Election 2020

စစ်တွေတွင် မဲပေးခဲ့သည့် မွတ်ဆလင်များ ရခိုင်၌ ငြိမ်းချမ်းစွာနေထိုင်ရေးကို မျှော်လင့်ကြ

ယနေ့ပြုလုပ်နေသည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွင်း ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တွင် ဆန္ဒမဲပေး ခဲ့ကြသည့် မွတ်ဆလင်များက ရခိုင်ပြည်နယ်အတွင်း ၎င်းတို့ ငြိမ်းချမ်းစွာနေထိုင်ခွင့်ရရှိရေးကို မျှော်လင့်ကြကြောင်း ဆိုသည်။

စစ်တွေမြို့နယ် သဲချောင်းကျေးရွာမှ ဦးထွန်းနိုင်က “ ကျနော်တို့က နိုင်ငံသားတယောက်ဖြစ်တဲ့ အတွက် ဒီနေ့မှာ မဲလာပေးတာဖြစ်တယ်။ မဲပေးတဲ့ အခါမှာလည်း အခက်အခဲဘာမှ မရှိခဲ့ပါဘူ။ မဲပေးပြီးဆိုတော့ ဘယ်အစိုးရပဲ တက်တက် ကျွန်တော်ဘဝတွေ ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်ဖို့ မျှော်လင့်ပါတယ် ” ဟုပြောသည်။

စစ်တွေမြို့နှင့် ကျေးရွာအုပ်စု မဲရုံအချို့တွင် ယနေ့ နိုဝင်ဘာ ၈ ရက်နေ့က ရွေးကောက်ပွဲအတွင်း ဆန္ဒမဲပေးပိုင်ခွင့် ရှိသည့် သဲချောင်းမဲရုံတွင်လည်း မွတ်စလင် မဲဆန္ဒရှင် ၃၀၀ ကျော်တို့က လာရောက်မဲပေးခဲ့ကြသည်။

အလားတူ ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အတွင်းမှ မွတ်စလင်များအား နိုင်ငံသား အခွင့်အရေးများနှင့် ၎င်းတို့၏ လိုအပ်ချက်များကို လုပ်ပေးလိမ့်မည်ဟု မျှော်လင့်သည့်အတွက် မဲလာပေးရခြင်း ဖြစ်ကြောင်း မွတ်စလင် ဒုက္ခသည်များက ပြောဆိုနေကြသည်။

စစ်တွေမြို့နယ် ဘော်ဒူဖဒုက္ခသည်စခန်း ခေါင်းဒုက္ကာကျေးရွာအုပ်စု မဲရုံအမှတ် ၁ တွင် ဆန္ဒမဲလာပေးသည့် ဒေါ်ခင်သီတာက “ ဘယ်သူပဲတက်တက် အခုအစိုးဟာ ကျမတို့အပေါ်မှာ ကောင်းဖို့ထင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အရင်က ကျမတို့တော်တော် ဒုက္ခရောက်ခဲ့ပြီးပြီ။ အခုအချိန်မှာ ကြိုက်တဲ့သူကို မဲပေးလိုက်တာ။ ကျမတို့ အားကိုးရတဲ့ လူတွေပဲနိုင်ပြီးတော့ အစိုးရဖြစ်စေချင်တယ် ” ဟုဆိုသည်။

ယင်းအပြင် ဆက်လက်ပြီး သူမက “ နိုင်ငံသားကဒ် (မှတ်ပုံတင်) ရချင်တယ်။ ဒါမှ ရန်ကုန်တို့ဘာတို့ ကို လွတ်လပ် စွာသွားလို့ရမှာ။ ဒါကြောင့် လမ်းပန်းဆက်သွယ်ရေး ဖွင့်ပေးစေချင်တယ်။ အခုဆိုရင် ဒုက္ခသည်စခန်းကနေ ပြီးတော့ မြို့ကိုတောင် သွားလို့မရတဲ့အတွက် လမ်းခရီးသွာလာခွင့် လွတ်လပ်စွာရဖို့လည်း မျှော်လင့်တယ် ” ဟု ပြောသည်။

