စစ်ကိုင်းတိုင်း ဒေသကြီးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က တိုင်းလုံးကျွတ် အနိုင်ရရှိခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စစ်ကိုင်းတိုင်း ဒေသကြီး ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီထံက သိရသည်။
စစ်ကိုင်းတိုင်း ဒေသကြီးတွင် ကလေးဝမြို့နယ် မဲဆန္ဒနယ် (၁) မှအပ စစ်ကိုင်းတိုင်းဒေသကြီးရှိ ၃၇ မြို့နယ်လုံးတွင် အနိုင်ရရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အောင်နိုင်ရေး ကော်မတီ အဖွဲ့ခေါင်းဆောင် ဒေါ်ခင်စန်းလှိုင်က ဧရာဝတီသို့ ပြောသည်။
၎င်းက “ကျမတို့ သိရသလောက်က စစ်ကိုင်းတိုင်းက ၃၇ မြို့နယ် စလုံး အနိုင်ရရှိတယ်လို့ ကနဦး သတင်းအရ သိထားပါတယ်။ စစ်ကိုင်းတိုင်းရဲ့ ကလေးဝ မြို့နယ်က တိုင်းဒေသကြီး ကိုယ်စားလှယ် တယောက်ကတော့ မဲရှုံးတယ်လို့ ကျမတို့ သိတယ်။ ကျန်တာတွေ အကုန်လုံးကတော့ တတိုင်းလုံး အနိုင်ရတယ်လို့ ကနဦး သိရပါတယ်” ဟု ဆိုသည်။
ပြိုင်ဆိုင်မှု ပြင်းထန်မည် ဟု ယူဆထားသည့် နာဂ အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ မြို့နယ်များ၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲက လက်လွတ် ဆုံးရှုံးခဲ့သော နေရာအချို့နှင့် တိုင်းရင်းသားရေးရာ လွှတ်တော်ကိုယ်စားလှယ် နေရာ ၂ နေရာတို့တွင်ပါ အနိုင်ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိ အခြေအနေတွင် ရှမ်းတိုင်းရင်းသားရေးရာ လွှတ်တော် ကိုယ်စားလှယ် နေရာတွင် ရှမ်းနီ(တိုင်းလျန်) သွေးစည်း ညီညွတ်ရေး ပါတီမှ ဦးစိုင်းလှိုင်ငြိမ်းကို မဲတသောင်းကျော် အသာဖြင့် ရှိနေကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဝင် ရောက် ယှဉ်ပြိုင်သည့် ဦးကျော်ဌေးလွင်က ပြောသည်။
ဦးကျော်ဌေးလွင်က “ဒီလို ဖြစ်တာကလည်း ကျနော်တို့ရဲ့ခေါင်းဆောင် အမေစုရဲ့ မျက်နှာကြောင့်ပေါ့လေ။ နောက်ပြည်သူ တွေ၊ ပါတီဝင်တွေရဲ့ဝန်းရံမှုကြောင့် ပြည်သူတွေရဲ့ ဝန်းရံမှုကြောင့် သူတို့ရဲ့ အကြွေးတင်ထားတာကလေ။ ဒါကြောင့် ကျနော့် အနေနဲ့ သူတို့ရဲ့အကြွေးကို ကျေအောင် ဆပ်ဖို့က ကျနော့်ရဲ့ တာဝန် တခုဆိုပြီးတော့ မှတ်ယူထားပါတယ်” ဟု ပြောသည်။
စစ်ကိုင်းတိုင်း ဒေသကြီးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD)၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) တို့အပြင် ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ နာဂအမျိုးသားပါတီ၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုး တိုးတက်ရေး ပါတီ၊ ရှမ်းနီ (တိုင်းလျန်) သွေးစည်း ညီညွတ်ရေးပါတီ၊ ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ စတဲ့ တိုင်းရင်းသား ပါတီ အချို့အပါအဝင် နိုင်ငံရေး ပါတီ ၁၆ ခုနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၃၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး တိုင်းဒေသကြီး လွှတ်တော်တွင် ကိုယ်စားလှယ်လောင်း ၃၄၈ ဦး၊ ပြည်သူ့လွှတ်တော် အတွက် ကိုယ်စားလှယ်လောင်း ၁၆၂ ဦး အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း ၄၉ ဦး ဝင်ရောက်ယှဉ် ပြိုင်ခဲ့သည်။
လူဦးရေ ၅ သန်းခွဲ ဝန်းကျင်ရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးတွင် မဲပေးခွင့်ရှိသူ ၄,၂၂၉,၀၀၀ ကျော် ရှိပြီး မဲရုံစုစုပေါင်း ၄,၁၀၇ ရုံရှိသည်။