Election 2020

နေပြည်တော်တွင် ဇေယျာသီရိမြို့နယ်မှ လွဲ၍ ကျန်နေရာ အားလုံးတွင် NLD အနိုင်ရ

Want create site? Find Free WordPress Themes and plugins.

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး တည်ရှိသည့် နေပြည်တော် ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် နေရာမှ လွဲ၍ ကျန်နေရာ အားလုံးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD)က အနိုင်ရရှိထားပြီ ဖြစ်ကြောင်း သိရသည်။

ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးသန်းဌေးကိုယ်တိုင် ကိုယ်တိုင် ဝင်ပြိုင်သည့် ဇေယျာသီရိ မြို့နယ်သည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး အပါအဝင် တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့ အများစု အခြေစိုက် ထားသည့် မဲဆန္ဒနယ်တခု ဖြစ်ပြီး ၂၀၁၀ ရွေး ကောက်ပွဲနှင့် ၂၀၁၅ ရွေးကောက်ပွဲတို့တွင် ကြံ့ခိုင်ရေးပါတီကသာ အနိုင်ရခဲ့သည့် မဲဆန္ဒနယ်တခု ဖြစ်သည်။

ဇေယျာသီရိမြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ ၈ သောင်းခန့် ရှိရာ အပြီးသတ် မဲရလဒ်များအရ ဦးသန်းဌေးက ၃ သောင်း ၆ ထောင်နီးပါး ရရှိခဲ့ပြီး NLD ဘက်မှ အငြိမ်းစား အစိုးရ အရာရှိတဦး ဖြစ်သူ ဒေါက်တာ မိုးဆွေက မဲ ၃ သောင်း ဝန်းကျင်သာ ရရှိသည်ဟု ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများထံမှ သိရသည်။

နေပြည်တော်တွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၈ ခု၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ် ၂ ခု စုစုပေါင်း ၁၀ ခုရှိရာ ဇေ ယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်မှ လွဲ၍ ကျန်နေရာ အားလုံးတွင် NLD ပါတီက အနိုင်ရရှိမည့် အခြေအနေတွင် ရှိသည်။

ကြံ့ခိုင်ရေးပါတီ၏ နေပြည်တော် ပြည်ထောင်စု နယ်မြေ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေက“အကြမ်းဖျဉ်း သိရသ လောက်တော့ ဇေယျာသီရိတခုပဲ ကျမတို့ နိုင်မယ့် အနေအထားမှာ ရှိပါတယ်။ နေ့လည်ပိုင်းလောက် ဆိုရင်တော့ တိကျတဲ့ အဖြေထွက်လာမှာပါ”ဟု ပြောသည်။

NLD ပါတီ နေပြည်တော် ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ ဝင် ဦးမင်းသူက“နေပြည်တော်မှာ ဇေယျာသီရိက လွဲရင် ကျန် တဲ့နေရာတွေ အကုန်လုံး နိုင်ထားတယ်။ နိုင်တာမှ ပြတ်ပြတ်သားသားကို နိုင်ထားတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ဒက္ခိဏသီရိမဲဆန္ဒနယ်တွင် မဲရုံ ၂၀ ရှိရာ NLD ပါတီက မဲရုံတခုတွင်သာ ရှုံးနိမ့်ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲထက် မဲပိုရ သည်ဟု ပြောနိုင်ကြောင်း ဦးမင်းသူက ပြောသည်။

ဒက္ခိဏသီရိမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီမှ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်လှိုင်နှင့် NLD ပါတီမှ လက်ရှိ ပြည်သူ့ လွှတ် တော် ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းတို့ ပြိုင်ဆိုင်ခဲ့ခြင်း ဖြစ်ပြီး ယင်းမဲဆန္ဒနယ်တွင် မဲပေးပိုင်ခွင့်ရှိသူ ၃ သောင်း ဝန်းကျင် ရှိသည်။

ဒက္ခိဏသီရိမြို့ နယ်တွင် NLD ပါတီက မဲအရည်အတွက် ၁ သောင်း ၄ ထောင်ကျော် ရရှိခဲ့ပြီး ကြံ့ခိုင်ရေးပါတီက မဲ ၉ ထောင် နီးပါး ရရှိခဲ့သည်ဟု သိရသည်။

