ရန်ကုန် အနောက်ပိုင်းခရိုင် ဒဂုံမြို့နယ် မဲရုံ ၁ မှာ မဲရေတွက်ရင်း ပယ်မဲ ကိစ္စ အငြင်းပွားမှု ဖြစ်ပွားခဲ့ပါတယ်။
မဲရုံတာဝန်ကျသူများက မဲရေတွက်ရာမှာ မဲတမဲဟာ ကော်နဲ့ ကပ်နေတာကြောင့် ဖွင့်ဖောက်လိုက်တဲ့ အချိန်မှာ စုတ်ပြဲမှု ဖြစ်ပွားခဲ့ပါတယ်။
အဲဒီလို စုတ်ပြဲသွားတဲ့မဲကို မဲရုံတာဝန်ကျသူတွေက စောင့်ကြည့်သူတွေကို ပြသပြီး ပယ်မဲ မလုပ်ဘဲ အတည်ပြုလိုက်တာ ကြောင့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၁၁ မှ ကိုယ်စား လှယ်လောင်း ဦးကျော်ဇေယျက ထပြီး ကန့်ကွက်မှု ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။
စုတ်ပြဲသွားတဲ့ မဲလက်မှတ်ဟာ အမျိုးသားလွှတ်တော် နေရာအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ကနေ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ဦးဘမျိုးသိန်း ကို မဲပေးထားတာပါ။
အငြင်းပွားမှု ဖြစ်စဉ်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ထံ ဆက်သွယ်ပြီး အဆုံးအဖြတ် ခံယူရာမှာ ပယ်မဲ အဖြစ် မသတ်မှတ်ဘဲ အတည်ပြုပေးလိုက်ပါတယ်။
ပယ်မဲကို အတည်ပြုပေးလိုက်တဲ့အတွက် ဦးကျော်ဇေယျကတော့ UEC အထိ ဆက်လက်ပြီး ကန့်ကွက်လွှာ ပေးပို့မယ်လို့ ပြောဆိုသွားပါတယ်။
ဒဂုံမြို့နယ် မဲဆန္ဒနယ်မှာ NLD၊ PPP၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ(UBP)၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP ) တို့ ဝင်ရောက် ယှဉ်ပြိုင်နေကြတာဖြစ်ပြီးတော့ လက်ရှိအချိန်အထိတော့ NLD ပါတီ မဲအရေအတွက်က အသာစီး ရရှိနေပါတယ်။
ဒဂုံမြို့နယ်မှာတော့ မဲပေးပိုင်ခွင့်ရှိသူ ဦးရေက ၂ သောင်း ၁ ထောင်ကျော် ရှိပါတယ်။
You may also like these stories:
ဒီရွေးကောက်ပွဲဟာ တရားမျှတမှုရှိစွာနဲ့ ပြီးသွားမယ်လို့ မြင်တယ်
သူတို့ နိုင်ငံသားတာဝန်ကျေခဲ့ပြီ
ပြည်နယ်နှင့် တိုင်းအချို့တွင် တိုင်းရင်းသား ဆန္ဒမဲပေးခွင့် ဆုံးရှုံး