံရဲ့စီးပွားအခြေအနေက နိုင်ငံရေးနဲ့ ဘယ်လိုမှ ခွဲခြားလို့ မရဘူး။ နိုင်ငံရေးက မီးဖိုထဲက စတယ်။ နိုင်ငံရေးက လူတိုင်းနဲ့ ဆိုင်တယ်။ ငါနဲ့ မဆိုင်ဘူးပြောတာက နည်းနည်းမောက်မာလွန်းတယ်လို့ မြင်တယ်။ လက်တွေ့ လည်း မကျဘူးလို့ ထင်တယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
အကယ်ဒမီဆုရှင် ရုပ်ရှင်သရုပ်ဆောင် လူမင်းအနေဖြင့် ၂၀၁၀ ခုနှစ်နောက်ပိုင်းတွင် နိုင်ငံရေးနှင့် ပတ်သတ်၍ပါဝင်လာပြီး နောက် လူအများ၏ ဝေဖန် တိုက်ခိုက်မှုကို ခံရသည့် အပေါ်တွင်လည်း မည်သို့ ရင်ဆိုင်ခဲ့သည်ကို ဒေါ်အောင်ဆန်းစုကြည် က မေးမြန်းသည်။
စစ်အစိုးရလက်ထက်က ပြည်ထောင်စုနှင့် ကြံ့ခိုင်ရေးပါတီ (USDP) နှင့် အတူသွားလာခဲ့သည့် ဓာတ်ပုံမှတ်တမ်းများ၊ USDP ပါတီ အကျီဝတ်၊ ပါတီရင်ထိုးဖြင့် ဓါတ်ပုံရိုက်ယူထားသည့် လူမင်း၏ ပုံများကို လူမှုကွန်ရက်များပေါ်တွင် ဖြန့်ဝေပြီး သာကူးဟု ဝေဖန်ပြောဆိုမှုများ ယခုခေတ်မှ NLD ကို ဝန်းရံသည်ဟုဆိုကာ ပြောဆိုမှုများလည်း ကြုံတွေ့ခဲရသူ တဦး ဖြစ်သည်။
မင်းသားကြီး လူမင်းက “ဒီကိစ္စတွေက လုပ်သင့်လုပ်ထိုက်တယ်ဆိုပြီး သေသေချာချာစဉ်းစားဆုံးဖြတ်ပြီး လုပ်ခဲ့တာ ဖြစ်တဲ့ အတွက် ဒီနေ့ ဒီအချိန်ထိ ကိုယ့်ရဲ့လုပ်ရပ်တွေ အပေါ်မှာ တခါမှ နောင်တ မရခဲ့ဖူးဘူး။ ကိုယ့်လုပ်ရပ်တွေပေါ်မှာ ယုံကြည်မှု အပြည့်ရှိတယ်”ဟု ပြန်လည်ဖြေဆိုသည်။
ပရိသတ်မှ ဝေဖန်တိုက်ခိုက်မှုများ အပြင် အနုပညာအသိုင်းအဝိုင်းမှ လူကြီးသူမများကလည်း NLD ၏ စည်းရုံးရေး ဆင်းသည့် ပွဲများတွင် ပါဝင်ခြင်း မလုပ်ရန် တားမြစ်ခဲ့သည်များလည်း ရှိသည်ဟု ၎င်းက ပြောသည်။
“၂၀၁၅ ကျတော့ ကျနော်က ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ၁ ယောက်ဖြစ်နေတော့ ပိုဆိုးတာပေါ့။ ဥက္ကဋ္ဌ ၁ ယောက် ဖြစ်နေတဲ့ အတွက် လုံးဝမလုပ်သင့်ဘူး၊ မပါရဘူးဆိုပြီး လူကြီးသူမတွေက ဆူပူတားမြစ်တာ ရှိပါတယ်။ ကျနော်က ဒီလုပ်ရပ်ပေါ် ယုံကြည်မှု အပြည့်ရှိတဲ့အတွက် လုပ်စရာ ရှိတာ လုပ်ခဲ့တာပါ “ဟုလည်း လူမင်းကဆိုသည်။
ရှေ့ ဆယ်စုနှစ် ၃ ခု(စစ်အစိုးရလက်ထက်) တွင် အနုပညာအသိုင်းအဝိုင်းကလည်း အကြောက်တရားဖြင့် ရှင်သန်ခဲ့ ရသဖြင့် နိုင်ငံရေးလုပ်ပါက အနုပညာလုပ်ကိုင်ခွင့် ပိတ်ပင်ခြင်း၊ ဖမ်းဆီးချုပ်နှောင်ခြင်းများ ပြုလုပ်သဖြင့် ကြိုးစွဲရာ ကခဲ့ရသည့် လက်ကိုင်တုတ် ဖြစ်ခဲ့ရပါသဖြင့် နိုင်ငံရေးတွင် ပါဝင်ခြင်းကို အနုပညာရှင်လူကြီးများက ဝိုင်းတားကြခြင်း ဖြစ်သည်ဟုလည်း ဆက်ပြောသည်။