ခေါင်းဒုက္ကာကျေးရွာအုပ်စု မဲရုံအမှတ် ၁ တွင်ကမန်တိုင်းရင်းအပါဝင် မွတ်ဆလင်၊ ဟိန္ဒူ မဲဆန္ဒရှင် ၂၃၅ ဦး ရှိကြောင်းလည်း သိရသည်။

အလားတူ ရခိုင်ပြည်နယ်အတွင်းမှ ဟိန္ဒူဘာသာဝင်များကလည်း သူတို့အား မည့်သည့်ပါတီမှ မဲလာဆွယ်ခြင်းမရှိပဲ မိမိဆန္ဒအလျှောက်မဲထည့်ရန်လာခြင်းဖြစ်သလို တက်လာသည့် အစိုးရသစ်အနေဖြင့် သူတို့အား နိုင်ငံသားစိစစ်ရေး ကဒ်များ ထုတ်ပေးစေချင်ကြောင်းလည်း ပြောဆိုနေကြသည်။

စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်မဲရုံအမှတ် ၁ တွင် ဆန္ဒမဲပေးခဲ့သူ ဦးမောနီကန်တိုက “ ကျွန်တော်တို့ ဟိန္ဒူတွေဟာ မှတ်ပုံတင်တွေ လုပ်ရတဲ့ အခါကျွန်တော်တို့ တော်တော်အခက်အခဲရှိတယ်။ အခုအစိုးရနဲ့လည်း ဘာမှလည်း အဆင် မပြေတာတော့ မရှိဘူး။ ဒါကြောင့် တက်လာမယ့် အစိုးရအနေနဲ့ ကျွန်တော်တို့ ကို မှတ်ပုံတင်ရအောင် လုပ်ပေးစေချင် တယ်။ တက်လာတဲ့ အစိုးရဟာ ကျွန်တော်တို့ကို အကျိုးဖြစ်အောင် လုပ်ပေးစေချင်တယ် ” ဟုဆိုသည်။

စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်က မဲရုံအမှတ် ၁ တွင် မွတ်စလင် ၂၀၀ ကျော်နှင့် ကျောင်းကြီးလမ်း မဲရုံအမှတ် ၂ တွင် ဟိန္ဒူဘာသာဝင် ၆၀၀ ကျော်တို့က ယနေ့တွင် လာရောက်မဲပေးခဲ့ကြခြင်းဖြစ်သည်။

လက်ရှိရွေးကောက်ပွဲအတွင်း စစ်တွေမြို့နယ်တွင် မဲရုံပေါင်း ၁၀၈ ရုံရှိပြီး ဆန္ဒမဲပေးခွင့်ရှိသူ ၁ သိန်းကျော် ၇ ထောင်ကျော်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ထံမှ သိရသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ် ၉ ခုတွင် လုံခြုံရေးအခြေအနေကြောင့် ရွေးကောက်ပွဲမကျင်းခဲ့ပေ။ ယင်းအထဲမှ စစ်တွေမြို့နယ်တွင်လည်း ကျေးရွာအုပ်စု ၄ ခုက ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိပါ။

You may also like these stories:

မိုင်းဆတ်နဲ့ မိုင်းတုံမြို့တို့တွင် အသက် ၁၈ နှစ်မပြည့်သေးသူများကို မဲပေးခိုင်းမှု ဖြစ်ပွား

ဒဂုံမဲဆန္ဒနယ်တွင် ပယ်မဲကိစ္စ အငြင်းပွားမှုဖြစ်

ဒီရွေးကောက်ပွဲဟာ တရားမျှတမှုရှိစွာနဲ့ ပြီးသွားမယ်လို့ မြင်တယ်

Loading