မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ အစင်စံပြကျေးရွာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) တံဆိပ်တုံးနှင့် ပုံစံဆင်တူသည့် တံဆိပ်တုံး အတု ယူဆောင်လာသူကို ဖမ်းမိထားကြောင်း အစင်စံပြကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။
အစင်ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးကျော်စွာ က “သူက ပုံစံ (၈) နဲ့ ပြည်ခိုင်ဖြိုးမဲရုံကိုယ်စားလှယ်လို့ သိရပါတယ်။ ဒေါ်နုနုဝင်းလို့ ခေါ်ပါတယ်။ မဲရုံအဝ မှာ တံဆိပ်တုံးအတုနဲ့ တကွ စစ်ဆေးတွေ့ရှိတာပါ။ အခုတော့ အရေးယူဖို့ ရေးမြို့မရဲစခန်းကို ခေါ်သွားပါပြီ” ဟု ပြောသည်။
ဖြစ်စဉ်မှာ နံနက် ၈ နာရီခွဲဝန်းကျင်တွင် အစင်စံပြကျေးရွာ ဓမင်းကုန်းအရပ်ရှိ မဲရုံ အမှတ် (၆) တွင်ဖြစ်ပွားခြင်းဖြစ်ပြီး ကျူးလွန်သူကို ဥပဒေနှင့် အညီ အရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရေးမြို့မရဲစခန်းမှ တာဝန်ကျအရာရှိတဦးက ပြောသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးကမူ အဖမ်းခံရသည့် အမျိုးသမီးသည် ပြည်ခိုင်ဖြိုးပါတီဝင် မဟုတ်ဘဲ မဲလာပေးသူ တဦးသာ ဖြစ်သာကြောင်း ပြောသည်။
၎င်းက “တံဆိပ်တုံး အတုထည့်ထားတဲ့ အိတ်ကို အဲဒီ အမျိုးသမီးထိုင်နေတဲ့ ဘေးမှာ ထားသွားတာ။ ဘယ်သူ ထားသွားမှန်းမသိဘူး။ ဒါက လုပ်ကြံခံရတာ။ အဲဒါ သူလုပ်တာမဟုတ်တဲ့အကြောင်းကို တို့ပါတီကလည်း အခုရဲစခန်းသွားပြီး ဝိုင်းဝန်းဆောင်ရွက်ပေးနေတယ်။ ဖြစ်စဉ်အမှန်ကို Facebook ကနေ Live လွှင့်ပြီး ရှင်းလင်းသွားမှာပါ” ဟု ပြောဆိုသည်။
You may also like these stories:
ပြည်သူ့ဆန္ဒနဲ့ ထွက်ပေါ်လာတဲ့ရလဒ်ကိုတော့ လက်ခံရမှာ
ချမ်းအေးသာစံမြို့နယ်တွင် ရှမ်းတိုင်းရင်းသားရေးရာအတွက် မဲပေးခွင့် မရသူများရှိနေ
ရွေးကောက်ပွဲများတွင် ကာကွယ်ရေး ဦးစီးချုပ်များ၏ ပြောဆိုချက်များအား ပြန်လည်ဖတ်ရှုခြင်း