ကြံ့ခိုင်ရေးပါတီက နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင် ယှဉ်ပြိုင်သည့် ဇမ္ဗူသီရိ မဲဆန္ဒနယ်တွင် စာရင်း မချုပ် နိုင်သေးသော်လည်း မဲရုံအားလုံး၏ ၇၅ ရာခိုင်နှုန်းတွင် NLD ပါတီက အနိုင်ရရှိထားကြောင်း သိရသည်။

“ပုဗ္ဗသီရိမှာလည်း ပြတ်ပြတ်သားသား နိုင်တယ်။ မဲ ၁ သောင်းကျော် ပြတ်တယ်။ ပုဗ္ဗသီရိတို့ ပျဉ်းမနားတို့ လယ်ဝေးတို့ တပ်ကုန်းတို့ကတော့ တော်တော်ကို ပြတ်တယ်။ ပျဉ်းမနားဆိုရင် မဲပေးမယ့်သူ ၁ သိန်းကျော်မှာ ၅ သောင်းကျော် ရသွားပြီ။ ပြတ်ပြတ်သားသား နိုင်တာကို ပြောချင်တာ။ တပ်ကုန်းကလည်း နောက်ဆုံး သိရချိန်မှာ ၃ သောင်းကျော်တောင် ပြတ်သားတယ်”ဟု NLD ပါတီမှ ဦးမင်းသူက ပြောသည်။

NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရည်မွန်၏ လူမှုကွန်ရက်တွင် ဖော်ပြချက်အရ ၎င်းအနေဖြင့် စုစုပေါင်း မဲအရည်အတွက် ၄၃၁၀၁ မဲ ရရှိခဲ့ပြီး ၁၀၁၅၉ မဲ အသာ ရရှိခဲ့သည်ဟု သိရပြီး ကော်မရှင်ထံတွင် မဲရလဒ် အတည်ပြုသည့် ပုံစံ ၁၉ ပင် လက်မှတ်ထိုးပြီး ဖြစ်ကြောင်း ဆိုသည်။

နေပြည်တော်တွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၈ နေရာနှင့် အမျိုးသား လွှတ်တော်တွင် မဲဆန္ဒနယ် ၂ နေရာတွင် နိုင်ငံရေးပါတီပေါင်း ၁၁ ပါတီ၊ တသီးပုဂ္ဂလ ကိုယ်စားလှယ် ၈ ဦး စုစုပေါင်း ၆၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

နေပြည်တော်တွင် ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ တပ်ကုန်း မြို့နယ်၊ ပျဉ်းမနားမြို့နယ်နှင့် လယ်ဝေးမြို့နယ်တို့ တည်ရှိသည်။

နေပြည်တော်တွင် မဲရုံပေါင်း ၇၀၀ နီးပါးတွင် မဲပေးပိုင်ခွင့်ရှိသူ ပြည်သူ ၉ သိန်းကျော် ရှိရာ မဲရုံမှူး အပါအဝင် အဖွဲ့ ဝင် ၉၀၀၀ ခန့်ဖြင့် ရွေးကောက်ပွဲ ပြီးမြောက်အောင် တာဝန်ယူ ဆောင်ရွက်နိုင်ခဲ့သည်။

You may also like these stories:

စစ်တွေတွင် မဲပေးခဲ့သည့် မွတ်ဆလင်များ ရခိုင်၌ ငြိမ်းချမ်းစွာနေထိုင်ရေးကို မျှော်လင့်ကြ

မိုင်းဆတ်နဲ့ မိုင်းတုံမြို့တို့တွင် အသက် ၁၈ နှစ်မပြည့်သေးသူများကို မဲပေးခိုင်းမှု ဖြစ်ပွား

ဒဂုံမဲဆန္ဒနယ်တွင် ပယ်မဲကိစ္စ အငြင်းပွားမှုဖြစ်

Did you find apk for android? You can find new Free Android Games and apps.
Loading