Election 2020

ဟင်္သာတတွင် မဲစာရင်းစာရွက်အတုဖြင့် လာရောက်မဲပေးမှုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ တာကလေးမြို့သစ်ရပ်ကွက်၊ မဲရုံအမှတ် ၄ တွင် ယနေ့ နေ့လည်ပိုင်းက အမျိုးသားတစ်ဦးမှာ မဲစာရင်းစာရွက်အတု ယူဆောင်လာပြီး မဲပေးမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မဲစာရင်းစာရွက်အတု ကိုင်ဆောင်ပြီး မဲလာပေးသူမှာ တာကလေးမြို့သစ်ရပ်ကွက်မှာ နေထိုင်သူ ကိုအောင်ဆန်းမင်းဆိုသူဖြစ်ပြီး မဲပေးခွင့်စလစ်ပြားမပါဘဲ အထက်မှ ထုတ်ပေးသည့်မဲစာရင်းတွင်
၎င်းအမည်ပါဝင်သည်ဟုဆိုကာ မဲစာရင်းစာရွက်ပြသ၍ မဲပေးခဲ့ခြင်းဖြစ်ကြောင်း တာကလေးမြို့သစ် မဲရုံအမှတ် ၄ မှ တာဝန်ရှိသူများထံက သိရသည်။

ဟင်္သာတမြို့၊ တာကလေးမြို့သစ်ရပ်ကွက် ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးတင်ဝင်းက “သူက ရွေးကောက်ပွဲကော်မရှင်က ထုတ်ပေးထားတဲ့ စလစ်ပြားမပါဘဲ အထက်ကထုတ်ပေးလိုက်တယ်ဆိုတဲ့ မဲရင်းစာရွက်နဲ့ လာပြီးမဲပေးတာပါ”ဟု ပြောသည်။

ထိုသို့ မူမမှန်သည့်အနေအထားဖြင့် မဲပေးမှုအပေါ် လွှတ်တော်ကိုယ်စားလှယ်လောင်း၏ မဲရုံကိုယ်စားလှယ် တချို့က ကန့်ကွက်မှုများရှိခဲ့သည့်အတွက် တာကလေးမြို့သစ်ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲက ကိုအောင်ဆန်းမင်းအား စစ်ဆေးခဲ့ရာ ၎င်းမဲစာရင်းစာရွက်မှ ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည့် မဲစာရင်းမဟုတ်ဘဲ နိုင်ငံရေးပါတီတစ်ခုက ထုတ်ပေးထားသည့် မဲစာရင်းဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိ ရသည်ဟု တာကလေးမြို့သစ်ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

လက်ရှိတွင် ကိုအောင်ဆန်းမင်းအား မဲစာရင်းအတုဖြင့် မဲပေးခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ဟင်္သာတမြို့နယ် ရဲတပ်ဖွဲ့က ရဲစခန်းသို့ခေါ်ဆောင်ကာ စစ်ဆေးမှုများဆောင်ရွက်နေကြောင်း သိရသည်။

You may also like these stories:

လူထု လွတ်လပ်စွာမဲပေးခွင့်ကို ပြည်သူစစ်အဖွဲ့များ ခြိမ်းခြောက်နေဟုဆို

နေပြည်တော်တွင် ပါတီကြီး ၂ ခုကြား ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ ဆက်ဖြစ်နေ

Loading