ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတခရိုင် အင်္ဂပူမြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒ နယ်တွင် လက်ရှိ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က NLD ပါတီ ကိုယ် စားပြု၍ ဝင်ရောက် ယှဉ်ပြိုင်ပြီး၊ ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်က ကြံ့ခိုင်ရေး ပါတီ ကိုယ်စားပြု၍ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။
ယမန်နေ့က ကျင်းပသည့် ရွေးကောက်ပွဲနေ့တွင် အင်္ဂပူမြို့နယ်မှ မဲဆန္ဒရှင်များ၏ မဲပေးရွေးချယ်မှု အရ ဧရာဝတီတိုင်း လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ခိုင်လုံမဲ ၁ သောင်း ၅ ထောင်ခန့် အကွာဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်း NLD ပါတီ အောင်နိုင်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်နီနီမိုးက “အင်္ဂပူ မဲဆန္ဒနယ်မှာ လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင် အနိုင် ရရှိပါတယ်။ ကျမတို့ဆီ ရောက်ရှိလာတဲ့ မဲစာရင်းအရ မဲ၁ သောင်း ၅ ထောင် အသာရပြီး အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသည်။
အင်္ဂပူမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်တွင် ဦးသိန်းအောင်က၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရပြီး ဧရာ ဝတီတိုင်း ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက်၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီမှ ဦးအောင်ကျော်ခိုင်ကို ရှုံးနိမ့်ခဲ့သည်။
လက်ရှိ ၂၀၂၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီမှ ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်က ဒုတိယ အကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း NLD ပါတီ အမတ်လောင်း ဦးအောင်ကျော်ခိုင်ကို ထပ်မံ ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။
You may also like these stories:
မြစ်ကြီးနားမှာ ကချင်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် မဲအသာရနေ
နေပြည်တော်တွင် ဇေယျာသီရိမြို့နယ်မှ လွဲ၍ ကျန်နေရာ အားလုံးတွင် NLD အနိုင်ရ
KSPP ဥက္ကဌ ဒေါက်တာမနာမ်တူးဂျာ၊ အင်ဂျန်းယန်မှာ မဲအများဆုံး ရရှိထား