ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သည့် အင်္ဂလန်ကျားဖောင် ငါးဖမ်းလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေကြသည့် ကျားဖောင်လုပ်သား ၈၀၀၀ ကျော်မှာ မကြာမီ ကျင်းပတော့မည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးခွင့်များ ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနတွင် တရားဝင်မှတ်ပုံတင်ထားသည့် ကျားဖောင် လုပ်သား ၈၈၅၁ ဦးရှိပြီး ၎င်းးတို့အားလုံးမှာ ကျားဖောင်များ၏ငါးလမ်းရာသီ စတင်ချိန်ဖြစ်သော စက်တင်ဘာလကပင် ဖျာပုံမြို့နယ်အနီးရှိ မြန်မာ့ပင်လယ်အတွင်းမှ ကျားဖောင်များ၌ အလုပ်လုပ်နေကြပြီ ဖြစ်သည်။
အဆိုပါ ကျားဖောင်လုပ်သားများအနေဖြင့် မဲစာရင်းတွင် အမည်ပါမပါ မစိစစ်နိုင်ခြင်း၊ ကြိုတင်မဲ ပေးချိန်မတိုင်မီကပင် ပင်လယ်အတွင်းထွက်ခွာ၍ အလုပ်လုပ်နေကြခြင်းနှင့် ရွေးကောက်ပွဲနေ့တွင် ကျားဖောင်များ ကမ်းပြန်ကပ်ရန် အစီအစဉ်မရှိခြင်းတို့ကြောင့် ကျားဖောင်လုပ်သား ၈၈၅၁ ဦးမှာ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးခွင့် ဆုံးရှုံးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ဖျာပုံမြို့နယ်၊ အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသိမ်းဆွေက “ကျနော်တို့ဆီက ကျားဖောင်လုပ်သားအများစုက ဒေသခံတွေပါသလို နယ်ဝေးကလူတွေလည်း ပါတယ်။ မဲစာရင်းထဲမှာ ပါရင်တော့ သတ်မှတ်ထားတဲ့ရက်မှာ လာရောက်ပြီးတော့ မဲပေးပိုင်ခွင့် ရှိတယ်။ မဲပေးတဲ့ရက်မှာ ပင်လယ်ထဲရောက်နေရင်တော့ သူ့မဲပေးပိုင်ခွင့်က ဆုံးရှုံးမှာပေါ့။ လုပ်ငန်းသဘော သဘာဝကိုက သူတို့မဲပေးဖို့ အဆင်မပြေ ဖြစ်နေတာ”ဟု ဧရာဝတီကို ပြောသည်။
ဖျာပုံဒေသရှိ ကျားဖောင်လုပ်ငန်းများသို့ နယ်ခံရေလုပ်သားများအပြင် ဧရာဝတီတိုင်းဒေသ အသီးသီးနှင့် မြန်မာပြည် အနှံ့အပြားမှ ရွှေ့ပြောင်း လုပ်သားများ အရေအတွက် ထောင်ချီ၍ နှစ်စဉ် လာရောက် လုပ်ကိုင်ကြသည်။
ဧရာဝတီတိုင်း၊ ငါးလုပ်ငန်းဦးစီးဌာနစာရင်းအရ ၂၀၂၀ – ၂၁ ငါးဖမ်း ရာသီတွင် ကျားဖောင်လုပ်ငန်း လိုင်စင် ၂၀၂ ခုကို လုပ်ကိုင်ခွင့်ပြုထားသည်။ လုပ်ငန်းလိုင်စင် ၁ ခုလျှင် ကျားဖောင်များဆွဲသည့် စက်လှေတစီးနှင့် ကျားဖောင် ၁၀ ဖောင်ပါဝင်သည်။
ထို့ကြောင့် ယခုနှစ်ငါးဖမ်းရာသီတွင် ကျားဖောင်ပေါင်း ၂၀၂၀ ဖောင် ပင်လယ်အတွင်း ငါးဖမ်း လုပ်ကိုင်နေကြပြီး အဆိုပါကျားဖောင်များ၌ ဖောင်ဦးစီးနှင့်ဖောင်လုပ်သား ၈၈၅၁ ဦး အလုပ် လုပ်ကိုင်လျှက်ရှိကြောင်း သိရသည်။