ယခင်ခေတ်က အနုပညာရှင်ကို မကြိုက်ပါက စင်ပေါ်တွင် ခဲနှင့်ပေါက်ခြင်းသာ ကြုံရနိုင်သော်လည်း ယခုအခါ ဆိုရှယ် မီဒီယာပေါ်တွင် နေ့စဉ် ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်နေခြင်းများက ဂရုမစိုက်ဘဲ နေလျှင်လည်း စိတ်ဓာတ်ပိုင်း ဆိုင်ရာ နှင့် မိသားစုများ အပေါ်တွင် ထိခိုက်ပါသည်ဟုလည်း လူမင်းက ပြောဆိုသည်။
သရုပ်ဆောင် ဇာဏ်ခီ၊ ဒေါင်းတို့နှင့် ဆွေးနွေးရာတွင် လူမှုကွန်ရက်ပေါ်တွင် အမုန်းတရား၊ အမုန်းစကားများ ပွားနေသည့် အရေးအသားများ များနေသည့် အကြောင်းများ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးပြောဆိုပြီး ဇာဏ်ခီနှင့် ဇနီး ဒါရိုက် တာ ခရစ္စတီးနားခီ တို့က တိုင်းရင်းသားလူမျိုးများ NLD အစိုးရလက်ထက်တွင် ပြောင်းလဲမှု၊ တိုးတက်မှု ခံစားရမှုရှိ၊ မရှိကို မေးမြန်းပြီး NLD အောင်နိုင်ရေးအတွက် ရုပ်သံမှတ်တမ်းများ ရိုက်ကူးထားသည်။
လူရွှင်တော် ဦးဇာဂနာ နှင့် ဆွေးနွေးရာတွင် အနုပညာရှင်မျိုးဆက်သစ်များကို နိုင်ငံရေးတွင် စိတ်ပါဝင်စားအောင် မျိုးဆက် သစ် မွေးထုတ်သည့် အကြောင်း ဆွေးနွေးပြောဆိုပြီး ဦးဇာဂနာက ၂၀၁၅ တွင် သီးလေးသီး၊ ဇွဲ လူရွှင်တော် မျိုးဆက်များ ကို နိုင်ငံရေးတွင် ပါဝင်အောင် လုပ်ဆောင်ပေးခဲ့သည်ဟု ပြောသည်။
ဦးဇာဂနာက “ ကျနော်မျိုးဆက်အခုဆို အငြိမ့်ထဲမှာပါတဲ့ ဇွဲဆို စတုတ္ထမြောက်မျိုးဆက်ပါ။ ၂၀၁၅ မှာ သီးလေးသီး၊ ၂၀၂၀ မှာ ဇွဲ၊ ဒီမျိုးဆက်တွေက ကျနော့်ကိုယ်စား ကျနော်မလုပ်နိုင်တဲ့ အခါမှာ သူတို့ လုပ်ပါလိမ့်မယ်။ ကျနော်သူတို့ကို စိတ်တွေ ထည့်ပေးထားတယ်။ ထောင်ထဲမှာတည်းက ကျနော် အဲဒီအတွေးရတယ်။ အချိန်မရွေးသေသွားနိုင်တယ် ဆိုတာပါ”ဟု ပြောသည်။
ဆွေးနွေးပွဲ အဆုံးသတ်တွင် ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီ ကို ထောက်ခံသည့် အနုပညာရှင်အားလုံးကို ကျေးဇူး တင်ကြောင်း ပြောပြီး စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖြစ်သည့်အချိန်ထိ အဖွဲ့ချုပ်က ရှေ့ဆက်သွား လိုပါသည်ဟု ပြောဆိုသည်။
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလတွင် ဒေါ်အောင်ဆန်းစုကြည်က အွန်လိုင်းမှ ပါတီဝင်များ နှင့် စစ်အစိုးရ လက် ထက်က NLD ပါတီ ရုန်းကန်ခဲ့ရသည့် အခြေအနေများကို ဆွေးနွေးခဲ့ပြီး ယခုအခါ အနုပညာရှင်များနှင့် ဆွေးနွေးသည့် စကားဝိုင်းမှာ ၁၄ ကြိမ်မြောက်ပြုလုပ်သည့် စကားဝိုင်း ဖြစ်သည်။