ရန်ကုန်တိုင်း၊ မန္တလေးနှင့် ရှမ်းပြည်နယ် တို့တွင် တိုင်းရင်းသား လူမျိုး မဲဆန္ဒနယ်အတွက် မဲပေးခွင့် မရသူများ ရှိနေကြောင်း သိရသည်။
ရန်ကုန်တိုင်း တွင် ရခိုင်တိုင်းရင်းသား မဲဆန္ဒရှင် ၁၀၀၀ ကျော်သည် မဲစာရင်းတွင် ရခိုင် တိုင်းရင်းသား လူမျိုးအဖြစ် မပါသည့် အတွက် တိုင်းရင်းသား ကိုယ်စားလှယ် ရွေးချယ်ရန် မဲခွင့်ဆုံးရှုံးလျက် ရှိကြောင်း ရခိုင်တိုင်းရင်း သားလူမျိုး ကိုယ်စားလှယ်လောင်း ဒေါ်ထုမေက ဧရာဝတီသို့ ပြောသည်။
၎င်းက “တတိုင်းလုံး နီးပါးမှာ ရခိုင်တွေက လွှတ်တော်သုံးရပ်အတွက်ပဲ မဲပေးခွင့်ပဲ ရခဲ့ကြတယ်။ ရခိုင် တိုင်း ရင်းသား မဲမှာ မပါဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ မဲပေးခွင့် မရှိခဲ့ပါဘူး။ ဒါဟာ ကျမတို့ တိုင်းရင်းသား အခွင့် အရေးတွေ ဆုံးရှုံးတာ တခုပဲ” ဟု ဧရာဝတီသို့ ပြောကြားသည်။
ထို့အတူ မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာဇံမြို့နယ်တွင်လည်း ရှမ်းတိုင်းရင်းသားအချို့ တိုင်းရင်းသား လူမျိုး မဲဆန္ဒနယ်အတွက် မဲပေးခွင့် မရဖြစ်နေသည်။
ချမ်းအေးသာစံမြို့နယ် ဘန်ကောက်ကြီး ရပ်ကွက်နေ စိုင်းသီဟဇော်က “ဒီဘက်မှာ အများကြီးပဲ။ ကျနော်တို့အတွက် တိုင်း ရင်းသား မဲပုံးကို မရှိတာ။ ဒီလိုမျိုး ဖြစ်မယ်ထင်လို့ လွန်ခဲ့တဲ့ ၁၀ ရက်၊ ၁၅ ကပေါ့နော်။ နှစ်ခါသွားပြီးတော့မှ ပြောထား တယ်။ ဒီ နေ့ရောက်တော့ လုံးဝ မပေးရဘူး” ဟု ဧရာဝတီကို ပြောသည်။
ရှမ်းပြည်နယ် တောင်ကြီးနှင့် မူဆယ်မြို့တို့တွင်လည်း ဗမာတိုင်းရင်းသားရေးရာဝန်ကြီး နေရာအတွက် မဲပေးခွင့်မရကြသည့် မဲဆန္ဒရှင်များရှိနေသည်။
တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက် တွင် နေထိုင်သည့် ဒေါ်ဝင်းရီက “မဲရုံထဲရောက်မှ မဲစလစ်ပြားကို ရတယ်။ ဒါပေမဲ့ ဗမာကို ထည့်ရမယ့် နေရာမှာ နံပါတ်မပါတဲ့အတွက် မပေးခဲ့ရဘူး။ ကျွန်မလိုလူတွေ အများကြီးပဲ” ဟု ပြောကြားသည်။
မန္တလေးတိုင်း၊ ရန်ကုန်နှင့် တောင်ကြီးခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့အတွင်းရေးမှူးအချို့က မူ မဲစာရင်းတွင် တိုင်းရင်းသား မဲဆန္ဒရှင် ဖြစ်ကြောင်း ဖော်ပြမထားသဖြင့် မဲပေးခွင့်ဆုံးရှံးရခြင်းဖြစ်ကြောင်း ဧရာဝတီသို့ မှတ်ချက်ပေးပြောကြားသည်။
မန္တလေးတိုင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးကျော်ကျော်စိုးက “မဲစာရင်းထဲ မပါရင်တော့ ပေးခွင့် မရ ဘူး။ မဲစာရင်းထဲ ပါရဲ့သားနဲ့ ပေးခွင့်မရတာတော့ မရှိပါဘူး။ ကျနော်တို့က စကြေညာကတည်းက လွှတ်တော် ၃ ရပ် အတွက် ပုံစံ (၁) နဲ့ ကပ်တယ်။ ရှမ်းတိုင်းရင်းသားတွေက ပုံစံ (၁) (က) နဲ့ကပ်တယ်။ သူက ရှမ်းလူမျိုးဖြစ်ရဲ့သားနဲ့ ပုံစံ (၁) (က) မှာ မပါရင် သူတောင်းလို့ရတယ်။ ရှမ်းဖြစ်ကြောင်း ကျနော်တို့ စိစစ်မှာ အထောက်အထားနဲ့ မှန်ရင် ရှမ်းထဲမှာ ထည့် ပေးမှာ။ မဲစာရင်းမှာ မပါရင်တော့ ပြီးသွားပြီ။ ပေးလို့ မရတော့ဘူး။ ကျနော်တို့ ၃၅ ရက်တောင် ကပ်ခဲ့တာ” ဟု ဧရာဝတီကို ပြောသည်။
ထို့အတူ တောင်ကြီးခရိုင် ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူ ဦးသန်းဇော်ဦးကလည်း “အဲဒီလို Error လေးတွေရှိတယ်ဆိုတာကတော့ ဟုတ်ပါတယ်။ ဒါပေမယ့် တိုင်းရင်းသားတွေအားလုံး တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်လောင်းတွေကို မဲပေးခွင့်မရခဲ့တာတော့ မဟုတ်ပါဘူး။ မဲစာရင်းမှာ ပါတဲ့သူတွေ မဲဆန္ဒရှင် သက်သေခံလက်မှတ်မှာပါတဲ့ သူတွေ မဲပေးခွင့်ရကြပါတယ်” ဟု ပြောဆိုသည်။
You may also like these stories:
ရွေးကောက်ပွဲများတွင် ကာကွယ်ရေး ဦးစီးချုပ်များ၏ ပြောဆိုချက်များအား ပြန်လည်ဖတ်ရှုခြင်း
ချမ်းအေးသာစံမြို့နယ်တွင် ရှမ်းတိုင်းရင်းသားရေးရာအတွက် မဲပေးခွင့် မရသူများရှိနေ
ပြည်သူ့ဆန္ဒနဲ့ ထွက်ပေါ်လာတဲ့ရလဒ်ကိုတော့ လက်ခံရမှာ