ဖျာပုံဒေသမှ ကျားဖောင်များမှာ စက်တင်ဘာလတွင် ပင်လယ်ပြင်သို့ ထွက်ခွာ၍ ငါးဖမ်းကြပြီး ဧပြီလ ငါးဖမ်းရာသီကုန်ဆုံးချိန်တွင် ကမ်းသို့ ပြန်ကပ်ကြသည်။ ထို့ကြောင့် ရွေးကောက်ပွဲ မဲစာရင်း ကြေညာချိန်၊ ကြိုတင်မဲပေးချိန်နှင့် ရွေးကောက်ပွဲနေ့များ၌ ကျားဖောင်လုပ်သားများမှာ ပင်လယ် အတွင်း ရောက်ရှိနေသဖြင့် ဧရာဝတီတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် ကျားဖောင် လုပ်သားများ မဲပေးနိုင်ရေးစီစဉ်ဆောင်ရွက်ရန် အခက်အခဲများစွာ ရှိနေသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မြင့်က “ကျားဖောင် လုပ်သားတွေ မဲပေးဖို့နဲ့ပတ်သတ်လို့က ကျွန်တော်တို့ကို သီးခြားညွှန်ကြားထားတာ မရှိပါဘူး။ ကျနော်တို့ တိုင်းကော်မရှင်ကို ဒီကိစ္စတွေ တင်ပြလာခဲ့ရင် ကျနော်တို့က ပြည်ထောင်စု ကော်မရှင်ကို ဆက်လက်တင်ပြပေးသွားမှာပါ”ဟု ပြောသည်။
ရွေးကောက်ပွဲကျင်းပသည့် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျားဖောင်လုပ်သားများ မဲပေးရန်အတွက် ၎င်းးတို့အား ကမ်းပေါ်သို့ ပြန်တင်ပေးရန် အခက်အခဲများစွာရှိနေကြောင်း ဖျာပုံမြို့နယ်မှ ကျားဖောင်လုပ်ငန်းရှင်များက ပြောသည်။
ဖျာပုံမြို့နယ်၊ နောက်မီးကျေးရွာမှ ကျားဖောင်လုပ်ငန်းရှင်တဦးက “ကျနော်တို့က ကျားဖောင် လုပ်သားတွေ ပင်လယ်ထဲမဆင်းမီ ကုန်းပေါ်ကတည်းက သူတို့ရဲ့လုပ်ခလစာ ၅ လစာကို ကြိုထုတ်ပေးထားတာပါ။ ဒီလိုကြိုထုတ်ပေးမှလည်း ဖောင်လုပ်သားမိသားစုဝင်တွေ ကုန်းပေါ်မှာ စားရေးသောက်ရေး အဆင်ပြေကြတာပါ။ အဲတော့ မဲပေးဖို့ ကမ်းပေါ်ပြန်တင်ပေးတဲ့အချိန် ထွက်ပြေးခဲ့ရင် ကျနော်တို့ လုပ်ငန်းလည်ပတ်ရေးအတွက် အခက်အခဲတွေ အများကြီးဖြစ်ကုန် မှာပါ။ အဲဒါကြောင့် မဲပေးဖို့ သူတို့ကို ကမ်းပေါ်ပြန်တင်ပေးဖို့ဆိုတာက အဆင်မပြေပါဘူး” ဟု ပြောသည်။
မြန်မာနိုင်ငံအတွင်း စားသုံးနေသည့် ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက်များ အဓိကထုတ်လုပ်ရာ အင်္ဂလန်ကျားဖောင်လုပ်ငန်းများမှာ ဖျာပုံဒေသ၏ မိရိုးဖလား ငါးဖမ်းလုပ်ငန်းဖြစ်ပြီး နောက်မီး၊ ခါးပြတ်၊ ဘုန်းကြီးသောင်၊ ကုလားထိပ်၊ ဓမင်းဆိပ်၊ ချောင်းဝစသည့်ကျေးရွာများအပါအဝင် ရွာပေါင်း ၁၂ ရွာတွင် အဓိကလုပ်ကိုင်ကြသည်။
You may also like these stories:
နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကျားဖောင်လုပ်ငန်း ပြောင်းလဲလာမလား
ပြဿနာတွေ အမြစ်တွယ်နေတဲ့ ကျားဖောင်လုပ်ငန်း ဘယ်လိုပြုပြင် ပြောင်းလဲမလဲ